ဦးထင်ကျော်

A d v e r t i s e m e n t With Us

March 22, 2018

သမ္မတကြီး ဦးထင်ကျော် ဘာတွေလုပ်ခဲ့သလဲ

နှစ်ပါင်း ၅၀ ကျော်အတွင်း မြန်မာပြည်ရဲ့ ပထမဆုံး ရွေးကောက်ခံ အရပ်သားစစ်စစ် သမ္မတ ဦးထင်ကျော်ဟာ နိုင်ငံရဲ့အကြီးအကဲတာဝန်ကို ၂၀၁၆ ခုနှစ် မတ်လကနေ ၂၀၁၈ ခုနှစ် မတ်လ  ၂၁ ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ မြန်မာပြည်ရဲ့ ၉ ယောက်မြောက်သမ္မတဖြစ်တဲ့ ဦးထင်ကျော်ဟာ သမ္မတတာဝန် ထမ်းဆောင်ခဲ့စဉ်ကာလ ၂ နှစ်လောက်အတွင်း လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး နေ့စွဲ သတင်းမှတ်တမ်းတွေကို  စုစည်းဖော်ပြလိုက်ပါတယ်။ မတ်-၁၅-၂၀၁၆ ပြည်ထောင်စုလွှတ်တော်မှာ ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့မှ ဒုသမ္မတအဖြစ် တင်မြှောက်ထားတဲ့ ဦးထင်ကျော်ကို မဲအရေအတွက် ၃၆၀ နဲ့ မြန်မာနိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်။ မတ်-၁၈-၂၀၁၆ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူ ဦးထင်ကျော် ပြည်ထောင်စုလွှတ်တော်သို့ လာရောက်ပြီး ပြည်ထောင်စုအစိုးရ ဝန်ကြီးဌာန အရေအတွက်၊ အမည်နှင့် ပြည်ထောင်စုဝန်ကြီးဦးရေ သတ်မှတ်ချက်တင်ပြ။ ၃၀-မတ်-၂၀၁၆ နှစ်ပေါင်း ၅၀ ကျော်အတွင်း မြန်မာပြည်ရဲ့ ပထမဆုံး ရွေးကောက်ခံ အရပ်သားသမ္မတသစ် ဦးထင်ကျော်ဟာ ပြည်ထောင်စုလွှတ်တော်မှာ ကျမ်းသစ္စာကျိန်ဆို ကတိသစ္စာပြုပြီးနောက် ပထမဆုံးအကြိမ် သမိုင်းဝင်မိန့်ခွန်းပြောကြား။ ၁၇-ဧပြီ- ၂၀၁၆ သမ္မတဦးထင်ကျော်က မြန်မာနှစ်ဆန်းတရက်နေ့မှာ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားကနေ ပြည်သူလူထုကို နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ပထမဆုံးအကြိမ် မိန့်ခွန်းပြောကြား။ ၂၁-ဧပြီ-၂၀၁၆ နိုင်ငံတော်သမ္မတဦးထင်ကျော် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကြီးရှိ နှလုံးသွေးကြောရောဂါ စမ်းသပ်ခန်းတွင် လာရောက်ပြီး စစ်ဆေးမှုခံယူ။ ၆-မေ-၂၀၁၆ အစိုးရသစ်ရဲ့ ပထမဆုံး နိုင်ငံခြားခရီးစဉ်အဖြစ် သမ္မတဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်တို့ လာအိုနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်။ ၁၈-မေ-၂၀၁၆ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ဟာ အာဆီယံ-ရုရှား နှစ် ၂၀ ပြည့် ထိပ်သီးစည်းဝေးပွဲတက်ဖို့ ရုရှားနိုင်ငံ ဆိုချီမြို့ကိုသွားရောက်။ ၁၅-ဇူလိုင်-၂၀၁၆ မွန်ဂိုလီးယားနိုင်ငံ မြို့တော် အူလန်ဘာတာတွင် ဇူလိုင် ၁၅ ရက်နေ့က စတင်ကျင်းပတဲ့ ၁၁ ကြိမ်မြောက် အာရှ-ဥရောပ ထိပ်သီးအစည်းအဝေးပွဲကို မြန်မာသမ္မတ ဦးထင်ကျော် ပါဝင်တက်ရောက်။ ၁၉-သြဂုတ်-၂၀၁၆ ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် အင်းရဲကျွန်းကျေးရွာရှိ ရေဘေးရှောင်ပြည်သူတွေကို သမ္မတ ဦးထင်ကျော်ကိုယ်တိုင် လှေနဲ့ သွားရောက်ကြည့်ရှု ထောက်ပံ့ပစ္စည်းများ ပေးအပ်။ ၂၅-သြဂုတ်-၂၀၁၆ အင်အားပြင်း ငလျင်လှုပ်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားတဲ့ ပုဂံရှေးဟောင်းဘုရားစေတီတွေကို ကြည့်ရှုစစ်ဆေးနိုင်ဖို့အတွက် နိုင်ငံတော်သမ္မတ ဦးထင်ကျော် ဦးဆောင်တဲ့ အစိုးရအဖွဲ့ တာဝန်ရှိသူတွေ ပုဂံဒေသကိုသွားရောက်။ ၂၇-သြဂုတ်-၂၀၁၆ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ဇနီး ဒေါ်စုစုလွင်တို့ အိန္ဒိယသမ္မတ ပရာနက်မူခါဂျီရဲ့ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံကို ၄ ရက်ကြာ ချစ်ကြည်ရေး ခရီးသွားရောက်။ ၂၅-အောက်တိုဘာ-၂၀၁၆ ဗီယက်နမ်က အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ၈ ကြိမ်မြောက် စီအယ်လ်အမ်ဗွီ ထိပ်သီးအစည်းအဝေး၊ ၇ ကြိမ်မြောက် အက်မက်စ် ထိပ်သီးအစည်းအဝေးနဲ့ မဲခေါင်ဒေသဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ်ကို ပါဝင်တက်ရောက်။ ၉-နိုဝင်ဘာ-၂၀၁၆ မြန်မာနိုင်ငံတော်သမ္မတ ဦးထင်ကျော်က နတ်ရွာစံ ထိုင်းဘုရင်မင်းမြတ် ဘူမိဘောကို ဘန်ကောက်မြို့ရှိ ထိုင်းဘုရင့်နန်းတော် Dusit Maha Prast Throne Hall မှာ သွားရောက် ဂါရဝပြု လွမ်းသူ့ပန်းခွေချ။ ၂၇-ဇန်န၀ါရီ-၂၀၁၇ မန္တ​လေးမြို့ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ MIIT အတွင်းမှာ ကျင်းပတဲ့ ကလေးစာပေပွဲတော်ကို နိုင်ငံတော်သမ္မတဦးထင်ကျော် တက်ရောက်ဖွင့်လှစ်။ ၃-ဖေဖော်ဝါရီ- ၂၀၁၇ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီးတို့ ကမ္ဘောဒီးယားနိုင်ငံကို ချစ်ကြည်ရေးခရီးစဉ် သွားရောက်။ ၆-ဧပြီလ- ၂၀၁၇ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ ဇနီးဒေါ်စုစုလွင်တို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံကို ချစ်ကြည်ရေးခရီး ထွက်ခွာ။ ၃-မေ-၂၀၁၇ နိုင်ငံတော်သမ္မတ ဦးထင်ကျော် ကျန်းမာရေးမကောင်းလို့ ရာထူးက နုတ်ထွက်စာ တင်ထားတယ်ဆိုတဲ့ လူမှုကွန်ရက်မှာ ပြန့်နေတဲ့သတင်းတွေ  မဟုတ်မှန်တဲ့အကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွန်ကြားရေးမှူးချပ် ဦးဇော်ဌေးက ဒီဗွီဘီကို ပြောကြား။ ၈-စက်တင်ဘာ-၂၀၁၇ သမ္မတဦးထင်ကျော်ဟာ ဘန်ကောက်မြို့ကို သွားရောက်ပြီး ဆေးစစ်ခံယူရာမှာ အူလမ်းကြောင်းမှာ (Colonic Polyp) တွေ့ရှိခဲ့လို့ အူလမ်းကြောင်းဆိုင်ရာ ခွဲစိတ်ကုသမှုခံယူ။ ၁၅-စက်တင်ဘာ-၂၀၁၇ နှစ်ပေါင်းများစွာ ဒီမိုကရေစီ ဆိတ်သုဉ်းနေခဲ့ရတဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ တည်ဆောက်ရေးဟာ ကာလရှည်ကြာ အချိန်ယူရမယ့် ခရီးရှည်ကြီးတခု ဖြစ်တယ်လို့ သမ္မတ ဦးထင်ကျော်က အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာပြောကြား။ ၂၆-အောက်တိုဘာ- ၂၀၁၇ သမ္မတ ဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင်တို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာကျင်းပတဲ့ ထိုင်းဘုရင် ဘူမိဘော အဒူလျာဒက်ဂ်ျရဲ့ တော်ဝင်ဈာပန အခမ်းအနားသို့ တက်ရောက်။ ၁၃-ဒီဇင်ဘာ-၂၀၁၇ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ ဇနီး ဒေါ်စုစုလွင်တို့ တိုကျိုမြို့မှာ ကျင်းပမယ့် Universal Health Coverage Forum အဆင့်မြင့်အစည်းအဝေးကို တက်ရောက်ဖို့နဲ့ ဂျပန်-မြန်မာ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဂျပန်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ သွားရောက်။ ၁-ဇန်န၀ါရီ-၂၀၁၈ ရွှေတိဂုံစေတီတော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာနဲ့  ပင့်သံဃာတော် အပါး ၁၈၀၀၀အား ဆွမ်းဆန်စိမ်းလောင်းလှူခြင်း မင်္ဂလာအခမ်းအနားမှာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်တက်ရောက်။ ၄-ဇန်န၀ါရီ-၂၀၁၈ လွတ်လပ်ရေးနေ့မှာကျင်းပတဲ့ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို တက်ရောက်အမှာစကားပြောကြားပြီး ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်ချီးမြှင့်။ ၉-ဇန်န၀ါရီ-၂၀၁၈ အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးထင်ကျော် အမျိုးသားစီမံကိန်းကော်မရှင် (၁/၂၀၁၈) အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား။ ၁၂-ဇန်န၀ါရီ-၂၀၁၈ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ ဇနီး ဒေါ်စုစုလွင်တို့ ကချင်ပြည်နယ် မချမ်းဘောမြို့နယ်ရှိ ကောင်းမှုလုံစေတီတော်ကို သွားရောက် ဖူးမြော်ကြည်ညို။ ၁၃-ဖေဖော်ဝါရီ-၂၀၁၈ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ ပါဝင်လက်မှတ်ရေးထိုးပွဲ အခမ်းအနားကျင်းပ။ ၁-မတ်-၂၀၁၈ ၂၀၁၈ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲနဲ့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ မဟာမင်္ဂလာအခမ်းအနားကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော် ပရိဝုဏ်ရှိ သာသနာ့မဟာဗိမာန်မှာ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးထင်ကျော် ပါဝင်တက်ရောက်။ ၆-မတ်-၂၀၁၈ ၂၀၁၆-၂၀၁၇ စည်းကြပ်နှစ်အတွက် ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်  အများဆုံး ပေးဆောင်ခဲ့သူတွေကို သမ္မတက ဂုဏ်ထူးဆောင်ဆုနဲ့ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်။ ၂၁-မတ်-၂၀၁၈ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးထင်ကျော်ဟာ လက်ရှိ အလုပ်တာဝန်တွေကနေ အနားယူလိုတာကြောင့် ၂၀၁၈ ခုနှစ် မတ်လ ၂၁ ရက်နေ့မှစ၍ နိုင်ငံတော်သမ္မတရာထူးမှ နုတ်ထွက်သွားကြောင်း သမ္မတရုံးကြေညာ။ ဓာတ်ပုံ - ပြည့်ဘုန်းအောင်  
3 years Ago

February 21, 2017

နိုင်ငံဖွံ့ဖြိုးရေးလုပ်ဆောင်ရန် ငွေကြေးအဓိက အခက်အခဲဖြစ်နေဟု သမ္မတပြောကြား

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လုပ်စရာတွေ အများကြီးရှိနေပြီး အဓိက အခက်အခဲက ငွေကြေး ဖြစ်တယ်လို့ နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ပြောကြားလိုက်ပါတယ်။ ဖေဖော်ဝါရီ ၂၁ ရက် မနက်က ချင်းပြည်နယ်၊ ဟားခါးမြို့၊ အ.ထ.က ၁ ဗိုလ်တိုက်ချွန်းခန်းမမှာ ဒေသခံပြည်သူလူထုတွေနဲ့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ တွေ့ဆုံခဲ့ကြပါတယ်။ တွေ့ဆုံပွဲမှာ နိုင်ငံတော်သမ္မတက ဒေသရဲ့ လိုအပ်ချက်တွေကို နားထောင်ဖို့၊ တတ်နိုင်တာတွေ ဖြည့်ဆည်းဖို့၊ လုပ်ပေးနိုင်တာရှိလည်း လုပ်ပေးဖို့ အခုလို လာရောက်ရတာဖြစ်တယ်လို့ အဖွင့်အမှာစကားမှာ ပြောကြားခဲ့ပါတယ်။ “နိုင်ငံတော်က တာဝန်ရှိတဲ့အတိုင်း လုပ်ပေးရမှာတွေ များစွာရှိပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက် ဖို့အတွက် နိုင်ငံတော်ရဲ့ မူဝါဒမှာ တပြေးညီ ဖွံ့ဖြိုးတိုးတက်ဖို့ ဖွံ့ဖြိုးမှုနည်းတဲ့ဒေသတွေကို ပိုမိုဦးစားပေးဆောင်ရွက်ဖို့ လိုတယ်။ ချင်းပြည်နယ်က ဖွံ့ဖြိုးမှု ဦးစားပေးဆောင်ရွက်ရမယ့်အထဲမှာ ပါဝင်နေတယ်။ လုပ်လည်း လုပ်ဆောင်နေပါတယ်။ လုပ်စရာတွေ အများကြီးရှိတယ်။ အဓိက အခက်အခဲက ငွေကြေး ဖြစ်တယ်။ မိသားစုတစုလိုပဲ အိမ်ထောင်အသုံးစရိတ်ကို ဘာသုံးကြမလဲ ဆိုတာ ကိုယ့်ဝင်ငွေ ကိုယ့်လိုအပ်ချက်ကို ကြည့်ပြီး သုံးကြရသလို နိုင်ငံတော်မှာလည်း နိုင်ငံတော်ရဲ့ ရန်ပုံငွေဘက်ဂျက်ကို ဦးစားပေးအရာတွေအတွက် ခွဲဝေသုံးစွဲကြရတာဖြစ်တယ်”လို့ လူထုတွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။ ဒေသခံ ပြည်သူတွေကတော့ မြို့တွင်းလမ်းတွေကို အဆင့်မြှင့်တင်ပေးဖို့၊  ခုတင် ၂၀၀ ဆေးရုံကနေ ခုတင် ၅၀၀ ဆေးရုံတိုးပေးဖို့၊ ချင်းပြည်တောင်ပိုင်းကို ဆက်သွယ်ထားတဲ့ ဟားခါး-မင်းတပ်-မတူပီ-ပလက်ဝလမ်းကို အဆင့်မြှင့်ကတ္တရာခင်းပေးဖို့၊ အစိုးရကနေ သစ်ခွဲစက်၊ သစ်အရောင်းဆိုင်တွေ ဖွင့်လှစ်ပေးဖို့၊ လျှပ်စစ်မလုံလောက်တဲ့အတွက် ဘွေနူးရေအားလျှပ်စစ်ကို ဖော်ဆောင်ပေးဖို့၊ နည်းပညာတက္ကသိုလ်ဖွင့်ပေးဖို့ စတဲ့ လိုအပ်ချက် ၆ ချက်ကို နိုင်ငံတော်သမ္မတကို တင်ပြတောင်းဆိုခဲ့ကြပါတယ်။ နိုင်ငံတော်သမ္မတနဲ့ အစိုးရအဖွဲ့ဝင်တွေက ဖေဖော်ဝါရီ ၁၉ ရက်နေ့ကတည်းက ၆၉ နှစ်မြောက် ချင်းအမျိုးသားနေ့ပွဲအတွက် ဖလမ်းမြို့ကို ရောက်ရှိလာခဲ့ပြီး ပြည်နယ်လုံးဆိုင်ရာ ချင်းအမျိုးသားနေ့ကို တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဆက်လက်ပြီး ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ ဟားခါးကို ရောက်ရှိလာခဲ့ပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံကာ ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ ဟားခါးမြို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး ထန်တလန်မြို့ကို ဆက်လက်ထွက်ခွာသွားပါတယ်။ သတင်း- ဓာတ်ပုံ အောင်ကိုလတ်
4 years Ago
More News
Up