ဦးထုပ်ရောင်းသည့်စနစ်ဖြင့် အရေးယူ

April 27, 2017

မြိတ်တွင် ဦးထုပ်မဆောင်းဘဲ ဆိုင်ကယ်စီးနင်းသူများကို ဦးထုပ်ရောင်းသည့်စနစ်ဖြင့် အရေးယူ

မြိတ်မြို့မှာ ဆိုင်ကယ် ဦးထုပ်မဆောင်းဘဲ စီးနင်းသူတွေကို ဆိုင်ကယ်ဦးထုပ် ရောင်းတဲ့စနစ်နဲ့ စတင် အရေးယူနေပါတယ်။ ဧပြီ ၂၆ ရက်နေ့က မြိတ်မြို့ လမ်းဆုံလမ်းခွတွေမှာ ဖမ်းဆီးအရေးယူမှုကို စတင်ခဲ့ပြီ၊ ယာဉ်ထိန်းရဲတွေ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေ၊ အုပ်ချုပ်ရေးမှူးတွေနဲ့ ဒေသခံတွေ ပူးပေါင်းပါဝင်ခဲ့တယ်လို့ မြိတ်မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းက ပြောပါတယ်။ “ဦးထုပ်မဆောင်းဘဲ မောင်းတာတွေကို အဓိကစစ်ဆေးမယ်။ ပြီးတော့ ဆိုင်ကယ်လိုင်စင် မပါဘဲ မောင်းတာတွေ၊ နောက်ကြည့်မှန်မတပ်ဘဲ မောင်းတာတွေကို ပညာပေးတဲ့ အစီအစဉ်နဲ့ စတင်စစ်ဆေး အရေးယူမယ်။ ဆိုင်ကယ်ဦးထုပ်တွေကိုလည်း တခါတည်း ရောင်းပေးမယ်။ ဒီလိုမှ မလိုက်နာသေးဘူးဆိုရင်တော့ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ပညာပေးဗွီဒီယိုကို ၄ နာရီအထိ ထိုင်ကြည့်စေပြီး ဆိုင်ကယ်ဦးထုပ် ရောင်းမယ်။” မြိတ်မြို့မှာ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ပညာပေးအစီအစဉ်တွေ၊ ဟောပြောပွဲတွေကို မကြာခဏ ဆောင်ရွက်နေပေမယ့် မြို့နေလူထုအနေနဲ့ လိုက်နာမှု အားနည်းနေသေးတယ်လို့ ဆိုပါတယ်။ အများစုက ဆိုင်ကယ်ဦးထုပ် မဆောင်းကြဘဲ စီးနင်းလေ့ရှိပြီး ပညာပေးဆောင်ရွက်တဲ့ နေ့မှာပဲ ၁၀၃ စီး ဖမ်းဆီးရမိခဲ့တယ်လို့ အမှတ် (၇၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စုရုံးမှ သိရပါတယ်။ သတင်း - မြတ်ထွဋ်(မြိတ်)
4 years Ago
Up