ဦးဝင်းထိန်

A d v e r t i s e m e n t With Us

June 30, 2018

ဖွဲ့စည်းပုံပြင်ရေး အမျိုးသမီးများ ပါဝင်နည်းလမ်းရှာသင့်ဟု ဦးဝင်းထိန် ပြောကြား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် အမျိုးသမီးတွေအနေနဲ့ ဖွဲ့စည်းပုံပြင်ရေး ဘယ်လို ပါဝင်ရမလဲဆိုတာ နည်းလမ်းရှာသင့်တယ်လို့ ဦးဝင်းထိန်က ပြောကြားလိုက်ပါတယ်။ နေပြည်တော်ရှိ MICC 2 မှာ ပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးလုပ်ငန်းကော်မတီများ စုံညီတွေ့ဆုံပွဲ ၂ဝ၁၈ အခမ်းအနားမှာ ပါတီရဲ့ နာယက ဦးဝင်းထိန်က ပြောတာပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နိုင်ငံရေးရည်မှန်းချက်ထဲမှာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ရမယ်ဆိုတဲ့ အချက်ပါပြီးသားဖြစ်တယ်လို့ ဆိုပါတယ်။ “အခုထိလည်း ဒီရည်ရွယ်ကို စွန့်လွတ်ခြင်းမရှိသေးဘူး။ အဲတော့ အဖွဲ့ချုပ်ခေါင်းဆောင်တွေအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဖို့ အစဉ်တစိုက် နှလုံးသွင်းလျက်ရှိတယ်။ နည်းလမ်းတွေ ရှာလျက်ရှိတယ်။ အလားတူပဲ ဒီအမျိုးသမီးထု အနေနဲ့ကလည်း ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်လို့ တတက်တအား ဘယ်လိုပါဝင်ရမလဲဆို တာကို နည်းလမ်းရှာပြီးတော့ ဖော်ထုတ်ဖို့သင့်ပါတယ်။ ဒါအမျိုးသမီးတွေ လုပ်ပါလို့ ဆိုလိုတာမဟုတ်ဘူး။ ဒီကိစ္စကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကိုက ဦးစားပေးပြီး လုပ်နေတယ်” လို့ ဦးဝင်းထိန်က ပြောပါတယ်။ အခုလို ပြောတာဟာ အမျိုးသမီးတွေကို နှိုးဆော်လိုက်တာဖြစ်ပြီး ဖွဲ့စည်းပုံဟာ သံကွန်ခြာကြီးတခုလို အုပ်ထားတယ်လို့လည်း ဆိုပါတယ်။ “ဒီအမျိုးသမီးတွေကို သူတို့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို နှိုးဆော်တာ။ အဖွဲ့ချုပ်ကလည်း အစကတည်းက အခုထိ ရည်မှန်းချက် မပျောက်သေးဘူးဆိုတဲ့ဟာကို ထောက်ပြချင်လို့။ အဲတော့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ အစိုးရအဖွဲ့ရော၊ နိုင်ငံရော တိုးတက်ဖို့ရာမှာ အုပ်ထားတဲ့ သံကွန်ခြာကြီးလိုပဲ” လို့ ပြောပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအမျိုးသမီးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒေါ်မေဝင်းမြင့်က  “ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက်ကို ဒေါ်စုက ပြည်သူတွေကို လမ်းပေါ်မတင်ဘူး။ ပြည်သူတွေကို အထိခိုက်မခံဘူး။ ၂၁ ရာစုပင်လုံလုပ်တဲ့အခါမှာ ငြိမ်းချမ်းရေးရည်ရွယ်ချက်လည်းပါတယ်။ နောက်တခုက အစုအဖွဲ့ ၆ ခုဆွေးနွေးနေကြတာ။ အဲ့မှာ နိုင်ငံရေးအစုအဖွဲ့ပါတယ်။ တပ်မတော်အစုအဖွဲ့ပါတယ်။ ကိုယ်စားလှယ်အစုအဖွဲ့ပါတယ်။ အဲ့ဒီမှာ ဘုံသဘောတူညီချက် ရသွားလို့ရှိရင် အဲ့ဒီဘုံသဘောတူညီချက်ကို အခြေခံပြီးတော့ လွှတ်တော်ထဲမှာ ပြင်ဆင်သွားမှာ။ ဒါကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲက အရမ်းအရေးကြီးတယ်။ အဲ့ဒီမှာ တပ်မတော်သားအစု အဖွဲ့ပါတယ်လေ။ တတိယပင်လုံမှာ ရအောင်ဆွေးနွေးမယ်။ အဲ့ဒီမှာ သဘောတူတယ်ဆိုရင် လွှတ်တော်ထဲယူလာပြီးတော့ လွှတ်တော်ထဲကပြင်မယ်။ ဒေါ်စု ပြောသလို ပြည်သူတွေကို မထိခိုက်စေရဘူး။ တိုင်းပြည်လည်း မနာစေရဘူး။ အဲ့ဒီနည်းနဲ့ ပြင်ဆင်သွားမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။ ဒီတွေ့ဆုံပွဲကို ဇွန် ၃ဝ ရက်ကနေ ဇူလိုင် ၂ ရက်နေ့ ပြုလုပ်သွားမှာဖြစ်ပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် အမျိုးသမီးလုပ်ငန်းကော်မတီတွေက အစီရင်ခံစာတွေ ဖတ်ကြားသွားမှာလည်း ဖြစ်ပါတယ်။
3 years Ago

March 16, 2018

ဦးဝင်းထိန် အန်အယ်လ်ဒီပါတီမှ နုတ်ထွက်ခွင့်တင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်တဲ့ ဦးဝင်းထိန် ပါတီကနေ နုတ်ထွက်စာတင်ထားတယ်လို့ ဗဟိုပြန်ကြားရေးကော်မတီ ဥက္ကဋ္ဌ ဦးဉာဏ်ဝင်းက ပြောပါတယ်။ သြစတြေးလျနိုင်ငံမှာ ရောက်ရှိနေတဲ့ ဦးဝင်းထိန်က ပြီးခဲ့တဲ့ သုံးပတ်လောက်က ပါတီကနေ နုတ်ထွက်ဖို့ စာတင်လာတာဖြစ်တယ်လို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။ “စာတင်ထားတာသိတယ်။ ဗဟိုအလုပ်မှုဆောင်ကို တင်ထားတာ။ အဖြေမရသေးပါဘူး။ ” အန်အလ်ဒီပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တဦးဖြစ်တဲ့ အသက် ၇၇ နှစ်အရွယ်  ဦးဝင်းထိန်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက သားဖြစ်သူ မင်္ဂလာဆောင်အပြီးမှာ သြစတြေးလျနိုင်ငံကို ထွက်ခွာသွားတာ ဖြစ်ပါတယ်။ တပ်မတော် ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်ဟာ ၁၉၈၈ အန်အယ်လ်ဒီပါတီ စတင် တည်ထောင်ကတည်းက ပါဝင်ခဲ့သူဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားအဖြစ်လည်း အကျဉ်းထောင်ထဲမှာ ဘဝဖတ်သန်းခဲ့ပါတယ်။ ၁၉၈၉ မှ ၁၉၉၅ ခုနှစ်ထိ ထောင်တကြိမ်ကျခဲ့ပြီး ၁၉၉၆ မှာ ထပ်မံဖမ်းဆီးခံရကာ ၂၀၀၈ ခုနှစ်က ပြန်လွတ်လာပေမယ့် ၂၄ နာရီ မပြည့်ခင် ထပ်မံဖမ်းဆီးခံခဲ့ရလို့ ၂၀၁၀ မှာ ပြန်လည် လွတ်မြောက်ခဲ့သူပါ။ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာ မိတ္ထီလာမြို့နယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရပြီး ၂၀၁၅ ရွေးကောက်ပွဲမှာတော့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း မရှိပါဘူး။
3 years Ago
Up