ဦးဉာဏ

March 19, 2019

နဲဗားဆောရီး အဲဗားဂျော်လီရဲ့ ဖန်ဆင်းရှင် ဉာဏ (သုတကဖေး)

ဆရာသိန်းဖေမြင့်ကတော့ “နဲဗားဆောရီး အဲဗားဂျော်လီ ဦးဉာဏ” လို့ ခေါင်းစဉ်ပေးပြီး သူ့အကြောင်းကို ရေးခဲ့ဖူးတယ်။ “နဲဗားဆောရီး အဲဗားဂျော်လီ” ဆိုတာ ဆရာဉာဏရဲ့ သီချင်းပါ။ ဒီသီချင်းကို ဒုတိယကမ္ဘာစစ်မဖြစ်မီ နှစ်ပေါင်းများစွာက ရေးခဲ့တာလို့ဆိုတယ်။ အဲ့ဒီအချိန်က သူနဲ့တကွ ပီမိုးနင်း အပါအဝင် စာရေးဆရာတွေ လွန်စွာကျပ်တည်းဆင်းရဲကြတဲ့ ကာလပေါ့။ လူအများလည်း ကြွေးထူနေချိန်ပါ။ ဒါကြောင့် လူ့လောက အဖြစ်အပျက်တွေကို ရဲရဲရင်ဆိုင်ကြဖို့ နှိုးဆော်လိုက်တဲ့သီချင်းလို့ သိန်းဖေမြင့်က ဆိုပါတယ်။ သူ့သီချင်းက… “ကြွေးထူပေမယ့်++ မပူချင်သည် ++ ဖြစ်ချင်ရာဖြစ်တော့ ++ နဲဗားဆောရီး ++ ပျော်ပျော်နေ အသက်ရှည်မည် ++ အဲဗားဂျော်လီ” ဒီနေ့ခေတ်လူငယ်တွေ ဒီသီချင်းကို ကြားဖူးသူ နည်းပါလိမ့်မယ်။ တချိန်က မြန်မာလူထုကြားမှာ အလွန်ခေတ်စားခဲ့တဲ့ သီချင်းပါ။ သူ့ဘဝနဲ့ ဒီသီချင်းဟာ ဆက်စပ်နေတယ်။ “ဖြစ်ချင်ရာဖြစ်သော လူ့ပြည် ++ ပျက်ချင်ရာပျက်သော လူ့ပြည် ဤလူ့ပြည် ++ ဘာပဲဖြစ်ဖြစ် ++ ဖြစ်ချင်ရာဖြစ်ပါစေ ++ ကံ ကံ၏အကျိုးကို ++ဗ မာတို့ ယုံ ယုံကြည်။” တဲ့..။ ပြည်ခရိုင် သဲကုန်း၊ ဆင်မြီးဆွဲဇာတိ။ ငယ်နာမည် အုန်းမောင်။ ၇ တန်းရောက်တော့ ကျောင်းပြေးရာက အိမ်ပြေးအဖြစ် ထွက်သွားခဲ့တယ်။ ငွေမရှိတော့ မီးရထားအလုပ်သမားနဲ့ ပေါင်းပြီး ရှမ်းပြည်မြောက်ပိုင်းအထိ ရောက်တယ်။ ဖွင့်ကာစ နမ္မတူဘော်တွင်းမှာ အလုပ်လုပ်လိုက်သေးတယ်။ လမ်းခရီးမှာ ထမင်းစားဖို့ ထမင်းဆိုင်မှာ ပုဂံဆေး၊ အထုပ်ထမ်းမျိုးစုံလုပ်ပြီး ဝမ်းကြောင်းခဲ့တာ။ နောက်တော့ စစ်ထဲဝင်တယ်။ အသက်မပြည့်တော့ တပ်က ထုတ်လိုက်ပြန်တယ်။ ဒီလိုနဲ့ အိမ်ကို တခေါက်ပြန်ရောက်ခဲ့ပြန်တယ်။ အိမ်ပြေးတော့ ၁၃ နှစ်ကျော် ၁၄ နှစ်သားလောက်ပဲ ရှိဦးမှာပါ။ မိဘတွေက ခြေငြိမ်အောင်လို့ဆိုပြီး မိန်းမပေးစားဖို့ စီစဉ်တယ်။ သူ့အသက် ၁၆ နှစ်ရောက်တော့ မိဘစိတ်ချမ်းသာအောင် အိမ်ကပေးစားတဲ့ မမြဆိုသူနဲ့ လက်ထပ်လိုက်တယ်။ သူမိန်းမယူပြီး မကြာမီ မိခင်ဖြစ်သူ သေဆုံးသွားတယ်။ မကြာမီ ၁၇ လသားအရွယ် ညီငယ်လည်း ဆုံးပြန်တယ်။ ညီငယ်ဆုံးလို့ ရက် ၂၀ အကြာမှာ ဖခင်ဖြစ်သူပါ ထပ်မံသေဆုံးသွားပြန်ရော။ အဲ့ဒီကာတလျှောက်လုံး ကိုအုန်းမောင်ဘဝမှာ ကြမ္မာဆိုးငင်တဲ့ ကာလလို့တောင် ဆိုရမှာပါ။ ဒီအတွေ့ကြုံတွေကပဲ သူ့သီချင်းထဲမှာ… “အော်.. လူ့ဘုံ.. လူ့ဘုံ + သေတာလည်း အဆန်းမဟုတ်သည် ++ ရှင်တာလည်း အဆန်းမဟုတ်သည် ++ ဆင်းရဲတာလည်း အဆန်းမဟုတ် ++ နကမ္ပတိ မတုံလှုပ်နိုင်ပါပြီ” လို့ ထည့်သွင်းစပ်ဆိုခဲ့ပါတယ်။ အဲဒီလို လောကဓံကို ကြံ့ကြံ့ခံရင်း မိဘပေးစားတဲ့ မယားကို လက်တွဲခေါ်ပြီး ရန်ကုန်မှာ စာရေးဆရာလုပ်ဖို့ ဆင်းလာခဲ့တယ်။ ရောက်စမှာပဲ အခန်းကျဉ်းလေးထဲ လင်မယားနှစ်ယောက် နေရင်း စာပေနယ်ထဲ ဝင်လာခဲ့တယ်။ အကြည်တော်မဂ္ဂဇင်းမှာ ဝတ္ထုတိုတပုဒ် စပါတယ်။ ဒီကြားထဲ စားဝတ်နေရေးအတွက် အလုပ်မျိုးစုံလုပ်ရတယ်။ ကြော်ငြာကမ်းတဲ့အလုပ်၊ စာအုပ်ရောင်းတဲ့အလုပ်ကအစ အစုံလုပ်ပြီး ဝမ်းမီးဖြည့်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒဂုန်မဂ္ဂဇင်းမှာ ဝတ္ထုများရေးပြီး ဒဂုန်ဉာဏ ဖြစ်လာတယ်။ နောက်တော့ ဉာဏကလောင်နဲ့ ရုပ်ရှင်ဇာတ်ညွှန်းတွေ ရေးလာတယ်။ ရုပ်ရှင်ဒါရိုက်တာအဖြစ်လည်း လုပ်ဆောင်ခဲ့တယ်။ ပထမဆုံး အသံထွက်ရုပ်ရှင်ဟာ ဆရာဉာဏ ဒါရိုက်တာလုပ် ရိုက်ကူးခဲ့ပါတယ်။ ဂျပန်ခေတ်မှာ ဗမာသစ်ပြဇာတ်ကို ရေးပြီး ဇာတိမာန်ကို မြှင့်တင်ပေးခဲ့တယ်။ သူ့ရဲ့ ဗမာသစ်ပြဇာတ်ဟာ ပြဇာတ်စာပေအင်္ဂါရပ်နဲ့ အပြည်စုံဆုံးစာအုပ်လို့ ဆိုတယ်။ လွတ်လပ်ရေးခေတ်ရောက်တော့ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးနုနဲ့ ဒီးဒုတ်ဦးဘချိုတို့က သူ့ကလောင်စွမ်းကို သိတဲ့အတွက် ပြန်ကြားရေးဌာန ညွှန်ကြားရေးဝန် ခန့်ခဲ့တယ်။ နောက်တော့ ရုပ်ရှင်နဲ့ ပြဇာတ် ညွှန်ကြားရေးဝန် လုပ်ခဲ့ရပြန်တယ်။ ဗိုလ်အောင်ဆန်းနဲ့ ဖဆပလကို ယုံကြည်တဲ့အလျောက် တလျှောက်လုံး အကူအညီပေးခဲ့တယ်။ ကလောင်နဲ့တမျိုး ရုပ်ရှင်နဲ့တဖုံ ပြဇာတ်နဲ့တသွယ် စွမ်းစွမ်းတမံပါပဲ။ သူကိုယ်တိုင်ရေးတဲ့ ဉာဏနိဒါန်းမှာတော့… “အိမ်ပြေး ကျောင်းပြေး၊ အပြေးစုံစွာ လေလွင့်ရာ လက်ဘက်ရည်ဆိုင် စားပွဲထိုး၊ ပုဂံဆေး၊ ကြော်ငြာကမ်း၊ စာအုပ်ရောင်း သောင်းပြောင်းထွေလာ၊ မီးရထားဘက်၊ သံကြိုးပညာ၊ အင်္ဂလိပ်လက်ရေးတို လက်နှိပ်စက်ပညာ၊ အရေးပိုင်ရုံးစာရေးမှ ညောင်လှ၊ ရေနံချောင်းဘီအိုစီ၊ တောင်ငူမဂ္ဂရီကာ၊ စစ်ထဲမှာလည်းကော်ပရာ၊ တပ်ကြပ်၊ စတီးဘရားသားမှာ ဗမာစာပြဆရာလေး၊ ဝတ္ထုရေးဆရာ၊ ဇာတ်ညွှန်းရေးဆရာ၊ ရုပ်ရှင်ဒါရိုက်တာ၊ သတင်းစာဆရာ၊ သီချင်းရေးဆရာ၊ လွတ်လပ်ရေးခေတ်ထဲတွင် ညွှန်ကြားရေးဝန်အဖြစ် ပါဝင်နွှဲလိုက်သေးသည်” လို့ ကိုယ်တိုင်ဖော်ထုတ်ရေးခဲ့ပါတယ်။ အဲဒီလို ဘဝအစုံစုံမှာ ဒုတ္ခအဖုံဖုံကို စိတ်မပျက်အားမငယ် ရင်ဆိုင်ကျော်ဖြတ်ခဲ့တဲ့ ဦးဉာဏရဲ့ဆောင်ပုဒ်က “ဆင်းရဲတာလည်း အဆန်းမဟုတ်၊ နကမ္ပတိ မတုံလှုပ်နိုင်ပါပြီ။” ဆိုသလိုပါပဲ။ တကယ်ကို နကမ္ပတိ။ အရာရာကို အကောင်းဘက်က ကြည့်ရှုသူတဦးလို့ ဆိုရမယ်ထင်ပါတယ်။ ယုတ်စွအဆုံး သူ့စအိုမှာ ဂရင်ဂျီနာ စွဲကပ်နေတာကိုပင် ဒုက္ခလို့မထင်ခဲ့။ လူပေလူတေကြီးကိုတော့ ဗိုလ်နေဝင်းက သံယောဇဉ်ရှိဟန်ပဲ။ သူ့ကို မင်္ဂလာဒုံစစ်ဆေးရုံတင်ပြီး ခွဲစိတ်ဖို့လုပ်ရာမှာ ခွဲစိတ်ရက်မတိုင်မီ ဆေးရုံကနေ ထွက်ပြေးသွားသတဲ့။ ပြီးတော့ သူပြောပုံက “ကွာ ငါသက်သာအောင် နေတတ်ပါတယ်။ ကိစ္စမရှိပါဘူး။ ပြီးတော့ ငါ့မှာ ဒီရောဂါလေးနဲ့ အဖော်လုပ်နေရတာ သူပျောက်သွားရင် ပျင်းစရာကြီး” ဟူသတတ်။ အဲ့ဒီဆရာကြီးဦးဉာဏဟာ တမူးတန်ဝတ္ထုခေတ်မှာ ဝတ္ထုပေါင်း ၃၀ ကျော်ရေးခဲ့တယ်။ နာမည်အကြီးဆုံးကတော့ “မိထွေး” ဝတ္ထုပါ။ ဒီဝတ္ထုမှာ သူများလို မိထွေးမကောင်းကြောင်း မဟုတ်ဘဲ အလွန်တော်ပြီး သားသမီးနဲ့မခြား ပြုစုပျိုးထောင်ပေးခဲ့တဲ့ မိထွေးကို အခြေခံရေးတာ။ အလွန်လူကြိုက်များတဲ့ ဝတ္ထုလို့ ဆိုပါတယ်။ “လင်ကိုးလင်” ဝတ္ထုမှာလည်း လင်များတိုင်း မိန်းမပျက်မဟုတ်။ လင်ယောက်ျားဆိုးလို့ ဆက်မပေါင်းနိုင်လို့ ကွာရှင်းတာ အပြစ်မဟုတ်ကြောင်း အများလက်ခံ စာနာနိုင်အောင်ရေးခဲ့တာ။ မြန်မာရုပ်ရှင်အတွက် ဇာတ်ညွှန်းသင်တန်းတွေ ပေးခဲ့သေးတယ်။ နောက်ဆုံးအချိန် ဆေးရုံပေါ်ရောက်သည်အထိ ဇာတ်ညွှန်းသင်တန်းစာရွက်တွေ သယ်ဆောင်လာသေးတယ်။ ဆေးရုံတက်တာကလည်း သူ့မိတ်ဆွေကြီး ဒေါက်တာကြည်ပေါက ဇွတ်ဆွဲတင်တော့မှ “ဖြစ်ချင်ရာဖြစ်ကွာ မင်းတို့ကြိုက်သလိုသာ လုပ်ကြ” လို့ပြောပြီး တက်ခဲ့တာ။ ဒါတောင် ဆေးရုံပေါ်မှာ သိမ်ဖြူကျောင်းမှာ ကုရင် မကောင်းဘူးလားလို့ပြောလို့ မဖြစ်နိုင်ကြောင်း၊ ဟိုမှာ စောင့်ရှောက်ဖို့ လူမရှိကြောင်းပြောတော့ “သီလရှင် ၂ ပါးလောက်မှ မရှိဘူးလားကွ” လို့မေးရင်း ဟာသလုပ် လိုက်နိုင်သေးတယ်။ အများအမြင်နဲ့မတူတဲ့ သူ့စာတွေဟာ သူ့ဘဝတစိတ်တဒေသကို ဖော်ညွှန်းနေတယ်လို့ ဆိုကြပါတယ်။ မှတ်သားစရာတခုက ဓလေ့ထုံးတမ်း အစဉ်အလာအရ သည်းခံခြင်း၊ ရိုကျိုးခြင်း အကြောင်းပြောပြီး ဆုံးမလေ့ရှိတယ်။ ဒါပေမယ့် ဆရာဦးဉာဏကတော့ “သည်းခံလွန်းရင်လည်း လူညွန့်တုံးတတ်တယ်ကွ” လို့ ပြန်လည်အားပြုပေးတတ်သလို အဲလို ထူးထူးခြားခြား မှတ်သားဖွယ်ရာ ကောက်ချက်ပေးတတ်တဲ့သူလည်း ဖြစ်တယ်။ “ပူတယ်ဆိုတာ ပိုပါသည်++ ကိုယ့်မှာ အန္တရာယ်ငြိမည်++ ဒါကြောင့်မို့ ပျော်အောင်နေမည် ++ နေ့ရောညရော++ စိတ်ဇောရွှင်ရွှင်ကြည်။ “ဖြစ်ချင်ရာဖြစ်တော့++ နဲဗားဆောရီး++ ပျော်ပျော်နေ အသက်ရှည်မည်++ အဲဗားဂျော်လီ++။ ဘဝကို နဲဗားဆောရီးလုပ်ခဲ့တဲ့ အဲဗားဂျော်လီ ဦးဉာဏဟာ ၁၉၆၉ ခုနှစ်ထဲမှာတော့ သူ့အဖော် ဂရင်ဂျီနာရဲ့ အထုအထောင်းကိုခံယူရင်း ကွယ်လွန်အနိစ္စ ရောက်ခဲ့ပါတယ်။ သူကတော့ ဘဝတလျှောက်လုံး လက်မြှောက်အရှုံးမပေးဘဲ ကြုံတွေ့ရာဒုက္ခအဝဝကို နဲဗားဆောရီးလုပ်လို့ အနိုင်ယူသွားခဲ့ပါပြီ။ ကျနော်တို့တတွေလည်း ကြုံဆုံရာဘဝရဲ့ အနိဋ္ဌာရုံတွေကို ကျော်ဖြတ်ရင်း ဦးဉာဏလိုပဲ နဲဗားဆောရီး လုပ်လိုက်ကြစို့လားဗျာ။ ဒီဗွီဘီသင်္ဂဟအပေါင်း နဲဗားဆောရီး အဲဗားဂျော်လီနိုင်ကြပါစေ။ ဆရာဋ္ဌေး ရည်ညွှန်း - ဦးသိန်းဖေမြင့် (သူတို့ခေတ်၊ သူတို့အတိတ်၊ သူတို့အရိပ်။) စံပြတင်ဦး (မြန်မာစာရေးဆရာ အဘိဓာန်)
3 years Ago
Up