ဦးဟန်ထူး

December 28, 2018

တရားစီရင်ရေးမဏ္ဍိုင် အားကောင်းရန် ဦးဟန်ထူးတို့ကို အရေးယူခြင်းဖြစ်

တရားစီရင်ရေးမဏ္ဍိုင် အားကောင်းစေဖို့အတွက် သရုပ်ဆောင် အောင်ရဲထွေး သေဆုံးတဲ့ အမှုမှာ လာဘ်ယူခဲ့တဲ့ ရန်ကုန်တိုင်း ဥပဒေချုပ်ဟောင်း အပါအ၀င် ဥပဒေအရာရှိတွေကို အရေးယူခဲ့ တာလို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် တရားလိုဖြစ်သူ ဦးမိုးနိုင်က ရုံးတော်မှာ ထွက်ဆိုခဲ့ပါတယ်။ အဂတိလိုက်စားမှုနဲ့ တရားစွဲဆိုခံထားရတဲ့ ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်ရဲ့ ရှေ့နေဖြစ်သူ ဒေါ်ခင်စန်းမြင့်က ကြီးတဲ့အမှုငယ်အောင်၊ ငယ်တဲ့အမှု ပပျောက်အောင် ပြုလုပ်သင့်တယ်လို့ မေးမြန်းခဲ့ရာမှာ တရားလိုဖြစ်သူ ဦးမိုးနိုင်က အခုလိုအရေးယူရတာဟာ တရားစီရင်ရေးမဏ္ဍိုင် အားကောင်းစေဖို့နဲ့ တရားသူကြီးတွေရဲ့ ဆင်ခြင်တုံတရားအားကောင်းဖို့ အရေးယူခဲ့တာလို့ တရားခွင်မှာ ပြန်လည်ပြောဆိုခဲ့ပါတယ်။ ဒီဇင်ဘာ ၂၈ ရက်နေ့က ရန်ကုန်တိုင်း တရားလွတ်တော်ချုပ်ရုံး အမှုစစ်တရားခွင်မှာ ပြောဆိုခဲ့တာပါ။ ဟာသသရုပ်ဆောင် အောင်ရဲထွေး သေဆုံးခဲ့တဲ့အမှုမှာ ရန်ကုန်တိုင်း ဥပဒေချုပ်ဟောင်း ဦးဟန်ထူး အပါအ၀င် တရားသူကြီးတွေ၊ ဥပဒေအရာရှိတွေဟာ ကျူးလွန်သူလို့ ယူဆရတဲ့ ဖခင်ဆီကနေ လာဘ်ငွေတွေနဲ့ တံစိုးလက်ဆောင်တွေ ရယူပြီး ကျူးလွန်သူတွေကို အမှုကနေ လွှတ်ပေးခဲ့တယ်လို့ စစ်ဆေးပေါ်ပေါက်ခဲ့တာကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ တရာစွဲအရေးယူထားပြီး ရုံးထုတ် စစ်ဆေးနေတာလည်း ဖြစ်ပါတယ်။ ဒီအမှုမှာ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဟန်ထူး၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေအရာရှိ ဦးသိန်းဇော်၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ဥပဒေအရာရှိ ဦးကိုကိုလေး၊ ဒုတိယခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်၊ ဒုတိယခရိုင်တရားသူကြီး ဦးအောင်ကြည်နဲ့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ရွှေပေါက္ကံ နယ်မြေစခန်းမှူး (အရင်သုဝဏ္ဏနယ်မြေစခန်းမှူး) ရဲအုပ်ချစ်ကိုကို တို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅၊ ၅၆ တို့နဲ့ အသီးသီး တရာစွဲဆိုထားတာပါ။
3 years Ago

November 23, 2018

တိုင်းဥပဒေချုပ်ဟောင်း ဦးဟန်ထူးပါ ၆ ဦးကို ရုံးထုတ်

ဟာသသရုပ်ဆောင် အောင်ရဲထွေး သေဆုံးမှုနဲ့ပတ်သက်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မနဲ့ တရားစွဲဆိုခံထားရတဲ့ ရန်ကုန်တိုင်းဥပဒေချုပ်ဟောင်း ဦးဟန်ထူးပါ ၆ ဦးကို နိုဝင်ဘာ ၂၃ ရက်က ရန်ကုန်တိုင်း တရားလွှတ်တော်ချုပ်ရုံးမှာ ရုံးထုတ်ပါတယ်။ ကော်မရှင်ရဲ့ စစ်ဆေးချက်အရ သားကြီးရဲ့ ဖခင် ဦးခင်မောင်လေးက အမှုကို ကိုင်တွယ်တဲ့ ဥပဒေအရာရှိတွေနဲ့ တရားသူကြီးတွေကို လာဘ်ငွေပေးပြီးတဲ့နောက်မှာ ပြစ်မှုကျူးလွန်သူတွေကို အဆိုပါ အကြောင်းပြချက်တွေနဲ့ အမှုက လွတ်မြောက်အောင် ပြုလုပ်ခဲ့တာတွေ့ရတယ်လို့ တရားခွင်မှာ တရားလို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးမိုးနိုင်က ထွက်ဆိုသွားပါတယ်။ “သားကြီးပါ ၃ ဦးဟာ ငယ်ရွယ်သူတွေဖြစ်တဲ့အပြင် ပြစ်ချက်ဟောင်းတစုံတရာ မရှိတာနဲ့ အလားတူပြစ်မှုမျိုး ထပ်မံဖြစ်ပွားခြင်း မရှိစေတာကြောင့်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ တရား ဥပဒေအရာရှိတွေက အမှုကနေ လွတ်မြောက်အောင် လုပ်ပေးခဲ့တယ်။” အောင်ရဲထွေး သေဆုံးမှုမှာ ကျူးလွန်သူတွေရဲ့ ဖခင်က အောင်ရဲထွေးရဲ့ မိသားစုဝင်တွေကို ငွေကျပ် သိန်း ၁၅၀၀ ပေးခဲ့သလို ဥပဒေအရာရှိတွေနဲ့ တရားသူကြီးတွေကို လာဘ်ငွေတွေပေးခဲ့လို့ ကျူးလွန်သူတွေဟာ အမှုကနေ ကွင်းလုံးကျွတ်လွတ်မြောက်ခဲ့ပါတယ်။ ဒီလိုလွတ်မြောက်ခဲ့လို့ ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပြီး နိုင်ငံတော်သမ္မတက အမှုကို ပြန်လည် စစ်ဆေးဖို့ ညွှန်ကြားခဲ့လို့ ကော်မရှင်က စုံစမ်းစစ်ဆေးခဲ့ရာမှာ လာဘ်ငွေယူခဲ့ကြောင်း ပေါ်ထွက်လာတာပါ။ အောင်ရဲထွေးအမှု ပြန်ရုပ်သိမ်းပေးဖို့ ရန်ကုန်တိုင်း ဥပဒေချုပ်အပါအဝင် ဥပဒေအရာရှိကြီးတွေက ကျပ်သိန်း၇၂၀နဲ့အရက် ပုလင်းတွေ၊ ပါတိတ်ထမီတွေ လာဘ်ယူခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့တယ်လို  အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ပြောထားပါတယ်။ ပြည့်ဘုန်းအောင်  
3 years Ago
Up