ဦးထုပ်ဖြူ

July 25, 2018

ဆီးရီးယားနယ်စပ်တွင် ဦးထုပ်ဖြူ အရပ်ဘက်ကယ်ဆယ်ရေး အဖွဲ့ဝင် ၃၀၀ ခန့် ပိတ်မိနေဆဲ

ဦးထုပ်ဖြူလို့ ခေါ်ကြတဲ့ အရပ်ဘက် ကယ်ဆယ်ရေးအဖွဲ့ဝင် အယောက် ၃၀၀ လောက် ဆီးရီးယားနိုင်ငံ နယ်စပ်မှာ ပိတ်မိနေဆဲလို့ စီအန်အန် သတင်းဌာနက ဇူလိုင် ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ သူတို့ဟာ အစ္စရေးက သိမ်းပိုက်ထားတဲ့ ဂိုလန်ကုန်းမြင့်က ကယ်ဆယ်ရွှေ့ပြောင်းရေး နေရာကို ဇူလိုင် ၂၂ ရက်နေ့က အရောက်မလာနိုင် ဖြစ်ခဲ့တာလို့ လုပ်အားပေး ကယ်ဆယ်ရေး အုပ်စုက စီအန်အန်ကို ဇူလိုင် ၂၃ ရက်နေ့မှာ ပြောပါတယ်။ ဆီးရီးယားအစိုးရ စစ်ဆေးရေးစခန်းတွေက သူတို့အများစုကို သွားခွင့်မပြုဘူးလို့ ဦးထုပ်ဖြူ လုပ်အားပေး အဘူမာမွတ်က ပြောပါတယ်။ "အခြေအနေက မိနစ်တိုင်းမှာ ဆိုးလာနေတယ်၊ ဆီးရီးယား အစိုးရက ကျနော်တို့ကို ရှာနေတယ်" လို့လည်း သူက ပြောပါတယ်။ ရာနဲ့ချီတဲ့ ဦးထုပ်ဖြူ ကယ်ဆယ်ရေးသမားတွေနဲ့ မိသားစုဝင်တွေကို အစ္စရေးအစိုးရက ဇူလိုင် ၂၂ ရက်နေ့မှာ ကယ်ထုတ်ခဲ့ပါတယ်။ ဒါပေမယ့် အစ္စလာမ္မစ်နိုင်ငံ အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေနဲ့ ဆီးရီးယားအစိုးရတို့ကြား တိုက်ပွဲတွေ ပြင်းထန်နေလို့ ကျန်နေတဲ့အုပ်စုက ကယ်ဆယ်ရေးနေရာဆီ မလာနိုင်ခဲ့ကြဘူးလို့ ဦးထုပ်ဖြူတွေက ပြောပါတယ်။ ဆီးရီးယားတောင်ပိုင်းက အိုင်အက်စ်တွေရဲ့ နောက်ဆုံးလက်ကျန် ခြေကုပ်စခန်းကို ချေမှုန်းဖို့ ဆီးရီးယားအစိုးရက ကြိုးစားနေလို့ လတ်တလောရက်တွေအတွင်း တိုက်ပွဲ ပြင်းထန်နေတယ်လို့ စီအန်အန်က သတင်းထုတ်ပြန်ထားပါတယ်။
5 years Ago
Up