ဦးကျောက်ကော်အန်း

April 19, 2019

တခုတည်းသော တပ်မတော်ကို နိုင်ငံရေးအာမခံချက်ရှိမှ စဉ်းစားမည်ဟု UWSP ပြော

ဝပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) အနေနဲ့ တခုတည်းသော တပ်မတော်ကို လက်သင့်ခံပေမယ့် နိုင်ငံရေးအရ အာမခံချက်ရှိလာမှ အဲဒီကိစ္စ စဉ်းစားမယ်လို့ UWSP ဒုဥက္ကဋ္ဌ ဦးကျောက်ကော်အန်းက ပြောပါတယ်။ “ဗိုလ်ချုပ်မှူးကြီး ပြောခဲ့တဲ့စကားဟာ တနိုင်ငံမှာ တပ်မတော်တခုပဲ ရှိရမယ်ဆိုတာ ကျနော်တို့လည်း သဘောပေါက်တယ်၊ နားလည်တယ်၊ ဖြစ်လည်းဖြစ်သင့်တယ်။ ဒါပေမယ့် ကျနော်တို့နိုင်ငံရဲ့ သမိုင်းကြောင်း၊ တိုင်းရင်းသား ပြဿနာတွေကြောင့် တပ်အင်အားနည်းတဲ့ တိုင်းရင်းသားထဲမှာဆိုရင် နိုင်ငံတော်အစိုးရနဲ့ မပြေလည်ရင် တိုက်ခံရပြီ၊ အာမခံချက်မရှိဘူး။ ပြည်သူလူထု အာမခံချက် မရှိတော့ဘူး။ တပ်ကိုတည်ဆောက်တာက ကိုယ့်လူမျိုး ကိုယ့်ပြည်သူကို ကာကွယ်နိုင်ဖို့ တည်ဆောက်ထားတာ အစိုးရကို တိုက်မှာမဟုတ်ဘူး။ ဆွေးနွေးတဲ့ကာလမှာ မပြေလည်တာတွေရှိတယ်၊ ပြေလည်သွားရင် တပ်တည်ဆောက်ဖို့ မလိုလားဘူး။ လက်နက်ကိုင်ဖို့ မလိုလားဘူး။ ဒေသနဲ့ လူထုဖွံ့ဖြိုးရေးလုပ်ရင် ကောင်းတယ်၊ နယ်နိမိတ်နဲ့ တန်းတူရေးတွေ မရသေးတဲ့ ကာလမို့လို့ တပ်တည်ဆောက်ထားတာ၊ နိုင်ငံရေးအရ ပြေလည်သွားရင် ဘယ်လိုလုပ်သင့်လည်း အဲချိန်ကြရင် ပြန်စဉ်းစားမယ်။” UWSA ဝတပ်ဖွဲ့ထိန်းချုပ်ရာ ပန်ဆန်းမြို့မှာ ကျင်းပတဲ့ ဝပြည်နယ်ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့် အခမ်းအနားအပြီး ဧပြီ ၁၈ ရက် ညနေက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) အနေနဲ့ FPNCC မှာ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာကြဖို့ ဖွဲ့စည်းတာဖြစ်ပြီး တပ်ပိုင်းဆိုင်ရာကိစ္စတွေ ဆွေးနွေးဖို့ ဖွဲ့ထားတာ မဟုတ်ဘူးလို့ ပြောပါတယ်။ UWSA ရဲ့ တပ်အင်အားက တိုက်ပွဲကြုံခဲ့ရင် စစ်မှုထမ်းနိုင်ဖို့၊ ပြည်သူအားလုံး စစ်အင်အားတွေ ဖြစ်တယ်လို့လည်း ဦးကျောက်ကော်အန်းက ပြောဆိုခဲ့ပါတယ်။
2 years Ago

May 26, 2017

“အရင်အန်စီအေနဲ့တော့ ကျနော်တို့ လက်မှတ်ထိုးမှာမဟုတ်ဘူး” - ဦးကျောက်ကော်အန်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဝပြည်သွေးစည်းညီညွတ်ရေးပါတီတို့ နေပြည်တော် မြနန်းဘုံသာလမ်းက နိုင်ငံတော်အတိုင်ပင်ခံ နေအိမ်မှာ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့မှု အခြေအနေတွေနဲ့ပတ်သက်လို့ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ ပြင်ပဆက်ဆံရေးမှူးကြီး ဦးကျောက်ကော်အန်းကို မီဒီယာတွေက နေပြည်တော်မှာ တွေ့ဆုံမေးမြန်းထားပါတယ်။ မေး - ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီနေ့တွေ့တာ ဘာတွေဆွေးနွေးခဲ့လဲ။ ဖြေ - ကျနော်တို့ နေပြည်တော်ကို အရောက်လာတဲ့အကြောင်းအရင်း အသေးစိတ်က ကျနော်တို့ မနေ့က ပေးလိုက်ပြီးပြီ။ ကျနော်တို့ကတော့ ဘာမှမဆွေးနွေးပါဘူး။ အဓိက တယောက်နဲ့တယောက် ရင်းနှီးအောင် တွေ့ဆုံတာပါ။ အိမ်သွားတာက မိသားစုလို ရင်းရင်းနှီးနှီး ပိုပြီးတော့ ရင်းနှီးအောင်ဆိုပြီး ကျနော်တို့က အိမ်မှာ သွားပြီးတော့ သွားတွေ့တာ။ မေး - တင်ထားတဲ့စာတန်းပေါ် ဒေါ်အောင်ဆန်းစုကြည်က ဘာများပြောလိုက်လဲ။ ဖြေ - သူကြည့်ဖို့ အချိန်မရှိသေးပါဘူး။ မနက်ကမှ ပေးလိုက်တာ။ သူကြည့်ဖို့ အချိန်မရှိသေးပါဘူး။ မေး - ဒေါ်အောင်ဆန်းစုကြည်က အန်စီအေကို လက်မှတ်ထိုးဖို့အတွက် တိုက်တွန်းပြောဆိုတာများ ရှိပါသလား။ ဖြေ - သူတို့က မျှော်တော့မျှော်လင့်တယ်။ ဒါပေမယ့် ကျနော်တို့က သူပြောတဲ့ အန်စီအေနဲ့ ကျနော်တို့ ပြန်ပြင်ထားတဲ့ဟာနဲ့ မတူဘူးပေါ့နော်။ ဒါပေမယ့် ကျနော်တို့က အရင်အန်စီအေနဲ့တော့ ကျနော်တို့ ထိုးမှာမဟုတ်ဘူး။ ကျနော်တို့ ပြန်ပြင်ဆင်မှပဲ ထိုးမယ်။ မေး - အခုလို ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့နိုင်ဖို့က တရုတ်နိုင်ငံရဲ့ စီစဉ်ပေးမှုကြောင့်လား။ ဖြေ - ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်ကိုသွားတဲ့အချိန်က တရုတ်ပြည်ရဲ့ One Belt One Road ပေါ်လစီပေါ့နော်။ အဲဒါလည်း နည်းနည်းဆွေးနွေးဖြစ်တယ်ပေါ့နော်။ ကြားထဲမှာ သူတို့က သဘောတူညီထားတာလည်း ရှိရင်ရှိမယ်ပေါ့နော်။ အဲဒါကြောင့်မို့လို့ တရုတ်ပြည်က ကျနော်တို့ကို တိုက်တွန်းပြီးတော့ မြန်မာနိုင်ငံရဲ့ ငြိမ်ချမ်းရေးလမ်းစဉ်ရောက်အောင် သူတို့ရဲ့အကျိုး၊ မြန်မာပြည်ရဲ့ အကျိုးပေါ့နော်၊ နှစ်ဘက်အကျိုးလည်း ပါတယ်ပေါ့နော်။ အဲဒါကြောင့်မို့ သူတို့က အားသွန်ခွန်စိုက်နဲ့ ပြောပြီးမှ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ထဲကို ပါဝင်နိုင်အောင်ပေါ့။ မေး - တပ်ဘက်နဲ့ရော အဆင်ပြေရဲ့လား။ ဖြေ - ဒီတပ်ဘက်နဲ့ ကျနော်တို့ UWSA နဲ့က အဆင်ပြေပါတယ်။ ကျနော်ထင်တာကတော့ မတွေ့ဖြစ်တော့ပါဘူး။ ဘာလို့လဲဆိုတော့ ဟို ၃ ဖွဲ့က စစ်တိုက်နေတဲ့ ၃ ဖွဲ့လည်း ကျနော်တို့နဲ့ ခေါ်လာတာကို။ ကျနော်တို့ ၇ ဖွဲ့က တဖွဲ့လုံးပေါ့နော်။ ကျနော်တို့က နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီပေါ့နော်။ သူတို့ ၃ ဖွဲ့လည်းပါတာပေါ့နော်။ မေး - တရုတ်ကလည်း ဖိအားပေးတယ် အန်စီအေထိုးဖို့၊ ဆရာတို့လည်း အန်စီအေပြင်ဖို့ ကြိုးစားနေတယ်။ တဘက်တပ်ကလည်း အန်စီအေကို မပြင်ဘူးလို့ပြောတယ်။ ဒီအချိန်မှာ ငြိမ်းချမ်းရေးအတွက် ဘယ်လိုအခြေအနေတွေ ဖြစ်လာနိုင်မလဲ။ ဖြေ - ဒါက သိပ်မထူးဆန်းပါဘူးနော်။ သူ့ဘက် သူ့ရပ်တည်ချက်နဲ့ ကိုယ့်ရပ်တည်ချက်မတူဘူး။ ဒါညှိယူရမှာပေါ့နော်။ အားလုံးတကယ်ပဲ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ချင်တယ်။ ငြိမ်းချမ်းရေးအတွက် အားလုံးကြိုးပမ်းပြီးတော့ ဆောင်ရွက်မယ်ဆိုရင် တရက်ရက်တော့ ငြိမ်းချမ်းလာမှာပါလို့ ကျနော် အပြည့်အဝ ယုံကြည်ပါတယ်။
4 years Ago
Up