ဦးခေါင်းကိုသေနတ်ဖြင့် ပစ်သတ်ခံထားရသည့် ဆင်သေ ၁ ကောင် တွေ့ရှိ

May 15, 2018

ဦးခေါင်းကိုသေနတ်ဖြင့် ပစ်သတ်ခံထားရသည့် ဆင်သေ ၁ ကောင် တွေ့ရှိ

  ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ ဆင်သေချောင်းအတွင်းမှာ မေလ ၁၄ ရက် ညနေ ၃ နာရီ ၃၀ မိနစ်လောက်က ခေါင်းကိုသေနတ်နဲ့ ပစ်သတ်ခံထားရတဲ့ တောဆင်ရိုင်းတကောင် တွေ့ရှိခဲ့ပါတယ်။ သေဆုံးနေတဲ့ တောဆင်ရိုင်းဟာ နှာမောင်းဖြတ်ပြီး အရေခွံနွှာခံထားရတဲ့ အသက် ၃၀ အရွယ်လောက်ရှိ စွယ်စုံတောဆင်ရိုင်းအထီးတစ်ကောင် ဖြစ်တယ်လို့ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက ဒုရဲမှူးကြီးခင်မောင်လတ်က “ခေါင်းကိုသေနတ်နဲ့ ပစ်ထားခံရတဲ့ စွယ်စုံဆင်ထီးပါ။ အရေခွံ့တွေနွှာတယ်၊ နှာမောင်းကို ဖြတ်ယူသွားတယ် ဆိုတော့ အစွယ်တွေပါ ပါသွားတယ်။ မနေ့ကတုန်းက တွေ့တာတော့ လက်နက်တွေလည်းမမိပါဘူး သာပေါင်းမြို့မရဲစခန်းမှာ အမှုဖွင့်ထားပါတယ်”လို့ ပြောပါတယ်။ အသတ်ခံထားရတဲ့ တောဆင်ရိုင်းဟာ အမြင့် ၈ ပေ လုံးပါတ် ၁၁ ပေ ၈ လက်မ အလျှား ၁၀ ပေ ၅ လက်မ အရွယ်ရှိပါတယ်။ တောဆင်ရိုင်းအသတ်ခံရမှုကိုတော့ သာပေါင်းမြို့မရဲစခန်းက(ပ)၁၅၂/၂၀၁၈ တောရိုင်း တိရိစ္ဆာန်နှင့် သဘာဝအပင်များကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေပုဒ်မ ၃၇(က)နဲ့ အမှုဖွင့်ထားပြီး ပစ်ခတ်သတ်ဖြတ်သွားသူတွေကို အမြန်ဆုံးဖမ်းဆီးနိုင်အောင် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဧရာဝတီတိုင်းဒေသကြီးက သစ်တောကြိုးဝိုင်းတွေအတွင်းမှာ ၂၀၁၈ ခုနှစ်အတွင်း တောဆင်ရိုင်း လေးကောင် သတ်ဖြတ်ခံရပြီး ဖြစ်တယ်လို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းတွေအရ သိရပါတယ်။ သတင်း - မြမင်းဦး(ပုသိမ်)
3 years Ago

May 14, 2018

ပညာရေးဝန်ထမ်းများကို မိသားစုနှင့်နီးသည့်နေရာရှိကျောင်းတွင်တာဝန်ပေးရန် အဆိုရှုံးနိမ့်   

  ပညာရေးဝန်ထမ်းတွေကို ရာထူးတာဝန်နဲ့ ကိုက်ညီပြီး မိသားစုနဲ့ နီးစပ်တဲ့နေရာတွေက ကျောင်းတွေမှာသာ တာဝန်ပေးဖို့ အဆိုကို  ကိုယ်စားလှယ်အများစုက ကန့်ကွက်လိုက်ပါတယ်။ ဒီကနေ့ မေလ ၁၄ ရက် ပြည်သူ့လွှတ်တော် အစည်းဝေးမှာ ကိုယ်စားလှယ်တဦးက အခြေခံပညာ ကျောင်းတွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ပညာရေးဝန်ထမ်းတွေကို သူတို့ရဲ့ မိသားစုတွေနဲ့ အနီးစပ်ဆုံးက ရာထူးတာဝန်နဲ့ ကိုက်ညီတဲ့ စာသင်ကျောင်းတွေမှာ ဦးစားပေးတာဝန်ပေးဖို့ အစိုးရကို တိုက်တွန်းတဲ့အဆိုကို တင်သွင်းခဲ့ပါတယ်။ အဆိုအပေါ် ထောက်ခံတင်ပြသူတဦးရှိပေမယ့် ကန့်ကွက်သူ ကိုယ်စားလှယ် နှစ်ဦးရှိခဲ့တဲ့အတွက် လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၁၁၈ မဲ၊ ကန့်ကွက်မဲ ၂၂၆ မဲနဲ့ ကြားနေမဲ ၇ မဲ ရရှိခဲ့ပြီး အဆိုကို လွှတ်တော်မှာ လက်ခံဆွေးနွေးဖို့ မရှိဘူးလို့ လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ကြေညာခဲ့ပါတယ်။ ပညာရေးစနစ်အဆင့်မြင့်တင်ဖို့နဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအပေါ် ထိခိုက် နိုင်တဲ့အပြင် သွားလာရေးခက်ခဲတဲ့ဒေသမှာ နေထိုင်သူတွေရဲ့ ပညာသင်ကြားနိုင်ခွင့်ကိုပါ ဆုံးရှုံးလာစေနိုင်တဲ့အတွက် ကိုယ်စားလှယ်အများစုက ကန့်ကွက်ရတာဖြစ်တယ်လို့ ပြည်သူ့ လွှတ်တော် လွှတ်တော်အခွင့်အရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာလှမိုးက ဆိုပါတယ်။ အဆိုရှင်ဖြစ်တဲ့ မင်းဘူးမဲမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်းကတော့ ပညာရေးဝန်ထမ်းတွေရဲ့ လိုအပ်ချက်နဲ့ ခံစားနေရတဲ့အခြေအနေတွေကို ကွင်းစင်းလေ့လာပြီး တင်သွင်းတဲ့ အဆိုအပေါ် ကန့်ကွက်ခဲ့ကြတဲ့ ကိုယ်စားလှယ်တွေရဲ့ တွေးခေါ်မှုအပေါ် နားမလည်နိုင်ဘူးလို့ ပြောပါတယ်။ အဆိုရှုံးနိမ့်သွားတဲ့အတွက် ပညာရေးဝန်ကြီးနဲ့ တိုက်ရိုက်တွေ့ဆုံပြီး ပညာရေး ဝန်ထမ်းတွေရဲ့ လိုအပ်ချက်တွေကို တောင်းဆိုသွားမယ်လို့လည်း အဆိုရှင်က ပြောပါတယ်။ ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ ကြယ်ပွင့်ပြမေးခွန်း ၆ခု မေးမြန်းဖြေဆိုခဲ့ပြီး၊ ပညာရေးနဲ့ ဆိုင်တဲ့ အဆိုတစ်ခု၊ ကလေးသူငယ်နဲ့ဆိုင်တဲ့ ဥပဒေကြမ်းတစ်စောင်တင်ကို တင်သွင်းခဲ့ ပါတယ်။
3 years Ago
Up