ဦးခေါင်းတွင် ပလတ်စတစ်အိတ်စွပ်လျက်

April 6, 2018

ဦးခေါင်းတွင် ပလတ်စတစ်အိတ်စွပ်လျက် သေဆုံးနေသည့် အမျိုးသမီးအလောင်းတွေ့ရှိ

  ထိုင်းအမျိုးသမီးတဦးဟာ ပြီးခဲ့တဲ့ ဧပြီ ၄ ရက်နေ့က ပျောက်ဆုံးသွားပြီးနောက် ကားအတွင်းမှာ ဦးခေါင်းကို ပလတ်စတစ်အိတ်စွပ်လျက်သား အခြေအနေနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့ရပါတယ်။ အသက် ၃၃ နှစ်အရွယ် ဒေါင်ချန် သ၀ီဖန်ရဲ့ အလောင်းကို ထိုင်းအရှေ့မြောက်ပိုင်းခရိုင်၊ လူးအမ်နက်ခရုင်ထဲမှာ ကားနဲ့အတူ ပြန်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ ဟွန်ဒါစီးတီးဆီဒင်ကားဟာ အတွင်းက လော့ခ်ချထားပြီး တူးမြောင်းတခုဘေးမှာ ရှိနေခဲ့တာလို့ ရဲတွေက ပြောပါတယ်။ တခြားရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တဲ့ အမှတ်အသား တစုံတရာမတွေ့ရဘဲ သူ့ရဲ့ ညာ ဘက်မျက်လုံးအောက်မှာတော့ ထိခိုက်ဒဏ်ရာတွေ တွေ့ခဲ့ရတယ်လို့ ရဲတွေက ပြောပါတယ်။ ဒါဟာ သူ့ကို တခြားတနေရာမှာ သတ်ခဲ့ပြီးမှ တူးမြောင်းအနီးမှာ လာထားခဲ့တာ ဖြစ်နိုင်တယ်လို့ ထိုင်းသတင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။ သေဆုံးသူရဲ့ ဖခင်ဖြစ်သူ အသက် ၅၁ နှစ်အရွယ် အနန့်ဆိုဖာလွန်ကတော့ သမီး ဖြစ်သူကို အဲဒီနေ့မနက်ပိုင်းက ဥဘွန်းရက်ခ်ျချာထနီလေဆိပ်ကနေ သွားကြိုခဲ့တယ်လို့ ဆိုပါတယ်။ အပြန်လမ်းတနေရာမှာတော့ သမီးဖြစ်သူဟာ အေတီအမ်စက်တခုမှ ငွေထုတ်ခဲ့ပြီး ဘယ်လောက်ထုတ်ယူခဲ့တယ်ဆိုတာကိုတော့ မသိခဲ့ဘူးလို့ ပြောပါတယ်။ အိမ်ရောက်ပြီး သိပ်မကြာခင်မှာတော့ သူဟာ အပြင်ပြန်ထွက်သွားခဲ့ရာကနေ အိမ် ပြန်မလာတော့ဘဲ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်တော့ မိသားစုဝင်တွေဟာ ဖေ့စ်ဘွတ်ခ်ပေါ်မှတဆင့် သမီးဖြစ်သူ ပျောက်ဆုံးနေကြောင်း အကူအညီတောင်းပို့စ်တင်ခဲ့ရာမှ တယောက်ယောက်က တွေ့ခဲ့ပြီး ရဲတွေကို အကူအညီတောင်းကာ ပြန်ရှာတွေ့ခဲ့တာပါ။ ဒီအမှုအခင်းဟာ အမျိုးသမီးဆီက ငွေကို ခိုးယူသွားတာ၊ ဒါမှမဟုတ် ချေးငွေဆိုင်ရာ ပြဿနာတခုခု ရှိနေနိုင်တယ်လို့ ရဲတွေက ယူဆနေကြပြီး တရားခံကို ဖမ်းဆီးမိဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။
3 years Ago
Up