ဦးလှအောင်

A d v e r t i s e m e n t With Us

May 19, 2016

ညီညွတ်မျှတတဲ့ စနစ်တခုကိုတော့ ဒီချိန်မှာ ကျနော်တို့ စဉ်းစားသင့်ပါပြီ - ဦးလှအောင်

အခုလက်ရှိ ရန်ကုန်မြို့တွင်းမှာ ပြေးဆွဲနေတဲ့ မထသ ယာဉ်လိုင်းတွေနဲ့ ပတ်သက်ပြီး အရေးယူဆောင်ရွက်မှု အပိုင်းတွေကို ယခင်ကထက်ပိုမိုပြီး စိစစ်ဆောင်ရွက်မှုတွေ ပြုလုပ်လျက် ရှိပါတယ်။ အဲဒီဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌ ဦးလှအောင်ကို ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။ မေး - လက်ရှိ မြို့တွင်းမှာ ပြေးဆွဲနေတဲ့ မထသ လိုင်းပေါင်းစုံနဲ့ ပတ်သက်ပြီးတော့ အဘတို့အနေနဲ့ ဘယ်လိုမျိုး စည်းကမ်းပိုင်းတွေ သတ်မှတ်ထားတယ်ဆိုတာ ပြောပြပေးပါဦး။ ဖြေ - ကျနော်တို့ ရန်ကုန်မြို့တော်ရဲ့ သယ်ယူပို့ဆောင်မှု အခန်းကဏ္ဍမှာ မထသ ယာဉ်လိုင်းကော်မတီပေါင်း ၁၈ ဖွဲ့ရှိတယ်။ နောက် မှတ်ပုံတင်ထားတဲ့ ယာဉ်စီးရေပေါင်း ၇၆၀၀ ကျော်ရှိတယ်။ ပြေးဆွဲလမ်းကြောင်းပေါင်း ၃၅၇ လိုင်းရှိတယ်။ တနေ့တနေ့ကို ယာဉ်စီးရေပေါင်း ၄၆၀၀ ကျော်ထွက်ပြီးတော့ ခရီးသွားပြည်သူလူထုပေါင်း ၂ ဒသမ ၆ သန်းခန့်ကို ပို့ဆောင်ပေးနေပါတယ်။ မော်တော်ယာဉ်တွေရဲ့ စည်းကမ်းနဲ့ ပတ်သက်လို့ကတော့ ကျနော်တို့က တည်ဆဲဥပဒေများအရ မော်တော်ယာဉ်စည်းကမ်းတွေ၊ နောက် ယာဉ်မောင်းနှင်သူများနဲ့ လိုက်နာရမယ့် စည်းကမ်းတွေကို လိုက်နာကြရပါတယ်။ အဲဒီအပြင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ယခင် တိုင်းအေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ လက်ထက်ကပင်လျှင် အသိအမှတ်ပြုထားတဲ့ စည်းကမ်းထိန်းသိမ်းရေးအတွက် ပြစ်မှုပြစ်ဒဏ် ၁၃၈ ချက်၊ အဲဒီမှာ ယာဉ်စီးခပိုတောင်းရင် ဘာဒဏ်တပ်ပါ၊ သတ်မှတ်လမ်းကြောင်း မမောင်းရင် ဘာဒဏ်တပ်ပါ၊ တကယ်လို့ ယာဉ်လုပ်သားတွေ ခိုက်ရန်ဒေါသဖြစ်ရင် ဘာလုပ်ပါဆိုတဲ့ သတ်မှတ်ချက်တွေ ရှိပါတယ်။ အဲဒါတွေကို ကျနော်တို့အနေနဲ့ လိုက်နာရလျက် ရှိပါတယ်။ မေး - ဆရာတို့အနေနဲ့ စည်းကမ်းပိုင်းတွေနဲ့ လုပ်တဲ့အချိန်မှာကော ဘယ်လိုမျိုး အကျိုးသက်ရောက်မှုတွေရှိလဲ၊ အရင်ကထက်စာရင် ဘာတွေပြောင်းလဲမှုရှိလဲဆိုတာ ပြောပြပေးပါဦး။ ဖြေ - ကျနော်တို့ စည်းကမ်းထိန်းသိမ်းမှုအပိုင်းကို ဆောင်ရွက်တဲ့အခါမှာ အခုချိန်မှာ တိုးတက်မှုရှိသလောက် ရှိပေမယ့်လည်း စနစ်တခုလုံးပေါ်မှာ လွှမ်းခြုံပြီး ပြုပြင်နိုင်မှု မရှိတဲ့အတွက်တော့ မတိုးတက်ဘူးလားလို့ ပြောစရာရှိပါတယ်။ ဥပမာအားဖြင့် ကျနော်တို့ အရင်တုန်းက ပြည်သူလူထုရဲ့ တိုင်ကြားမှုကို အရေးယူပေးခဲ့တာ မရှိပါဘူး။ ဒါပေမယ့် ကျနော်တို့ ၂၀၁၃ ခုနှစ်ကတည်းကစပြီး မထသ ဗဟိုက ပြည်သူ့ရဲ့အသံကို နားထောင်ပြီးတော့ အရေးယူခြင်းဆိုတဲ့ ကဏ္ဍကို ကျနော်တို့ ဆောင်ရွက်ပေးခဲ့ပါတယ်။ ဒါကြောင့်မို့လို့ အဲဒီမှာ ဘာတွေထိတွေ့မှုရလဲဆိုတော့ ခရီးသွားပြည်သူလူထုတွေဟာ ယာဉ်လုပ်သားတွေ စည်းကမ်းဖောက်ရင် ဘယ်ကိုတိုင်ရမယ်ဆိုတာကို သိလာတယ်။ ဥပမာ ကျနော်တို့ မထသ ဗဟိုဆိုရင် အရင်တုန်းက ကျနော်ဝက်ဆိုက်တခု ထောင်ထားတယ်။ ဒါပေမယ့် ဒီဝက်ဆိုက်ကတော့ အခုချိန်မှာ အားနည်းမှုရှိပါတယ်။ ဒါကြောင့် ကျနော်တို့က ဖေ့စ်ဘွတ်ခ်မှာ Page ဖွင့်ထားတယ်။ နောက်တခါ ကျနော်တို့ အင်တာနက်လိုင်းတွေ ဖွင့်ထားတယ်။ ကျနော်တို့ရဲ့ အီးမေးလ်ဖွင့်ထားတယ်။ လူကိုယ်တိုင်လည်း တိုင်တာကို လက်ခံတယ်။ စာနဲ့တိုင်တာကိုလည်း လက်ခံတဲ့အတွက် ပြည်သူလူထုရဲ့ တိုင်ကြားမှုတွေက ပိုများလာတာ တွေ့ရတယ်။ တွေ့ရတော့ ဒါကိုကြည့်ရင် ယာဉ်လုပ်သားတွေက ပိုမိုကျူးလွန်လာသလားလို့ ယူဆစရာ ဖြစ်ပါတယ်။ ကျနော်တို့က တနေ့တနေ့ကို ယာဉ်စီးရေပေါင်း ၄၆၀၀ ကျော်ခန့် ပျမ်းမျှ ပြေးလွှားနေပါတယ်။ တချိန်တုန်းကတော့ မတိုင်ကြတဲ့အတွက် ကျနော်တို့ မသိခဲ့တာ။ အခု တိုင်လို့ သိတဲ့အခါကျတော့ တိုင်ကြားမှု ပိုမိုများလာလို့ ပြစ်မှုများတာလား။ ကျူးလွန်မှုများလာလို့ များတာလား ဆိုတာကတော့ သေချာ သုတေသနလုပ်ကြည့်မှ သိရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကျနော်တို့ ဖြစ်တဲ့တိုင်ကြားမှု အများစုကိုကြည့်ရင် ယာဉ်စီးခ ပိုမိုတောင်းခံခြင်း၊ မချေမငံ ဆက်ဆံခြင်း၊ ဒါတွေကိုပြန်ကြည့်ရင် ပတ်ဝန်းကျင်ရဲ့ အနေအထားတွေကလည်း ကျနော်တို့မှာ အများကြီး ကြုံတွေ့ရပါတယ်။ ယာဉ်စီးခပိုမိုတောင်းခံတဲ့ ပြဿနာမှာလည်း ကျနော်တို့က ခရီးသည်တယောက်ဆီက ငွေငါးဆယ်ပိုတောင်းလည်း သုံးသောင်းဒဏ်တပ်တာပဲ။ ဒါပေမယ့် ကျနော်တို့ ၂၀၀၇-၂၀၀၈ တုန်းက သတ်မှတ်ခဲ့တဲ့ ယာဉ်စီးခ ၅၀ ကျပ်နှုန်းကို ကျနော်တို့က ဒီနေ့အထိ ကျင့်သုံးခဲ့ရတဲ့ အခါကျတော့ ခရီးသည်များပင်လျှင် ကျနော်တို့ကို ဝေဖန်မှုတွေပြုပါတယ်။ ဘယ်သူမှ မလိုက်နာတဲ့ဟာကို ပုံသေဆွဲထားတဲ့အတွက် ယာဉ်စီးခကို ခင်ဗျားတို့ သတ်သတ်မှတ်မှတ် ညီညီညွတ်ညွတ် မလုပ်ပေးနိုင်ဘူးလားလို့ ပြောပါတယ်။ မထသသည် ယာဉ်စီးခ သတ်မှတ်လို့ မရပါဘူး။ သက်ဆိုင်ရာဥပဒေကို ကိုင်စွဲထားတဲ့ အဖွဲ့အစည်းတွေရဲ့ သတ်မှတ်မှုအရသာ ကျနော်တို့က ကောက်ခံရပါတယ်။ ဒါကြောင့် မထသ ဗဟိုက ညီညွတ်မျှတတဲ့ နှုန်းထားတရပ်ကို သတ်မှတ်ပြီးတော့ ယာဉ်စီးခဖြတ်ပိုင်း ကောက်ခံခြင်းဆိုတာ ကျနော်တို့ ပြီးခဲ့တဲ့ တိုင်းဒေသကြီးအစိုးရ လက်ထက်မှာ မထသ ဗဟိုက သုံးသပ်ချက်များနဲ့တကွ တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲဒီအချိန်တုန်းက အခြေအနေ အချိန်အခါအရ ဒီခွင့်ပြုမှုကို ဆိုင်းငံ့ခဲ့တာ ဖြစ်တဲ့အတွက် ဒီနေ့ ယာဉ်လုပ်သားတွေဟာ ဒီပြဿနာဟာ ကျူးလွန်ဆဲဖြစ်ပါတယ်။ ကျူးလွန်တယ်၊ အရေးယူတယ်။ ဒါပေမယ့် ဖြစ်ပွားရတဲ့ အကြောင်းအရင်းကို ကြည့်ပြီးတော့မှ သုံးသပ်မှ ဒါကို ကုစားတယ်လို့ ခေါ်လို့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီနေ့ ဒီလိုလုပ်နေပေမယ့် ပြစ်မှုတွေက ဖြစ်ပွားဆဲဖြစ်ပါတယ်။ ဒါကြောင့် ဘာကြောင့်ဖြစ်သလဲဆိုတဲ့ အကြောင်းအရာကို ဖော်ထုတ်ပြီးတော့ ကုစားမှသာလျှင် ပြည်သူလူထုတွေအတွက် ပိုပြီးတော့ ညီညွတ်မျှတတဲ့ သယ်ယူပို့ဆောင်မှု အခန်းကဏ္ဍမှာ အကျုံးဝင်ပါမယ်။ ကျနော်ပြောတဲ့ ပြည်သူလူထုဆိုတာ ခရီးသွားတဲ့သူလည်း ပြည်သူလူထုပါ။ ယာဉ်လုပ်သားလည်း ပြည်သူလူထုပါ။ ယာဉ်ပိုင်ရှင်လည်း ပြည်သူလူထုပါ။ ဒါ ကျနော်က ဒီ ပြည်သူလူထု တရပ်လုံးအတွက် ကျနော်တင်ပြရခြင်း ဖြစ်ပါတယ်။ မေး - လက်ရှိမှာပေါ့ ယာဉ်နောက်လိုက်တွေကို သင်တန်းပေးတာတွေ ရှိတယ်လို့လည်း ကြားရပါတယ်။ ဒီ သင်တန်းပေးတာတွေနဲ့ ပတ်သက်ပြီးတော့ လက်ရှိ ရန်ကုန်မြို့တွင်းမှာ ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေကပေါ့နော်၊ ယာဉ်နောက်လိုက်တွေ အကုန်လုံးက သင်တန်းပေးထားတာတွေလား၊ ဒါမှမဟုတ် သင်တန်းမပေးထားတဲ့သူတွေကော ရှိလားဆိုတာ ပြောပြပေးပါဦး။ ဖြေ - ကျနော်တို့ လက်ရှိ လုပ်သားပေါင်းနဲ့ ယှဉ်ရင်တော့ သင်တန်းပို့ချတာဟာ အကုန်လုံး မပို့ချနိုင်သေးပါဘူး။ ကျနော်တို့ ၂၀၁၁ ခုနှစ်တည်းကနေ စပြီးတော့ ယာဉ်လုပ်သားများကို ပြုပြင်တဲ့အခါမှာ အပြစ်ပေး အရေးယူခြင်းအပြင် အသိဉာဏ် ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ ကဏ္ဍကို ကျနော်တို့ ဦးတည်ခဲ့ပါတယ်။ ဒါကြောင့်မို့ မီဒီယာအဖွဲ့နဲ့ နှစ်ပတ်တကြိမ် တွေ့တာလည်း ဒီလုပ်ငန်းရပ်ထဲမှာ ပါဝင်ပါတယ်။ ဒါကြောင့် ကျနော်တို့ သင်တန်းကို ၂၀၁၁ ခုနှစ်က စပြီးတော့ အခုအချိန် ကျနော်တို့ သင်တန်းနှစ်မျိုးပေါ့၊ ပို့ချခဲ့တာ ရှိပါတယ်။ တချို့ကတော့ ဘာလဲဆိုတော့ အရင်တုန်းကစပြီး ကျနော်တို့ တာဝန်ထမ်းဆောင်တုန်းက ယာဉ်လုပ်သားတွေဟာ တိုက်တယ်၊ ပြေးတယ်။ မိမိကြောင့် ထိခိုက်ဒဏ်ရာရတဲ့သူတွေ အပေါ်မှာ သနားကြင်နာမှု နည်းပါးတယ်။ ဒါကို ကျနော်တို့ ဘယ်လိုကုစားမလဲလို့ ကြိုးစားခဲ့တာတွေ ရှိပါတယ်။ ဥပမာအားဖြင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းနဲ့ ပူးပေါင်းပြီးတော့ ၂၀၁၁ ခုနှစ်ကနေ ကျနော်တို့ သင်တန်းပေါင်း ၁၀ ကြိမ်၊ ယာဉ်လုပ်သားပေါင်း ၁၀၀၀ ကျော်ကို အခြေခံရှေးဦးပြုစုနည်း သင်တန်းတွေကို ပေးခဲ့တယ်။ အခုလို အယ်နီညိုရာသီဥတုတွေမှာကျတော့ ကျနော်တို့ လုပ်သားတွေဟာ ဒီပညာတွေရှိတဲ့သူတွေ အထဲထဲမှာ ရှိနေပါတယ်။ ဒါ ကျနော်တို့ အရင်ကတည်းက မျှော်မှန်းပြီး လုပ်ခဲ့တာ။ ကိုယ့်ကားတွေပေါ်မှာ ကျပ်တောက်နေတယ်၊ ရာသီဥတု ပူပြင်းတယ်။ ဒီအချိန်မှာဖြစ်ပွားရင် ဘယ်လိုပြုစုမလဲ။ မိမိကြောင့် ဒဏ်ရာရရင်ကော ဘယ်လိုပြုစုမလဲ။ လူသားချင်း ကြင်နာမှုထားပြီးတော့ ဒါတွေကို လိုက်နာလုပ်ဆောင်ဖို့ဆိုပြီး ကျနော်တို့က အဲဒီတုန်းက တကြိမ်၊ ဒါ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းရဲ့ အကူအညီကို ရယူပြီးတော့ ယာဉ်လုပ်သားပေါင်း ၁၀၀၀ ကျော် ကျနော်တို့ မွေးထုတ်ခဲ့ပါတယ်။ ဒီနေ့လည်း ယာဉ်တွေပေါ်မှာ ဒီသင်တန်းတက်တဲ့ ယာဉ်လုပ်သားတွေ ပါတယ်။ ဒါကြောင့် မူးဝေတဲ့ ခရီးသည်တွေကို ပြုစုခဲ့တာတွေ၊ ဆေးရုံဆေးခန်းပို့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။ နောက်တခါ ဘာသင်တန်းလဲဆိုတော့ ယာဉ်လုပ်သား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်တဲ့ သင်တန်းပါ။ ကျနော်တို့ တရက်ပဲ လုပ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ယာဉ်လုပ်သားတွေဟာ နေ့စဉ် မိမိရဲ့ လုပ်အားခပေါ်မှာ မှီပြီးတော့ အသက်မွေးဝမ်းကြောင်း ပြုနေရတဲ့အတွက် လုပ်အားလည်း မထိခိုက်အောင် တရက်တာကာလ ကျနော်တို့က အခြေခံရယ်၊ မွမ်းမံရယ်လို့ ခွဲလိုက်တယ်။ အခြေခံဆိုတာကတော့ နှစ်နှစ်မပြည့်သေးတဲ့ ယာဉ်လုပ်သားတွေကို အခြေခံလို့ ကျနော်တို့ သတ်မှတ်လိုက်တယ်။ နှစ်နှစ်ကျော်နေတဲ့ ယာဉ်လုပ်သားတွေကို ကျနော်တို့က မွမ်းမံလို့ သတ်မှတ်လိုက်တယ်။ ၂၀၁၁ ခုနှစ်ကနေ အခုဆိုရင် ကျနော်တို့ သင်တန်းအကြိမ်ရေပေါင်း ၁၀၃ ကြိမ် ဖွင့်လှစ်ပြီးတော့ ယာဉ်လုပ်သားတွေကို ကျနော်တို့ လေ့ကျင့်ခဲ့တာ၊ ဆွေးနွေးခဲ့တာဟာ ၁၃၁၅၄ ဦး လောက် ရှိပါတယ်။ ဒါပေမယ့်လည်း ကျနော်တို့မှာ လက်ရှိယာဉ်တွေဟာ ၇၀၀၀ ကျော်ကို ၃ ယောက်နဲ့ မြှောက်ရင်တောင် သောင်းဂဏန်း သုံးသောင်းလောက်ရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျနော်တို့အပိုင်း အနေနဲ့ကတော့ ဒီလိုလေ့ကျင့်မှုတွေဟာ မပြည့်ဝသေးပါဘူး။ ဒီကြားထဲမှာ လေ့ကျင့်ထားတဲ့ လူတွေကလည်း ထွက်တာ အများကြီးပဲ။ ထွက်တဲ့အတွက် ကျနော်တို့ကလည်း ဒီသင်တန်းကို ဆက်လက်ပြီးတော့ ဆောင်ရွက်ရဦးမှာ။ ဒီသင်တန်းတွေရဲ့အကျိုးကို ပိုမိုထိရောက်စေချင်ရင်ဖြင့် ညီညွတ်မျှတတဲ့ စနစ်တွေကိုလည်း ပြင်ပေးဖို့ လိုအပ်တယ်လို့ ကျနော့်အနေနဲ့ ငါးနှစ်တာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အတွေ့အကြုံအရ ကျနော်တော့ ဒီလိုပဲ သုံးသပ်ပါတယ်။ မေး - လက်ရှိ ပြည်တွင်းမှာ ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေပေါ်မှာ သင်တန်းတက်ထားတဲ့ ယာဉ်နောက်လိုက်တွေပါသလို သင်တန်းမတက်ထားတဲ့ ယာဉ်နောက်လိုက်တွေလည်း ပါတယ်ပေါ့နော်။ ဒါနဲ့ပတ်သက်ပြီးတော့ လက်ရှိမှာ လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာလည်း ယာဉ်နောက်လိုက်တွေနဲ့ ပတ်သက်ပြီးတော့ ဆိုးဆိုးဝါးဝါး ဝေဖန်မှုတွေ ရှိနေပါတယ်။ ယာဉ်နောက်လိုက်တွေနဲ့ ပတ်သက်ပြီးတော့ ဆရာတို့အနေနဲ့ ဘယ်လို အရေးယူဆောင်ရွက်မှုတွေရှိလဲ၊ အရေးယူ ဆောင်ရွက်မှုတွေ ရှိတယ်ဆိုရင်လည်း တိုင်ကြားမှ အရေးယူမှုတွေ လုပ်တာလား၊ ဒါမှမဟုတ် စောင့်ကြည့်ပြီးတော့ အရေးယူဆောင်ရွက်မှုတွေ လုပ်တာလားဆိုတာ ပြောပြပေးပါဦး။ ဖြေ - ကျနော်တို့ နှစ်မျိုးစလုံး လုပ်ပါတယ်။ တိုင်ကြားမှပဲ အရေးယူတာ မဟုတ်ပါဘူး။ စစ်ဆေးအရေးယူခြင်းဆိုတာ ယာဉ်လုပ်သားတွေကို ပြင်တဲ့ထဲမှာ တခုသတ်မှတ်ထားတယ်။ ဘယ်လိုစစ်ဆေးလဲ။ အခု ယာဉ်လိုင်းတွေပေါ်မှာ တချို့ကော်မတီတွေက လူတွေလိုက်ပါတယ်။ အဲဒါတွေနဲ့လည်း စစ်ဆေးပြီးတော့ အရေးယူ ပြုပြင်တယ်။ ၁၆ ဖွဲ့ကလည်း ယာဉ်တွေပေါ်မှာ စီးပါတယ်။ ယာဉ်စီးခ ပိုတောင်းတာတွေ၊ မချေမငံ ပြောကြားတာတွေကို မှတ်သားပြီး ကျနော်တို့က အရေးယူတယ်။ ထို့အပြင် မြင်မြင်ထင်ထင် စစ်ပြီးတော့လည်း အရေးယူတာ ရှိပါတယ်။ ထို့အတူ ခရီးသည်တွေရဲ့ တိုင်ကြားမှု၊ ခရီးသည်တွေ တိုင်ကြားတဲ့ အပေါ်မှာလည်း ကျနော်တို့ အလေးအနက် ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ကို ၀ိုင်းဝန်းပြီး ကြည့်ရှုပေးတယ်လို့ ယူဆတယ်။ ဒါကြောင့်မို့ ယာဉ်လုပ်သားတွေကို အပြစ်ပေးတဲ့အခါမှာ ငြင်းဆိုမှုတွေ ကြုံရတယ်။ ဒါပေမယ့် ကျနော်တို့ရဲ့ ယာဉ်လုပ်သားတွေသည် လိုက်နာရမယ့် စည်းမျဉ်းထဲမှာ ခရီးသည် စိတ်ငြိုငြင်အောင် ပြုမိရင်လည်း ဒါက ပြစ်မှုကျူးလွန်တယ်လို့ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့က ခရီးသည်တွေ တိုင်ကြားမှုကိုလည်း ကျနော်တို့ စစ်ဆေးပါတယ်။ အရေးယူတယ်။ ပြီးရင် ဒီခရီးသည်တွေဆီကိုလည်း အကြောင်းပြန်ကြားပါတယ်။ ဘာကြောင့်လဲဆိုတော့ တချို့က ကျနော်တို့ကို တိုင်သာတိုင်တယ်၊ မလုပ်ဘူးဆိုတဲ့ ဝေဖန်မှုလည်း ကျနော်တို့ ရပါတယ်။ ရတဲ့အတွက် ကျနော်တို့ ပြန်ကြားတယ်။ အခု ဒီမှာလည်း ကျနော့်အနေနဲ့ မေတ္တာရပ်ခံပါတယ်။ ဒီစာအုပ်တွေကို တလက်စတည်း လေ့လာသွားစေချင်ပါတယ်။ တိုင်ကြားတာကို လက်ခံတယ်။ ဖြေရှင်း အရေးယူပေးတယ်။ သူ့ကို ကျနော်တို့ ပြန်ပြောတယ်ဆိုတဲ့ မှတ်တမ်းတွေ လေ့လာလို့ ရပါတယ်။ ဒါပေမယ့်လည်း ဒီနေ့ လူမှုစာမျက်နှာပေါ်မှာ ယာဉ်လုပ်သားတွေကို ဝေဖန်မှုတွေက အများကြီးရှိပါတယ်။ အဲတော့ ယာဉ်လုပ်သားအကြောင်းလေးကို နည်းနည်းတင်ပြပါမယ်။ ကျနော်တို့က ဂိတ်ကနေထွက်တယ်ဆိုတဲ့ ယာဉ်လုပ်သားဟာ နံပါတ် ၁ သတ်မှတ်တဲ့လိုင်စင်တွေ ရှိရပါမယ်။ ကျနော်တို့ ဒရိုင်ဘာလိုင်စင်ဆိုရင် (င) ယာဉ်မောင်းလိုင်စင် ရှိရမယ်။ စပါယ်ယာလိုင်စင်ဆိုရင် (စ) ရှိရမယ်။ ကျနော်တို့က အဲဒါတွေနဲ့ စစ်ဆေးပြီးတော့မှ သူတို့ကို ထွက်ခွင့်ပေးပါတယ်။ မေး - ယာဉ်လိုင်းတွေပေါ်မှာပေါ့နော် လိုင်စင်မရှိဘဲနဲ့ ယာဉ်တက်မောင်းတာမျိုးကိုရော ဆရာတို့အနေနဲ့ ဘယ်လိုစိစစ်ထားလဲ ဆိုတာကို နည်းနည်းပြောပြပေးပါဦး။ ဖြေ - ကျနော်တို့က ဂိတ်ဖွင့်တယ်။ ဂိတ်မှာ အဲဒီလိုင်စင်မပါဘဲနဲ့ ဖွင့်ပေးလိုက်တယ်။ အခုဘာဖြစ်နေလဲ၊ ယာဉ်လုပ်သားတွေ အဖမ်းခံရတော့ ချလန်တွေရှိတယ်။ ဒီချလန်ကို သွားမရွေးနိုင်ခင်မှာ ဟိုးယခင်ကတည်းက သဘောတူထားတာရှိတယ်။ ချလန်မရွေးခင် ဘယ်နှစ်ရက်နဲ့ ခွင့်ပြုပေးပါဆိုတဲ့ ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီတို့ ဘာတို့မှာ ဆွေးနွေးထားတဲ့ အချက်တွေကို ကျနော်တို့က လိုက်နာရပါတယ်။ အဲဒီတော့ လိုင်စင်မရှိဘဲနဲ့ မောင်းတဲ့လူကို ကျနော်တို့က ဂိတ်ဖွင့်ပေးလို့ မရပါဘူး။ ခုနပြောသလို လိုင်စင်သော်လည်းကောင်း၊ ချလန်သော်လည်းကောင်း တင်ပြရတယ်။ တကယ်တော့ ချလန်သည် မောင်းနှင်ခွင့် မပြုရပါဘူး။ ဒါပေမယ့်လည်း ယာဉ်လုပ်သားရှားပါးမှု အခြေအနေကြောင့် ယခင်ကတည်းက ပြုခဲ့ရတာ။ ဒါလေးတွေအတိုင်း ကျနော်တို့က စစ်ပြီးမှ ပေးတာဖြစ်တဲ့အတွက် လိုင်စင်မရှိရင်တော့ ခွင့်ပြုလို့မရပါဘူး။ ကျနော်တို့လည်း ခွင့်မပြုပါဘူး။ သို့သော်လည်းပဲ ကျနော် ခုနတင်ပြခဲ့သလို လမ်းမှာ လဲပြီး တက်မောင်းတဲ့လူတွေသည် မရှိတဲ့အတွက် ဒါတွေအပေါ်မှာတော့ လက်ရှိ တည်ဆဲဥပဒေကို ကိုင်တွယ်ထားတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ကြပ်ကြပ်မတ်မတ် စစ်စေချင်တယ်။ လိုင်စင်မရှိတဲ့ လူတယောက်ကို မောင်းခွင့်ပေးရင် မောင်းခွင့်ပေးတဲ့လူမှာပါ တာဝန်ရှိတယ်လို့ ၂၀၁၅ ခုနှစ် မော်တော်ယာဉ်ဥပဒေမှာ ထည့်သွင်းထားပါတယ်။ ဒါကို တိတိကျကျ အရေးယူပြီးတော့ မောင်းခွင့်ပေးတဲ့ ဂိတ်မှူးဖြစ်စေ၊ ယာဉ်ပိုင်ရှင်ဖြစ်စေ သို့မဟုတ် တာဝန်ရှိသူဖြစ်စေ ထိုပုဂ္ဂိုလ်တွေကိုပါ ကျနော်တို့က အရေးယူရမယ့် အနေအထားမျိုးတွေ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ပိုင်းကတော့ လိုင်စင်မရှိရင် မောင်းခွင့်မပေးပါဘူး။ မပေးတာကို ခိုးမောင်းရင်လည်း လမ်းမှာစစ်ခြင်းအားဖြင့် တားမြစ်ပါတယ်လို့ပဲ ကျနော့်အနေနဲ့ ဒီလိုပဲ ဖြေရမှာဖြစ်ပါတယ်။ မေး - နောက်ဆုံးအနေနဲ့ ဒီယာဉ်လိုင်းတွေရဲ့ စည်းကမ်းပိုင်းနဲ့ ပတ်သက်ပြီးတော့ ဆရာ့အနေနဲ့ ဘာများ ဖြည့်စွက်ပြောချင်ပါသေးလဲ။ ဖြေ - ကျနော် အဓိကပြောချင်တာကတော့ ကျနော်တို့ လက်ရှိကျင့်သုံးနေတဲ့ စနစ်တွေအပေါ်မှာ ပြန်သုံးသပ်ရမယ်။ ပြန်ပြီးတော့ ကောင်းမွန်တဲ့စနစ်ကို ပြုပြင်ပြောင်းလဲဖို့ လိုတယ်လို့ ဒါဟာ အဓိကကျတယ်။ ကျနော်တို့ ပုဂ္ဂလိကယာဉ်တွေကို အခြေခံပြီး ပြေးဆွဲရတယ်။ ပြေးဆွဲပြန်တော့လည်း ဒီ ယာဉ်လိုင်းလမ်းကြောင်းတွေဟာ ကျနော်တို့ရဲ့ စီမံထားတဲ့ လမ်းကြောင်း မဟုတ်ဘူး။ ယာဉ်ပိုင်ရှင်တွေရဲ့ လုံလောက်မှု ရရှိရေး၊ ဒီအပေါ်မှာ မူတည်ပြီးတော့ တင်ပြတဲ့ လမ်းကြောင်းကို ခွင့်ပြုရတဲ့အတွက် တလမ်းကြောင်းတည်း အပေါ်မှာပဲ ယာဉ်လိုင်း ၁၅ လိုင်းလောက် ပြေးနေတာတွေ၊ အခုဆိုရင် ၃၅၇ လိုင်းဟာ ကျနော်တို့ တော်တော် ရှုပ်ရှုပ်ထွေးထွေး ပြေးနေတာ။ အရင် ၃၉၀ ကျော်အထိရှိတယ်။ ကျနော်တို့ ဖြုတ်ချပစ်တယ်။ မရှိတဲ့ လိုင်းတွေကို ပိတ်သိမ်းဖို့ တင်ပြတယ်။ ဒါကြောင့် အခု ၃၅၀ ကျော်ပဲကျန်တယ်။ အဲတော့ ပုဂ္ဂလိကယာဉ်ကို အခြေခံတဲ့ စနစ်ကိုလည်း စဉ်းစားရမယ်။ နောက်တခါ ယာဉ်တွေနဲ့ပတ်သက်တဲ့ ယာဉ်လုပ်သားတွေ တာဝန်ပေးတဲ့စနစ်တွေ၊ လခပေးတဲ့စနစ်တွေ သွားမလား။ ဥပမာပေါ့ အများပိုင် ပြေးဆွဲရေးဟာလည်း ကျနော်သည် ဘီအိုဒီအဖွဲ့ဝင်တယောက်အနေနဲ့ ကျနော် ကြီးကြပ်ပေးရတာ ရှိပါတယ်။ အဲဒီမှာ လစာပေးတယ်။ ပထမ မောင်းမယ့်လူမရှိဘူး။ အခုဆိုရင် တန်းစီနေပြီ။ ဘာဖြစ်လို့လဲ၊ ဘ၀အာမခံချက်ရှိလာပြီ။ ယာဉ်လုပ်သားတွေမှာ ဘ၀အာမခံချက် မရှိဘူး။ မရှိတော့ မနက် ၄ နာရီလာ၊ ည ၁၀ နာရီမှပြန်တဲ့ လုပ်သားတွေကကော ပြည်သူလူထုပဲ။ သူတို့အတွက်ကိုလည်း ကောင်းမွန်တဲ့စနစ်တွေ ဖော်ဆောင်ရမယ်။ ကျနော်တို့က မထသထဲမှာ ဒဏ်ငွေတပ်တယ်။ လာမဆောင်ရင် မထသထဲမှာ မောင်းခွင့်ကို ကျနော်တို့က မပေးတော့ပါဘူး။ အဲတော့ ဒါတွေလည်း လုပ်အားဆုံးရှုံးတယ်။ ဒါကြောင့်မို့ ညီညွတ်မျှတတဲ့ စနစ်တခုကိုတော့ ဒီချိန်မှာ ကျနော်တို့ စဉ်းစားသင့်ပါပြီ။ ကျနော် ကြိုးစားပြီး လုပ်သွားပါမယ်လို့ပဲ တင်ပြလိုပါတယ်။ တွေ့ဆုံမေးမြန်းသူ - နွယ်နီ
5 years Ago
Up