ဦးဗအုပ်ခိုင်

A d v e r t i s e m e n t With Us

April 11, 2016

ဈေးအချို့တွင် အတုဟု ယူဆရသည့် အချို့မှုန့်များ တွေ့ရှိ၊ အက်ဖ်ဒီအေတွင် ဓာတ်ခွဲစစ်ဆေး

ရန်ကုန်မြို့အတွင်း ဈေးကြီးတခုက သတင်းပေးချက်အရ ဧပြီလ ပထမပတ်အတွင်း ဌာနဆိုင်ရာတွေနဲ့ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်းတို့ ကွင်းဆင်း စစ်ဆေးခဲ့ရာမှာ ဈေးတချို့မှာ အတုလို့ယူဆရတဲ့ အချိုမှုန့်တွေ စစ်ဆေး တွေ့ရှိတာကြောင့် အက်ဖ်ဒီအေမှာ ဓာတ်ခွဲစစ်ဆေးနေပါတယ်။ အချိုမှုန့်ကို တားမြစ်ကုန်အနေနဲ့ တားမြစ်ထားတာ မရှိတဲ့အတွက် သိမ်းဆည်းတာမျိုး မလုပ်ဘဲ အတုဟုတ်မဟုတ်ကို စစ်ဆေးနေတယ်လို့ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောပါတယ်။ “အခုဟာကတော့ ခရမ်းဈေးကပေါ့၊ ခရမ်းဈေး ဆိုပေမယ့် တချို့ဈေးတွေမှာလည်း ရှိကောင်းရှိမယ်။ သူက အချိုမှုန့်တွေကို အကြီးအကျယ် ဆာလာအိတ်တွေနဲ့ ထည့်ပြီးတော့ နို့ဆီခွက်တွေနဲ့ကို ချိန်ရောင်းတာပေါ့နော်။ အဲ့ဒါတွေက ဆရာ တခြားဈေးမှာလည်း တွေ့ဖူးတယ်။ အဲ့ဒါကို ခရမ်းကနေ တိုင်တာပေါ့။ ဆရာတို့အဖွဲ့နဲ့ ကုန်သွယ်မှုမြှင့်တင်ရေးနဲ့ စားသုံးသူရေးရာ ဦးစီးဌာန နှစ်ဖွဲ့ပေါင်းပြီးတော့ အဲ့ဒီမှာ သွားပြီးတော့ စစ်တာပေါ့။ စစ်တော့ အဲ့ဒီအချိုမှုန့်ဆိုင် တွေ့တယ်။ အဲ့ဒါတွေကတော့ အခုလောလောဆယ် အက်ဖ်ဒီအေ ဓာတ်ခွဲခန်းကို ပို့ထားတယ်။” ဓာတ်ခွဲစစ်ဆေးချက်အရ အတုဖြစ်ခဲ့ရင် ဥပဒေအရ တရားစွဲဆိုသွားမယ်လို့လည်း ဆိုပါတယ်။ ဒါပေမယ့် အချိုမှုန့်အစစ်ကလည်း စားသုံးသူရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်တဲ့အတွက် အချိမှုန့်အစားထိုး စားသောက်ကုန်ကို အစားထိုး အသုံးပြုဖို့လည်း ဦးဗအုပ်ခိုင်က အကြံပြုပါတယ်။ “အချိုမှုန့်တွေကို ရေရှည်စားသုံးတဲ့အခါမှာ အထူးသဖြင့် အမျိုးသမီးတွေမှာ အသက် ၃၀ ကျော်လောက်ဆို အရိုးပါး၊ အရိုးပွရောဂါတွေ ဖြစ်မယ်၊ အာရုံကြောတွေ ထိခိုက်ပျက်စီးမယ်၊ ကျောက်ကပ်ပျက်စီးမှာ ဖြစ်တဲ့အတွက် ဆရာကတော့ အချိုမှုန့်ကို လုံးဝ မစားစေချင်ဘူး။ အချိုမှုန့်အစားထိုးတွေကိုပဲ ပြောင်းလဲ စားသုံးကြပေါ့။” လက်ရှိစစ်ဆေးနေတဲ့ အချိုမှုန့်အတုလို့ ယူဆရတဲ့ အချိုမှုန့်တွေဟာ တရုတ်နိုင်ငံက အများဆုံး ၀င်ရောက်တယ်လို့ သိရပါတယ်။
5 years Ago

March 22, 2016

တားမြစ်ဓာတုဆိုးဆေးများ ထိန်းချုပ်ရန်လိုကြောင်း စားသုံးသူကာကွယ်ရေးအသင်း ပြော

စားသောက်ကုန်တွေမှာ အသုံးမပြုဖို့ တားမြစ်ထားတဲ့ ဓာတုဆိုးဆေး အပါအဝင် တားမြစ်ဆိုးဆေးတွေကို ပြင်ပမှာ အလွယ်တကူ ဝယ်ယူ အသုံးပြုနေကြတဲ့အတွက် ထိန်းချုပ်ဖို့ လိုအပ်နေတယ်လို့ မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်းက ပြောဆိုလိုက်ပါတယ်။ စားသောက်ကုန်တွေမှာ အများဆုံး အသုံးပြုနေတဲ့ ဆိုးဆေးတွေဟာ စားသောက်ကုန်မှာ  မသုံးဖို့ တားမြစ်ထားတဲ့ ဆိုးဆေးတွေဖြစ်ပြီး ငါးပိ၊ ရေကျိုငါးပိ၊ လက်ဖက်နဲ့ မုန့်မျိုးစုံတို့မှာ  အများဆုံး အသုံးပြုနေပါတယ်။ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းမှ ဦးဗအုပ်ခိုင်က “ဓာတုဗေဒပစ္စည်းတွေနဲ့ ဆက်စပ်ပစ္စည်းတွေရဲ့ အန္တရာယ် ကာကွယ်တဲ့ ဥပဒေတွေမှာ ပြင်စရာတွေလိုတယ်။ အခု အပြင်မှာ ဆိုးဆေးတွေ၊ မှိုသတ်ဆေးတွေ၊ တာရှည်ခံဆေးတွေ မှိုလိုပေါက်နေတဲ့ကိစ္စတွေက၊ ၀ယ်ချင်သလို လွတ်လွတ်လပ်လပ် ၂၇ လမ်း၊ ၂၈ လမ်းမှာ ၀ယ်လို့ရနေတယ်။ ဒါတွေက မဖြစ်သင့်ဘူး" လို့ ပြောပါတယ်။ ဒါ့အပြင် ဌာနဆိုင်ရာတွေ၊ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေမှာ အရေးယူမှုအပိုင်း၊ တာဝန်ယူမှုအပိုင်း အားနည်းတဲ့အတွက် အပြင်မှာ တရားမ၀င်ဆိုးဆေးတွေ၊ တရားမ၀င် တာရှည်ခံဆေးတွေ ပြန့်ပြီး လူတွေမှာ ကင်ဆာရောဂါတွေ၊ သွေးတိုး၊ နှလုံး၊ ဆီးချိုတွေ များလာတာ ဖြစ်တဲ့အတွက် အဲဒီဥပဒေတွေကို အသက်ဝင်အောင် လိုတာတွေ ဖြည့်စွက်ဖို့၊ ပြင်ဆင်ဖို့၊ ရေးဆွဲဖို့ အခုအစိုးရလက်ထက်မှာ အစွမ်းကုန် ကြိုးစားသွားမယ်လို့လည်း ပြောပါတယ်။ လက်ရှိ တည်ဆဲဥပဒေတွေဟာ စားသုံးသူတွေအပေါ် ကာကွယ်ပေးနိုင်မှု မရှိဘူးလို့လည်း သူက ဆိုပါတယ်။ “ဥပဒေကတော့ အကာအကွယ်ပေးနိုင်တာ အခုအချိန်အထိ မရှိသေးဘူး။ ဥပဒေတွေက စာရွက်တွေပေါ်မှာ သေနေပါတယ်လို့ ပြောရမလိုပဲ၊ အသက်မ၀င်ဘူး။ နောက်တချက်က ဥပဒေကရှိတယ်၊ ဥပဒေ ပြင်ဆွဲတယ်ဆိုပေမယ့်လည်း လက်ရှိ ရှိနေတဲ့ဥပဒေက အသုံးပြုလို့ရတယ်။ ဥပမာ အမျိုးသား အစားအသောက် ဥပဒေပေါ့။ အမျိုးသား အစားအသောက်ဥပဒေဆို လက်ရှိပြဋ္ဌာန်းထားတယ်။ ထောင်သုံးနှစ်လောက်ထိ ချပစ်လို့ရတာပဲ။ အဲ့တော့ ဥပဒေ ရှိနေလျက်သားနဲ့ အရေးမယူနိုင်တာ၊ အရေးမယူတာပေါ့၊ အဲဒါပါ။” လက်ရှိမှာတော့ အများပြည်သူ စားသုံးဖို့မသင့်တဲ့ စားသောက်ကုန်တွေကို  အစားသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (အက်ဖ်ဒီအေ) က မကြာခဏ ထုတ်ပြန်ပေးနေပြီး အရေးယူ ဆောင်ရွက်မှုတော့  မရှိသလောက် နည်းပါးနေပါသေးတယ်။
5 years Ago
Up