ဦးစိုးမိုး

July 31, 2015

ရှက်ဖီးရောက် ကရင်တိုင်းရင်းသား ကလယ်ဟဲ မြန်မာကိုယ်စားပြုကစားရန် အကြောင်းပြန်

အင်္ဂလန် တတိယတန်း လိဂ်ဝမ်းက ရှက်ဖီးယူနိုက်တက် ကလပ်အသင်းမှာ ကစားနေတဲ့ ကရင်ဘောလုံးသမား ကလယ်ဟဲဟာ မြန်မာနိုင်ငံကိုယ်စားပြု ကစားချင်တယ်လို့ အကြောင်းပြန်ကြားလိုက်ပါတယ်။ ဇူလိုင် ၃၀ ရက် မနက်ပိုင်းက ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတွေထံကို အကြောင်းပြန်ကြားလာတာဖြစ်တယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးစိုးမိုးက ဒီဗွီဘီကို ပြောပါတယ်။ “နည်းပြကတော့ စမ်းသပ်ဦးမှာပေါ့။ အကောင်းဆုံးခြေစွမ်းရှိရင်တော့ ရွေးမှာပေါ့ဗျာ နည်းပြက။ ဘယ်အသင်းမှာရွေးမလဲ။ သူကငယ်သေးတော့ ဥပမာ ယူ ၂၀ မှာရွေးမလား၊ ယူ ၂၂ မှာရွေးမလား၊ ယူ ၂၃ မှာရွေးမလား၊ ဒါကတော့ နည်းပြတွေ ဆုံးဖြတ်မှာပေါ့။ ကျနော်တို့ကတော့ ဘောလုံးသမားကောင်းတယောက် လာကစားနိုင်တယ်၊ ကိုယ့်မြန်မာကိုလည်း ကိုယ်စားပြုနိုင်တယ်ဆိုရင်တော့ ၀မ်းမြောက်ဝမ်းသာ ကြိုဆိုတာပေါ့” လို့ ဦးစိုးမိုးက ပြောပါတယ်။ ဒါပေမယ့်လည်း ချက်ချင်းထည့်ကစားလို့ရတဲ့ အခြေအနေ မဟုတ်သလို တခြား လုပ်ဆောင်ရမယ့် ကိစ္စတွေ ရှိနေတဲ့အတွက် သက်ဆိုင်ရာ ၀န်ကြီးဌာနနဲ့ ပူးပေါင်း ဆောင်ရွက်သွားရမယ်လို့ ဆိုပါတယ်။ မြန်မာဘောလုံး ပရိသတ်တွေဟာ အသက် ၁၉ နှစ်ရှိ ကလယ်ဟဲကို စိတ်ဝင်စားနေသလို သူဟာ အင်္ဂလန် ပတ်စ်ပို့စ်ကိုင်ဆောင်ထားသူလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းမှာပဲ ရှက်ဖီးယူနိုက်တက် အသင်းကြီးက ကလယ်ဟဲကို စာချုပ်ချုပ်ဆို ခေါ်ယူထားပါတယ်။
7 years Ago
Up