ဦးစားပေးသင့်တယ်- ဒေါက်တာဆလိုင်းငွန်ကျုံးလျန်

June 10, 2017

ငြိမ်းချမ်းရေးညီလာခံမှာ ဥပဒေပြုပုံစံထက် မူထွက်ဖို့ကို ဦးစားပေးသင့်တယ်- ဒေါက်တာဆလိုင်းငွန်ကျုံးလျန်

ကနေဒါနိုင်ငံရောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့  ကနေဒါဝန်ကြီးချုပ် Trudeau တို့ တွေ့ဆုံခဲ့ရာမှာ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ လက်ရှိ မြန်မာ့ပြုပြင်ပြောင်းလဲရေးကိစ္စတွေ ဆွေးနွေးကြပါတယ်။  တွေ့ဆုံပွဲအပြီးမှာ ကနေဒါက မြန်မာကို ဒေါ်လာ ၈ ဒသမ ၈ သန်း ထောက်ပံ့မယ်လို့လည်း ကြေညာခဲ့ပါတယ်။ ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံကို ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ထူထောင်ဖို့ ၂၁ ရာစု ပင်လုံညီလာခံမှာ မူဝါဒချမှတ်အပြီး ပထမဆုံးထွက်တဲ့ခရီး ဖြစ်ပါတယ်။ ဒီခရီးစဉ်နဲ့ ဖက်ဒရယ်ရေးရာကိစ္စတွေကို ငြိမ်းချမ်းရေးနဲ့ပြန်လည်သင့်မြင့်ရေးစင်တာ ဥပဒေအကြံပေး ဒေါက်တာဆလိုင်း ငွန်ကျုံးလျန်ကို ဒီဗွီဘီက တွေ့ဆုံမေးမြန်းခဲ့ပ့ါတယ်။ မေး။ ကနေဒါနိုင်ငံကို ရောက်ရှိလည်ပတ်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကနေဒါဝန်ကြီးချုပ်နဲ့ ဆွေးနွေးခဲ့တယ်၊ ရလဒ်တွေက ဘာတွေပါလဲခင်ဗျ။ ဖြေ။ အဲဒါကတော့နိုင်ငံတခုနဲ့တခု တွေ့တဲ့အချိန်မှာ အပြန်အလှန် အကူအညီပေးကြမယ်။ နောက်ပြီးတော့ ကနေဒါက စိတ်ဝင်စားတဲ့ဟာက စီးပွားရေးပူးပေါင်းဆောင်ရွက်ဖို့၊ လူ့အခွင့်အရေးဆိုင်ရာ၊ အမျိုးသမီးနဲ့ ကလေးသူငယ်များ၊ နောက်ပြီးတော့ တိုင်းရင်းသားလူနည်းစု အခွင့်အရေးတွေအပါအ၀င် မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေး၊ ပြုပြင်ပြောင်းလဲရေးမှာ သူတို့တွေအနေနဲ့ တတ်နိုင်သလောက်ကူညီဖို့ ဆိုတဲ့ဟာတွေက အားလုံးက ကြားပြီးသားဖြစ်ပါတယ်။ မေး။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဖက်ဒရယ်စနစ်ကျင့်သုံးတဲ့နိုင်ငံတွေ အများကြီးထဲမှာ ကနေဒါနိုင်ငံကို ရွေးချယ်ပြီးတော့ ပထမဆုံးသွားရောက်ပြီးတော့ ဆွေးနွေးတယ်၊ အကြံဉာဏ်တွေ ရယူတာဟာ ဘာကို ညွှန်ပြသလဲခင်ဗျ။ ဖြေ။ ကျနော့်အမြင်မှာတော့ ကနေဒါနိုင်ငံကို သွားတာ၊ ကနေဒါနိုင်ငံက ဖက်ဒရယ်တိုင်းပြည်ကြီးတခုဖြစ်လို့ သွားတယ်ဆိုတဲ့ဟာထက် ဒီဟာက နိုင်ငံတကာ ဆက်ဆံရေးအရ တရုတ်ပြည်လည်းသွားတယ်၊ ပြီးတော့ တခြားနိုင်ငံတွေလည်း သွားတယ်။ နောက်တော့ ကနေဒါလည်းသွားတယ်၊ နောက်လည်း သွားနေရဦးမှာပါ။ ဘာလို့လည်းဆိုတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူက အိန္ဒိယမှာလည်း ကျောင်းတက်ခဲ့တယ်၊ ဘွဲ့ရခဲ့တယ်။ အောက်စဖို့တ်မှာလည်း တက်တယ်၊ အမေရိကန်မှာလည်းနေတယ်ဆိုတော့ ဒီဖက်ဒရယ်ကိစ္စကို လေ့လာဖို့ဆိုတာထက် သူက သိပြီးသားလူတစ်ဦးပါ။ အဲဒီတော့ ဗမာပြည်အတွက် ဘယ်ဟာ အကောင်းဆုံးဖြစ်မလဲဆိုတဲ့ဟာ သင်ခန်းစာတော့ နိုင်ငံပေါင်းစုံကနေ ယူရမှာပေါ့။ အဲဒီလိုပဲ ကျနော်မြင်ပါတယ်။ မေး။ ကနေဒါဝန်ကြီးချုပ်ရုံးထုတ်ပြန်ချက်ထဲမှာ ဖက်ဒရယ်နဲ့ပတ်သက်လို့လည်း၊ ကနေဒါနိုင်ငံရဲ့ ဖက်ဒရယ်ကို လေ့လာမယ်ပေါ့။ လွန်ခဲ့တဲ့ရက်ပိုင်းက ဖက်ဒရယ်ဖိုရမ်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်တက်ခဲ့တယ်။ ဆိုတော့ ကနေဒါရဲ့ဖက်ဒရယ်ပုံစံက မြန်မာပြည်နဲ့ ပိုနီးစပ်တယ်လို့ ခန့်မှန်းချက်တွေအပေါ်မှာ ဆရာ ဘာပြောချင်လဲ။ ဖြေ။ အဲဒါတော့ ဖက်ဒရယ်စနစ်ကျင့်သုံးတဲ့ နိုင်ငံများစွာထဲမှာ ဘယ်နိုင်ငံက ကျနော်တို့နဲ့ အနီးစပ်ဆုံးဆိုတဲ့ဟာထက် ဒီဖက်ဒရယ်စနစ်ကို အခြေခံပြီးတော့ ကျနော်တို့ ဘယ်လိုပုံစံနဲ့ မြန်မာနိုင်ငံကို ဖက်ဒရယ်နိုင်ငံဖြစ်အောင် တည်ဆောက်မလဲဆိုတဲ့ဟာ ပိုအရေးကြီးတယ်လို့ ထင်ပါတယ်။ ဥပမာအနေနဲ့ ကနေဒါနဲ့ အမေရိကန်က ဖက်ဒရယ်နိုင်ငံတွေပါ။ အိမ်နီးနားချင်းပါ။ ဥပမာဆိုလို့ရှိရင် ကနေဒါနိုင်ငံမှာ Provences တွေမှာ သူတို့အခြေခံဥပဒေ သီးသန့်မရှိပါဘူး။ ဒါပေမယ့် အမေရိကန်မှာ ပြည်နယ်တိုင်းမှာ အခြေခံဥပဒေရှိပါတယ်။ အဲဒီတော့ ပြီးခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာလည်း ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေ အခြေခံဥပဒေ သီးသန့်ရေးဆွဲရေးဆိုတဲ့ ကိစ္စမှာ ဟိုဘက်၊ ဒီဘက် သဘောမတူခဲ့တဲ့ဟာတွေ ရှိပါတယ်။ အဲဒီတော့ ကနေဒါသွားတဲ့ဟာက အခုကျနော်တို့မှာ လောလောဆယ်ဖြစ်နေတဲ့ဟာနဲ့ တူပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာပြောနေတဲ့၊ အများက ပြောနေတဲ့ကိစ္စက အမေရိကန်ဖက်ဒရယ်ပြည်ထောင်စုပုံစံမျိုးကို ပြောနေတယ်လို့ ကျနော်မြင်ပါတယ်။ မေး။ ဖက်ဒရယ်ကို ကနေဒါကျင့်သုံးတယ်၊ သြစတြေးလျှကျင့်သုံးတယ်ပေါ့။ မြန်မာပြည်မှာရော တိုင်းဒေသကြီး ပြည်နယ်တွေမှာ ကိုယ်ပိုင်ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်တဲ့အုပ်စုက တော်တော်အားကောင်းလား။ ဘာလို့လည်းဆိုတော့ အဲဒီကိစ္စက ညီလာခံမှာ မဆွေးနွေးနိုင်သေးဘဲ (ပြည်ထောင်စုကနေ ခွဲမထွက်ရ) စာသားမှာ အငြင်းပွားပြီး ရပ်ခဲ့ကြတာဆိုတော့။ ဖြေ။ ဟုတ်ကဲ့ ဆန့်ကျင်တဲ့အုပ်စုလို့ ကျနော်တော့ မမြင်ပါဘူး။ ဘာလို့လည်းဆိုတော့ လွတ်လပ်စွာ ရေးသားပြဋ္ဌာန်းခွင့်ရှိရမည်ဆိုတဲ့ဟာနဲ့ ဖက်ဒရယ်ပြည်ထောင်စု၏ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ့၊ အဲဒါနဲ့အညီဖြစ်တယ်ဆိုတဲ့ ကြားထဲမှာ ကွဲလွဲမှုတွေရှိတာဖြစ်ပါတယ်။ အဲဒီတော့ ကျနော်တို့ အချိန်ယူပြီးတော့ ဆွေးနွေးမယ်၊ ညှိနှိုင်းမယ်ဆိုလို့ရှိရင် ဒီဟာက အဖြေထွက်မယ်လို့ ကျနော်တော့ ယူဆပါတယ်။ ကျနော့်ပုဂ္ဂိုလ်ရေးအမြင်ကတော့ ဒီပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီတဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး အခြေခံဥပဒေရေးတယ်ဆိုတာ ဘာမှ ပြဿနာမရှိပါဘူး။ နောက်ပြီးတော့ ပြည်ထောင်စုအခြေခံဥပဒေ အထူကြီးကို ကျနော်တို့က နည်းနည်းနည်းနည်းဆီ ခွဲပြီးတော့ ပါးပါးလေးဖြစ်အောင် လုပ်ဖို့ဟာလို့ပဲ ကျနော် အဲဒီလိုပဲ သဘောထားပါတယ်။ မေး။ ကနေဒါမှာ ကျင်းပခဲ့တဲ့ ဖက်ဒရယ်ဖိုရမ်မှာ မဏ္ဍိုင်သုံးရပ် ခွဲခြားကျင့်သုံးမှုကို ဆွေးနွေးကြတယ်။ ကနေဒါကျင့်သုံးနေတဲ့ ပုံစံနဲ့ တခြားနိုင်ငံတွေက ကျင့်သုံးပုံတွေ ဘာကွာခြားကြလဲ။ ဖြေ။ ဖက်ဒရယ်စနစ်ကိုကျင့်သုံးတဲ့ နိုင်ငံ ၂၀ ကျော်ထဲမှာ အများအားဖြင့် ဖွဲ့စည်းမှုသဏ္ဌာန်ပေါ့၊ အင်္ဂလိပ်လိုပြောရင် Structure ပေါ့၊ အဲဒါကတော့ အတူတူပါပဲ။ ဥပမာ - အစိုးရ ၂ ရပ် အနည်းဆုံးရှိရမယ်။ နောက်ပြီးတော့ အဲဒီ အစိုးရ ၂ ရပ်ဟာ နိုင်ငံသားတွေအပေါ်မှာ ကွဲပြားတဲ့ အကျိုးသက်ရောက်မှုရှိရမယ်။ နောက်ပြီးတော့ လွတ်လပ်တဲ့ တရားစီရင်မှုရှိရမယ်၊ နောက်ပြီးတော့ ဒီဖက်ဒရယ်လို့ ပြောတာနဲ့ သူ့မှာ အစိတ်အပိုင်းတွေ ရှိပါတယ်။ ယူနစ်လို့ခေါ်တာပေါ့။ ပြည်နယ်လို့ ခေါ်မလား၊ Canton လို့ခေါ်မလား၊ ဒါမှ မဟုတ် Province လို့ခေါ်မလား။ အဲဒီဟာတွေကို ပြည်ထောင်စုအဆင့်မှာ ကိုယ်စားပြုတဲ့ဟာရှိရမယ်။ နောက်ပြီးတော့ ဒီပြည်ထောင်စုနဲ့ ဒီပြည်နယ် ဒါမှမဟုတ် ဒေသန္တရတွေ ကြားမှာ အပြန်အလှန် ပူးပေါင်းပြီးတော့ လုပ်ဆောင်တဲ့ စနစ် လမ်းကြောင်း ရှိရမယ်။ အဲလိုမျိုး Structure ၅ ခုပေါ်မှာ အခြေတည်ပြီးတော့ တည်ဆောက်ကြတာဖြစ်ပါတယ်။ ဒါပေမယ့် ထူးခြားတာလေးတခုက ဥပမာ အမေရိကန်မှာဆိုလို့ရှိရင် လက်ထပ်စာချုပ်တို့ ဘာတို့ဆိုတာ ပြည်နယ်က ကိုင်ပါတယ်။ ဒါပေမယ့် ကနေဒါမှာကျတော့ ပြည်ထောင်စုက ကိုင်တယ်။ အဲဒီတော့ ပြည်ထောင်စုပဲကိုင်ကိုင်၊ ပြည်နယ်ပဲကိုင်ကိုင် သူ့မှာ သီးသန့်ရ အဲလို ခွဲခြားပြီးတော့ ဥပဒေအရ၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လုပ်ထားတဲ့အတွက် ပြဿနာမရှိပါဘူး။ မေး။ မြန်မာနိုင်ငံမှာကျတော့ အဓိကဆိုရင် အန်စီအေ (တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်) လက်မှတ်ထိုးရေးမှာ တပ်မတော်က အဓိက ဇာတ်ကောင်အနေနဲ့ ကျန်တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ပေါ့ ပါဝင်တယ်။ ဖက်ဒရယ်ကိစ္စပြောတဲ့အခါမှာလည်း တပ်မတော်က စိုးရိမ်ပူပန်မှုတွေရှိတယ်။ အဲဒီတော့ တပ်မတော်က လက်ခံနိုင်တဲ့ ဖက်ဒရယ်ဆိုင်ရာ အခွင့်အလမ်းတွေနဲ့ တိုင်းရင်းသားတွေ လိုလားတဲ့အခွင့်အလမ်းတွေက တကယ်တမ်းမှာ ဝေးကွာနေတာလား၊ ဝေးတယ်လို့ ထင်ယောင်ထင်မှားဖြစ်တာလား။ တကယ့်အခြေအနေက ဘယ်လိုဖြစ်နေတာလဲ။ ညှိရင် ပြေလည်နိုင်မလား။ ဖြေ။ ကျနော်မြင်တာတော့ ပြေလည်နိုင်တယ်ထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ တပ်မတော်စဉ်းစားတဲ့ ဖက်ဒရယ်စနစ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေစဉ်းစားတဲ့ ဖက်ဒရယ်စနစ် သိပ်မကွာပါဘူး။ နောက်ပြီးတော့ နိုင်ငံရေးပါတီတွေအနေနဲ့လည်း ကျနော်တို့ တိုင်းပြည်မှာ အဲဒီလို လွတ်လွတ်လပ်လပ် ပြောဆို၊ စဉ်းစား၊ တွေးခေါ်တဲ့အခွင့်အရေးက နည်းခဲ့တော့ သူတို့အနေနဲ့လည်း ပုံစံတစ်မျိုးနဲ့ ဖက်ဒရယ်စနစ်ကို ပုံဖော်နေပါတယ်။ နောက်ပြီးတော့ အစိုးရအနေနဲ့လည်း ဒီ ဖက်ဒရယ်စနစ်နဲ့ပတ်သက်ပြီးတော့ လွတ်လွတ်လပ်လပ်ပြောဆိုခွင့်ရတာက ၂၀၁၂၊ ၂၀၁၃ နောက်ပိုင်းမှာမှ သူတို့က ပြောလို့ရတာကိုး။ အဲဒါကြောင့် ကျနော်တို့က လွန်ခဲ့တဲ့ ၃ - ၄ နှစ်မှာမှ ဖက်ဒရယ်ကိစ္စကို တွင်တွင်ကျယ်ကျယ်ပြောကြတာ။ အရင်တုန်းကတော့ ဖက်ဒရယ်ပြောရင် ခွဲထွက်ခွင့်ဆိုပြီး ခံရတယ်။ ဖက်ဒရယ်စာလုံးရေးလိုက်တာနဲ့ ထောင်ထဲတန်းဝင်ရတယ်။ အဲဒီအဆင့်ကနေ ကျနော်တို့ ထွက်လာတော့ တယောက်နဲ့တယောက်ကြားမှာ ဖက်ဒရယ်နဲ့ပတ်သက်ပြီးတော့ ကွဲလွဲမှုတော့ရှိတယ်။ ဒါပေမယ့် အကြီးအကျယ်ကြီးကွဲလွဲနေတာ မတွေ့ပါဘူး။ နောက်ပြီးတော့ ခွဲထွက်ခွင့်ကိစ္စပြောတဲ့ဟာလည်း တပ်မတော်ဘက်က လိုချင်တဲ့ ခွဲထွက်ခွင့်လုံးဝမပြုရဆိုတဲ့ စကားလုံးကို တိုင်းရင်းသားတွေဘက်လည်း လုံးဝ ဆန့်ကျင်တာမဟုတ်ပါဘူး။ သူတို့က ခွဲထွက်ခွင့်ဆိုတဲ့ဟာကြီးက အနုတ်လက္ခဏာဆောင်တယ်၊ Negative ဆန်လွန်းတဲ့အတွက် အပြုသဘောဆောင်တဲ့ စကားရပ်နဲ့ ပြန်ပြီးတော့ အစားထိုးရင်မကောင်းဘူးလားဆိုတဲ့ ဟာပေါ်မှာ ညှိလို့မရသေးတာလို့ ကျနော်ကတော့ မြင်ပါတယ်။ ဘာဖြစ်လို့တုန်းဆိုရင် ခွဲထွက်ခြင်း၊ မခွဲထွက်ခြင်းဆိုတာ ၁၉၄၇ တုန်းက ခွဲထွက်ခွင့်ပြုခဲ့လို့ တော်တော်လေးပြဿနာဖြစ်ခဲ့တယ်။ အခုလည်းပိတ်လို့ရှိရင်လည်း ပြသနာပိုပြီးတော့ ဖြစ်နိုင်တဲ့ဟာ စကားလုံးဖြစ်နေတယ်။ အဲဒါကြောင့် ရှိခြင်းမရှိခြင်း၊ ဒါမှမဟုတ်ရင်လည်း တခြားနည်းလမ်းနဲ့ ရှိရင်ကောင်းမလား ဆိုတဲ့အပေါ်မှာ အခုထိ အဖြေမထွက်သေးတာလို့ ထင်ပါတယ်။ ကြာရင်တော့ ဒီကိစ္စလည်း ပြေလည်သွားမယ်လို့ ကျနော်ကတော့ ယူဆပါတယ်။ မေး။ မြန်မာနိုင်ငံမှာ သခင်ကိုယ်တော်မှိုင်းတို့ခေတ်၊ ဗိုလ်ချုပ်ကျော်ဇောတို့ ခေတ်ကလည်းက ပြည်တွင်းငြိမ်းချမ်းရေးအတွက် တောက်လျောက်ဆောင်ရွက်ခဲ့ကြတယ်။ ခုဆိုရင် ဆရာခုနရှင်းပြသလို ဖက်ဒရယ်စကားလုံးကို လ္ဘက်ရည်ဆိုင်မှာ မပြောရဲရာက အခုအခါ တပ်မတော်အပါအ၀င် နိုင်ငံရေးပါတီတွေက လက်ခံခဲ့ကြပြီ။ ဒီရလဒ်ရပေမယ့် တရုတ်နဲ့ အိန္ဒိယကြားက မြန်မာနိုင်ငံအနေနဲ့  သားစဉ်မြေးဆက်သွားတဲ့အခါမှာ မြန်မာနိုင်ငံရဲ့ဖက်ဒရယ်ပုံစံက ဘယ်လိုပုံစံ အသင့်တော်ဆုံးလို့ ဖြတ်သန်း လေ့လာမှုတွေအရ သုံးသပ်လို့ရမလဲ။ ဖြေ။ ဟုတ်ကဲ့။ ဖက်ဒရယ်စနစ်လို့ ပြောတာနဲ့ တခါတလေကျရင် အယူမှားတာပေါ့နော်၊ ဖက်ဒရယ်ကြီးက ဒီဟာကြီး၊ ဥပမာအားဖြင့် ၅၀ တန် တရွက်ပေါ့နော်။ ၁၀၀ တန် ဆိုပြီး အဲလို ထင်မိတာရှိတယ်။ ဖက်ဒရယ်စနစ်ဆိုတာ ပုံသေထားလို့ မရပါဘူးခင်ဗျ။ အမေရိကန်ဆို သိတဲ့အတိုင်း လွတ်လပ်ရေးရပြီးကတည်းက အခုထိ နှစ်ပေါင်း ၄၀၀၊ သူတို့က ဖက်ဒရယ်စနစ်ကို တည်ဆောက်နေကြတုန်း။ တည်ဆောက်လို့ မပြီးဘူး၊ သြစတြေးလျှလည်း မပြီးဘူး။ တခါတလေကျရင် ဗဟိုဘက်မှာ အာဏာက ပိုပြီးတော့ရောက်သွားသလို၊ တခါတလေကျရင် ပြည်နယ်ဘက်ကို ပိုပြီးတော့ ပေးရတာတွေရှိတယ်။ ဥပမာ သြစတြေးလျှဆို တော်တော်လေး စိတ်ဝင်စားစရာကောင်းတာက ပြည်နယ်တွေက ဒီအလုပ်လုပ်ရတာ ရှုပ်ပါတယ်ဆိုပြီးတော့ ဗဟိုကို ပြန်ပေးနေတယ်။ ကျနော်တို့က Decentralization ပြောနေချိန်မှာ တချို့က Recentralization ကို သွားနေတယ်။ အဲဒီတော့ ပုံသေနည်းအနေနဲ့ မရှိပါဘူး။ ကျနော်တို့ မြန်မာနိုင်ငံရဲ့ ပကတိအနေအထားနဲ့ ကြည့်ပြီးတော့ အကောင်းဆုံးကို တည်ဆောက်မယ်၊ အခြေပြုမယ်၊ ပြီးရင် တဖြည်းဖြည်းနဲ့ သူက တိုးတက်ပြောင်းလဲနေမှာပါ။ တခါတလေကျရင်လည်း ဗဟိုထဲမှာ အာဏာများများ ရောက်သွားတဲ့အချိန်လည်းရှိမယ်။ ပြီးရင် ပြည်နယ်တွေ တိုင်းဒေသကြီးတွေကို အာဏာတွေ ပိုပေးတဲ့အချိန်လည်းရှိမယ်။ ပုံသေနည်းအနေနဲ့ မရှိပါဘူး။ အဲဒီတော့ အခုက ကျနော်တို့က စပြီးတော့ တည်ဆောက်မယ် သဘောတူထားတယ်။ အန်စီအေမှာ ဒီမိုကရေစီဖက်ဒရယ်စနစ်ကိုအခြေပြုထားတဲ့ပြည်ထောင်စုတည်ဆောက်မယ်ဆိုတဲ့ သဘောတူညီချက်ပေါ်မှာ တည်ဆောက်တဲ့အချိန်မှာ ပုံသေနည်းအနေနဲ့ ကျနော်တို့က မစဉ်းစားဖို့ လိုပါတယ်။ နောက်ပြီးတော့ ဖက်ဒရယ် လက်ရှိနိုင်ငံ ၂၀ ကျော်ထဲမှာ ကောင်းတဲ့ဟာ ကျနော်တို့အတွက် သင်ခန်းစာယူစရာရှိသလို တချို့ဟာဆို ကျနော်တို့နဲ့ မကိုက်ညီတဲ့ဟာတွေရှိပါတယ်။ ဘာဖြစ်လို့တုန်းဆို ကျနော်တို့တိုင်းပြည်က အမေရိကန်လို၊ ကနေဒါလို၊ သြစတြေးလျှလို၊ ဂျာမဏီလို တော်တော်တိုးတက်ဖွံ့ဖြိုးနေတဲ့ တိုင်းပြည်မဟုတ်ဘူး။ အဲဒီတော့ ဒီဟာတွေပါ အကုန်ထည့်တွက်ပြီးတော့ ဖက်ဒရယ်စနစ်ကို ကျနော်တို့တည်ဆောက်ရမယ်လို့ ကျနော်ကတော့ ပြောချင်ပါတယ်။ မေး။ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ကနေဒါမှာ သယံဇာတခွဲဝေရေးပိုင်းနဲ့ပတ်သက်လို့ လေ့လာတာ ဖတ်ရပါတယ်။ မြန်မာပြည်မှာတချို့ပြည်နယ်က ကျောက်သံပတ္တမြားထွက်တယ်၊ တချို့က ရေထွက်ပစ္စည်းထွက်တယ်၊ မခံစားဘူး။ ရန်ကုန်ဘက်ကို ဦးစားပေးတယ်လို့ ခံစားချက်တွေရှိကြတယ်။ သယံဇာတခွဲဝေရေးနဲ့ပတ်သက်လို့ ကနေဒါနိုင်ငံကနေ ဘာကို လေ့လာသင်ယူနိုင်မလဲ။ ကနေဒါနိုင်ငံရဲ့ ဥပမာကောင်းတွေ ဘာရှိလဲ။ ဖြေ။ Resource Sharing မှာ ကနေဒါနိုင်ငံ၊ ကနေဒါနဲ့ အမေရိကန် System နဲ့ သြစတြေးလျှနဲ့ ဂျာမဏီနဲ့ မတူပါဘူး။ ကနေဒါတော့ သွားပါတယ်၊ ဥပမာ သြစတြေးလျှမှာ ပြည်နယ်တွေကို Resource Sharing လုပ်သလို၊ ပြည်နယ်တခုနဲ့တခုကြားမှာလည်း သူတို့ သီးသန့် လုပ်ပိုင်ခွင့်ရှိပါတယ်။ အဲလိုပဲ ဂျာမဏီမှာကျတော့ အားလုံးက တပြေးညီဖြစ်အောင် သူတို့က လုပ်ပါတယ်။ ကနေဒါနဲ့ အမေရိကန်ကျတော့ အဲသလိုမျိုး သတ်သတ်မှတ်မှတ်လုပ်တာ မရှိပေမယ့် အကုန်လုံးက တိုးတက်ဖွံ့ဖြိုးနေကြတော့ အဲဒီ Resource Sharing ကိစ္စက သိပ်ပြီးတော့ အရေးကြီးတဲ့ဟာ မဟုတ်ပါဘူး။ ကနေဒါမှာ လူပြောအများဆုံးက ဆရာတို့သိတဲ့အတိုင်း ကွိဘက်က ခွဲထွက်မယ်ဆိုပြီး လူထုဆန္ဒမဲကောက်ယူတာက လွဲလို့ရှိရင် သူတို့မှာ သိပ်ပြီးတော့ Resource Sharing ကိစ္စလည်း သိပ်ပြောတာမရှိဘူး။ နောက်ပြီးတော့ Power Sharing ကိစ္စလည်း သိပ်ပြောတာ မရှိပါဘူး။ ဘာဖြစ်လို့လဲဆို သူတို့က တပြေးညီဖြစ်နေလို့ပါ။ ဒါပေမယ့် ကျနော်တို့တိုင်းပြည်အတွက်တော့ ကနေဒါထက်တောင်မှ ကျနော်က ဂျာမဏီနဲ့ သြစတြေးလျှရဲ့စနစ်တွေကို ပိုပြီးတော့ သဘောကျပါတယ်။ မေး။ မြန်မာနိုင်ငံအနေထားက အိမ်ဘေးနားမှာ အင်အားကြီး တရုတ်နိုင်ငံရှိတယ်။ သူ့နယ်စပ် ၀ ဒေသဆိုရင် မြန်မာပြည်အတွင်းပိုင်းက လူတွေ အ၀င်အထွက်ကန့်သတ်ထားသလို သီးခြားဖြစ်နေတယ်။ ဒီဖက်ဒရယ်ကိုသွားမယ်ဆိုတဲ့ မူ ကျသော်ငြားလည်း အင်အားကောင်းတဲ့ လက်နက်ကိုင်တွေဖြစ်တဲ့ ၀တို့၊ ကချင်တို့လို၊ ပလောင်တို့လို အဖွဲ့တွေမပါလို့ ညီလာခံတက်သူရဲ့ ၈၀ ရာခိုင်နှုန်းလောက်က ကျန်နေတယ်လို့ ထောက်ပြနေကြတယ်။ မြန်မာပြည်မှာ မူတွေအများကြီးချပြီး ဒီလူတွေ မပါရင် ဖြစ်ပါ့မလား။ ဒီဖြစ်စဉ်မှာ ပူးပေါင်းပါဝင်လာအောင် ဘယ်လိုမျိုးဆွဲခေါ်သင့်သလဲ။ ဖြေ။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစုပင်လုံ ပထမအစည်းအဝေးမှာပေါ့နော် အဲဒီမှာ စာတမ်းပေါင်း ၇၂ စောင် သူတို့တင်သွင်းထားတာရှိပါတယ်။ အဲဒီမှာ ၀အဖွဲ့တင်သွင်းတာလည်းရှိတယ်၊ ကချင်ဘက်ကတင်သွင်းတာလည်းရှိတယ်။ အဖွဲ့ပေါင်းစုံက တင်သွင်းကြပါတယ်။ အဲဒီမှာ ကျနော်တို့ ဘာသွားတွေ့လည်းဆိုရင် တချို့က ဖက်ဒရယ်စနစ်ကိုတော့ လိုချင်တယ်။ ဒါပေမယ့်သူတို့လိုချင်တဲ့ ဖက်ဒရယ်က တကယ့်ကို Confederation ပေါ့နော်။ တကယ့်လွတ်လပ်တဲ့တိုင်းပြည်တွေ စုထားတဲ့ အာဆီယံလိုဟာမျိုး နီးပါးလောက်၊ အီးယူလိုဟာမျိုး နီးပါးလောက်ကို စဉ်းစားတဲ့ တွေးခေါ်မှုတွေ။ အဲဒီတော့ သူတို့မှားတယ်လို့ ကျနော်တို့ပြောလို့မရပါဘူး။ အဲဒါက သူ့ရဲ့လိုလားချက်ပေါ့။ ဒါပေမယ့် တဘက်မှာလည်းပဲ ဗဟိုဦးစီးချုပ်ကိုင်မှုပိုကြီးတဲ့ဟာကို လိုချင်တဲ့အုပ်စုလည်း ရှိပါတယ်။ အဲဒီတော့ ဒီနှစ်ခုအကြားမှာ ကျနော်တို့က ညှိနှိုင်းပြီးတော့လုပ်ရမယ်ထင်ပါတယ်။ ကျနော့်အမြင်မှာတော့ မြန်မာနိုင်ငံမှာရှိတဲ့ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းမဆို တခြား ဖက်ဒရယ်မဟုတ်တဲ့စနစ်ကို လိုချင်တယ်ဆိုတဲ့ အဖွဲ့အစည်း ကျနော်မတွေ့ပါဘူး။ အားလုံးလိုလိုက လိုလားကြပါတယ်။ ပုံစံက မတူတာပဲဖြစ်ပါတယ်။ မေး။ အဲဒီဟာ ညှိလို့ လွယ်ပါ့မလား။ အရမ်းကြီးကို ကျပ်နေမလား။ ဖြေ။ ညှိတော့ ညှိရမှာပေါ့လေ။ ဆရာရေ အမေရိကန်ပြည်ထောင်စုကို စထောင်တော့ ပြည်နယ်သေးသေးလေးပေါ့နော်။ Big Statae and Small State ပေါ့။ အဲဒါကြောင့် Senate တွေ၊ ဘာတွေ ဖြစ်လာတယ်။ Senater ၂ ယောက်စီပဲထားရမယ်၊ ကျန်တဲ့ဟာကတော့ လူဦးရေအရ၊ အောက်လွှတ်တော်က လူဦးရေကို အခြေခံရမယ်ဆိုပြီးတော့။ Negotiation စေ့စပ်ညှိနှိုင်းမှုတွေ၊ ဒီလိုဒီလို ညှိနှိုင်းမှုတွေတော့ ရှိရမှာပေါ့။ အခုလည်း ကျနော်တို့က အမေရိကန်တွေ နှစ် ၄၀၀ လောက် ဖြတ်သန်းခဲ့တဲ့ဟာကို အခုမှ ကျနော်တို့က ကကြီးရေ က ကနေ စပြီးတော့လုပ်မယ်ဆိုတော့၊ ဆိုတော့ ညှိစရာတွေ အများကြီးပါ။ ညှိလို့မရတဲ့ဟာတော့ မရှိလောက်ဘူးလို့ ကျနော်ကတော့ ယူဆပါတယ်။ မေး။ လွတ်လပ်ရေးရပြီးကတည်းကဆို ၁၉၆၂ ခုနှစ်အာဏာသိမ်းပြီးကတည်းက အဆက်ဆက် တပါတီ၊ တဖွဲ့တည်းအုပ်ချုပ်တာကိုပဲ မျိုးဆက်လိုက် ကြုံခဲ့ရတယ်။ ၂၀၁၀ သမ္မတဦးသိန်းစိန် လက်ထက်မှာမှ စတင်ပွင့်လာတယ်ဆိုတော့ ကျနော်တို့ မြန်မာနိုင်ငံကရော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံဖြစ်ဖို့အတွက် ရေခံမြေခံတွေက အဆင်သင့်ဖြစ်ပြီလား။ အသိပညာ၊ စိတ်ထားတွေ စသည်ဖြင့်ပေါ့။ ဖြေ။ ဟုတ်ကဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက သူ့မှာ သေသေချာချာကြည့်လိုက်လို့ရှိရင် ဖက်ဒရယ်တိုင်းပြည်မှာ ကျင့်သုံးတဲ့ ခုနပြောတဲ့ Structure ၅ ခု သူ့မှာရှိပါတယ်။ တဘက်မှာလည်းပဲ ၂၀၀၈ ဖွဲ့စည်းပုံထဲမှာ ဖက်ဒရယ်လည်းမကျဘူး။ ဒီမိုကရေစီလည်း မကျဘူးဆိုပြီးတော့ ပြောစရာဖြစ်နေတဲ့ဟာမျိုးလည်းရှိပါတယ်။ ဥပမာဆိုရင် တပ်မတော်ကိုယ်စားလှယ်တွေ လွှတ်တော်ထဲမှာ ၂၅ ရာနှုန်းထိုင်နေတဲ့ ကိစ္စဟာမျိုး၊ နောက်ပြီးတော့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ပေါင်းပြီးတော့ ပြည်ထောင်စုလွှတ်တော်ဆိုတဲ့ဟာမျိုး။ ဥပမာ ၀န်ကြီးတချို့တွေကို သမ္မတက ခန့်တယ်ဆိုတဲ့ဟာမျိုး။ ဖက်ဒရယ်လည်းမကျ ဒီမိုကရေစီလည်း သိပ်မကျတဲ့ဟာမျိုးတွေရှိတယ်။ ဒါပေမယ့် တဖက်မှာ ဖက်ဒရယ်စနစ်ကို ကျင့်သုံးတဲ့ နိုင်ငံတွေရဲ့ အခြေခံဥပဒေမှာ သုံးနေတဲ့ဟာတွေက ဒီ Structure ၅ ခုကိုလည်း သွားတွေ့နေရတယ်။ အဲဒီတော့ ကျနော့်အမြင်မှာတော့ ဒီ ၂၀၀၈ ကို အခြေတည်ပြီးတော့ ဖက်ဒရယ်စနစ်ကိုအခြေခံထားတဲ့ ခုန Structure တွေကို အနှစ်သာရတွေ တဖြည်းဖြည်းနဲ့ထည့်ပြီးတော့ သုံးသွားလို့ရှိရင် ကျနော်တို့ ဖက်ဒရယ်စနစ်၊ ကျနော်တို့တိုင်းပြည်အတွက် အကောင်းဆုံးဖြစ်တဲ့ ဖက်ဒရယ်စနစ်ကို ရမယ်လို့ ကျနော်ကတော့ ယူဆပါတယ်။ ဆိုလိုတာက ကျနော် ၂၀၀၈ ကို ကာကွယ်နေတာလည်း မဟုတ်ဘူး၊ ဆန့်ကျင်နေတာလည်းမဟုတ်ဘူး။ ၂၀၀၈ ထဲမှာ ကောင်းတဲ့ဟာတွေ အများကြီးရှိသလို မကောင်းတဲ့ဟာတွေ၊ ပြင်စရာရှိတဲ့ဟာတွေလည်းရှိပါတယ်။ အဲဒီတော့ ၂၀၀၈ ကိုအခြေတည်၊ အခုက ဖက်ဒရယ်စနစ်ကို ပြောလို့ရပြီ၊ ငြိမ်းချမ်းရေးညီလာခံတွေလည်း ကျင်းပလို့ရပြီ၊ နိုင်ငံရေးဆွေးနွေးပွဲလည်း လုပ်လို့ရပြီ။ ဒီကနေ ကျနော်တို့ ဆက်သွားဖို့ပဲရှိတယ်လို့ ထင်ပါတယ်။ ကျနော်တို့ရဲ့ အတွေးအခေါ်၊ အယူအဆ၊ နေပုံထိုင်ပုံ၊ စဉ်းစားပုံတွေ ဖက်ဒရယ်စနစ်နဲ့ ကိုက်လား၊ မကိုက်လားဆိုတော့ ဖက်ဒရယ်စနစ်မှာ မွေးပြီးတော့ ဖက်ဒရယ်စနစ်မှာ ကြီးတဲ့လူတွေ ဖက်ဒရယ်နဲ့မဆန်တဲ့ လုပ်တဲ့ဟာတွေ၊ လုပ်တဲ့လူတွေရှိသလို ကျနော်တို့မှာလည်း အများကြီးလုပ်စရာရှိပါတယ်။ ဥပမာ ကျနော် သူငယ်ချင်းတွေနဲ့ တွေ့ရင် ပြောနေကျက ဖက်ဒရယ်စနစ်ဟာနော် တော်တော်ဈေးကြီးတယ်၊ ဘာလို့လည်းဆို country အခွန်လည်းပေးရမယ်။ state အခွန်လည်းပေးရတယ်၊ federal အခွန်လည်းပေးရတယ်။ အခွန် အနည်းဆုံး ၃ ခုပေးရတယ်။ ကျနော်တို့တိုင်းပြည်မှာ အခွန်ပေးတဲ့လူက နည်းနည်းလေးပဲဖြစ်နေတယ်။ အဲဒီတော့ ဖက်ဒရယ် တကယ်လိုချင်လို့ရှိရင် ကျနော်တို့ အခွန်များများပေးရမယ်၊ နောက်ပြီးတော့ အခွန်ပေးတဲ့ဟာကိုလည်း ကျနော်တို့ ကောင်းကောင်း အသုံးချတတ်ရမယ်။ အဲလိုမျိုးတွေတော့ ကျနော်တို့ လုပ်စရာ အများကြီးရှိပါတယ်။ မေး။ ဆရာခုနပြောတာမှာ  ၂၀၀၈ အခြေခံဥပဒေမှာ အားကောင်းတဲ့အခြေခံအချက်တွေပါတယ်။ အားမကောင်းတဲ့အချက်တွေလည်း ပါတယ်ပေါ့။ မကောင်းတဲ့အချက်တွေက ဖက်ဒရယ်ဒီမိုကရေစီကို သွားရာမှာ တကယ့်ကို အဟန့်အတားဖြစ်နေလား၊ ဖယ်ရှင်းလို့ လွယ်ပါ့မလား။ ဖြေ။ တခုတော့ရှိတယ်လေ၊ ဥပမာဆိုပါစို့ တပ်မတော် ၂၅ ရာခိုင်နှုန်းပါတဲ့ဟာကို လူအများကြီးက မကြိုက်ဘူး။ ဒီဟာကြောင့် ဒီမိုကရေစီမကျဘူး။ သူတို့က တပ်မတော်ကနေ လွှတ်တော်ထဲမှာ ပြည်သူက ရွေးတာမဟုတ်ဘူးပြောတဲ့ဟာ ဟုတ်ပါတယ်။ ဒါပေမယ့် တကယ်တမ်း ပြန်စဉ်းစားကြည့်တယ်ဆိုလို့ရှိရင် တပ်မတော်က လွန်ခဲ့တဲ့ ၅ နှစ် လွှတ်တော်သက်တမ်းတလျှောက်၊ အခု တနှစ်ကျော်ကျော် လွှတ်တော်သက်တမ်းတလျှောက်မှာ တပ်မတော်က ဘယ်ဥပဒေတွေကို ပြုလို့မရအောင် သူက ၂၅ ရာခိုင်နှုန်းနဲ့ ကာနေသလဲဆိုတဲ့ဟာ ပိုအရေးကြီးပါတယ်။ အခုချိန်ထိ ကျနော်တွေ့တာတော့ ပြည်သူတွေရွေးချယ်ထားတဲ့ အရပ်သားလွှတ်တော်ကိုယ်စားလှယ်တွေကနေ တင်ပြတဲ့အဆိုတွေအများကြီးကို တပ်မတော်ကကလည်း ထောက်ခံပေးတယ်၊ တပ်မတော်ဘက်က တင်တဲ့ အဆိုတွေ အများကြီးကိုလည်း ပြည်သူတွေ ရွေးထားတဲ့လူတွေက ပြန်ပြီးတော့ ထောက်ခံပေးကြတယ်။ အဲဒီတော့ ၂၅ လွှတ်တော်ထဲမှာ ထိုင်လို့ ဟာ-တွေ့တယ်မဟုတ်လား၊ ဒါ ဒီမိုကရေစီ မကျဘူး၊ သူတို့ ၂၅ နဲ့ ကျနော်တို့ကို ကာပစ်လိုက်ပြီ။ သူတို့ အသုံးချပစ်လိုက်ပြီဆိုတဲ့ဟာက ကျနော် မတွေ့သေးဘူးဗျ။ အဲဒါကြောင့် လက်ရှိရှိနေတဲ့ဟာနဲ့ ကျနော်တို့ ရှေ့ကို သွားလို့ရတယ်လို့ ကျနော်ကတော့ ပြောချင်ပါတယ်။ မေး။ ၂၁ ရာစုပင်လုံညီလာခံ ဒုတိယအကြိမ်အစည်းအဝေးမှာ နိုင်ငံကို ဒီမိုကရေစီဖက်ဒရယ်နိုင်ငံထူထောင်ဖို့ မူကျခဲ့တယ်။ ပြည်ထောင်စုကနေ ခွဲမထွက်ရစာသားကြောင့် ကျန်တာတွေ ရှေ့မဆက်နိုင်ဖြစ်ခဲ့ကြတယ်။ ဒီလိုမျိုး ရှေ့မတိုး၊ နောက်မဆုတ်အခြေအနေကို ညှိကြရဦးမယ်၊ ညှိနေဆဲကာလမှာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတရပ်အတွက် အစိုးရပိုင်း၊ အန်ဂျီအိုပိုင်းတွေက ကျနော်တို့ ဘာတွေလုပ်နိုင်မလဲ။ ဖြေ။ ဖက်ဒရယ်စနစ်ကိုသွားဖို့အတွက် အစိုးရယ်၊ တပ်မတော်ရယ်၊ လွှတ်တော်ရယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ နော်၊ နောက်ပြီးတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရယ်၊ နိုင်ငံရေးပါတီရယ်၊ တခြားပါဝင်သင့်ပါဝင်ထိုက်တဲ့သူတွေရယ်။ သူတို့တွေရဲ့အခန်းကဏ္ဍ က တော်တော်လေး အရေးကြီးပါတယ်။ သူတို့အနေနဲ့ ဘာကိုဦးစားပေးရမလဲဆိုတော့ ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ဆွေးနွေးနေတဲ့ကိစ္စတွေဟာ မူတွေ ဖြစ်တယ်၊ ဥပဒေမဟုတ်ဘူး။ တခါတလေကျရင် အရင်အပတ်က ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ သွားတက်တော့ စဉ်းစားနေတာ လွှတ်တော်ထဲမှာ ဥပဒေတခု ပြုတဲ့ပုံစံနဲ့ ဆွေးနွေးတဲ့အပိုင်းတွေက ပိုများနေတယ်။ အဲဒီတော့ စကားလုံးကအစ ငြင်းကြခုံကြပေါ့နော်။ အဲဒီတော့ မူကို ကောင်းကောင်း အရင်ချပေးပါ ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲကနေ။ မူကောင်းကောင်းလေးတွေ ချမယ်၊ ဟိုဘက်အပိတ်လည်း မလုပ်ပါနဲ့၊ သိပ်လည်း မဖွင့်ပါနဲ့။ အဲဒီ မူတခုပေါ်မှာ အဲဒီမူကို တကယ်အကောင်အထည်ဖော်တဲ့အချိန်မှာ ဥပဒေအလုပ်လုပ်မယ်၊ ထပ်ပြီးတော့ ဆွေးနွေးစရာလည်း လိုမယ်၊ အပေးအယူလုပ်စရာလည်း ရှိလာမယ်။ ဒါပေမယ့် အင်္ဂလိပ်လိုငှားပြောရင် Stash Story making ပေါ့ အဲလိုမျိုးလုပ်လိုက်တော့ ထပ်ပြီးတော့ ချဲ့ဖို့က တော်တော်ခက်သွားတယ်ဗျ။ အဲဒီတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကနေ မူတွေ ကောင်းကောင်းချပေးပါ။ ဒုတိယက ပြည်သူတွေ။ ပြည်သူတွေအနေနဲ့ ရွေးကောက်ပွဲမှာ ကိုယ်စားပြုတဲ့သူတွေကို ရွေးတဲ့အချိန်မှာ ကျနော်တို့လိုချင်တဲ့ ဆန္ဒ၊ သဘောထားတွေကို လွှတ်တော်ကနေတဆင့် ဥပဒေပြုနိုင်မယ့်သူ၊ ထင်ဟပ်စေနိုင်မယ့်သူကို ရွေးနိုင်ဖို့ လိုပါတယ်။ အဲဒါမှ လွှတ်တော်ထဲ ရောက်သွားတဲ့လူ၊ နောက်ပြီးတော့ အစိုးရထဲမှာ ပါတဲ့လူ၊ ပြည်သူ၊ ကျန်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးကနေ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို ထူထောင်တဲ့အချိန်မှာ ပိုပြီးတော့ ထိထိရောက်ရောက်နဲ့ လုပ်ဆောင်နိုင်မယ်လို့ယူဆပါတယ်။ မေး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကနေဒါနိုင်ငံခရီးစဉ်ဟာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ မြန်မာနိုင်ငံရဲ့ သမိုင်းမှာ ဘယ်လောက်အရေးပါတယ်လို့ သုံးသပ်သလဲ။ ဖြေ။ အရေးပါပါတယ်။ ဘာကြောင့်တုန်းဆို နိုင်ငံတကာ ဆက်ဆံရေးကောင်းလေလေ ကျနော်တို့ ငြိမ်းချမ်းရေးအတွက်ဖြစ်ဖြစ်၊ နိုင်ငံပြန်လည်တည်ဆောက်ရေးဖြစ်ဖြစ်၊ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကိစ္စပဲဖြစ်ဖြစ် ဒီဟာတွေက ကျနော်တို့ နိုင်ငံများစွာနဲ့ ထိတွေ့လေ ကောင်းလေပေါ့ ပထမက။ ဒုတိယက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တော့ သူက ခရီးသွားနေရမှာပါ။ ဥပမာ ကျနော်သိဖူးတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်းတယောက်ဆိုရင် တနှစ်မှာ ရက်ပေါင်း ၃၀၀ လောက်က နိုင်ငံခြားမှာပဲနေပါတယ်။ ရက် ၆၀ လောက်ပဲ ထိုင်းမှာနေပါတယ်။ ဘာလို့လဲဆို အဲဒါက သူတို့အလုပ်ပေါ့။ အဲဒီတော့ နိုင်ငံတကာဆက်ဆံရေးက ကျနော်တို့လုပ်ရမှာ။ ကနေဒါတခုတည်းမဟုတ်ပါဘူး၊ ခုန ဆရာပြောတဲ့ထဲမှာ ကျနော်တို့ဟာ တရုတ်နဲ့ အိန္ဒိယလို နိုင်ငံကြီးတွေကြားမှာနေတော့ အိန္ဒိယနဲ့လည်း ဆက်ဆံရေးကောင်းဖို့လိုသလို တရုတ်နဲ့လည်း ကောင်းဖို့လိုတယ်။ နောက်ပြီးတော့ တရုတ်မှာ  ကျနော်တို့ သင်ခန်းစာယူစရာတွေရှိပါတယ်။ ဘာလို့လဲဆို တရုတ်ပြည်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေရှိတယ်။ သူတို့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စနစ်တွေက တော်တော် လေ့လာလို့ကောင်းပါတယ်။ ကျနော်တို့ အဲဒါကိုလည်း အတုယူရမယ်။ အိန္ဒိယကလည်း ဖက်ဒရယ်နိုင်ငံကြီးတခုဆိုတော့ အိန္ဒိယဆီကနေ လူမျိုးပေါင်း ရာနဲ့ရှိတဲ့ လူမျိုးကြားမှာ ငြိမ်းချမ်းစွာနဲ့ ဒီနေ့အထိ အတူနေနိုင်တာ သူတို့ဆီက ကျနော်တို့ အများကြီးသင်ခန်းစာယူစရာရှိပါတယ်။ အဲဒီတော့နိုင်ငံတကာ ဆက်ဆံရေးက ပိုကောင်းလေလေ ကျနော်တို့တိုင်းပြည်ရဲ့ အသွင်ကူးပြောင်းရေးတို့၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတို့၊ နိုင်ငံရေးပြုပြင်ပြောင်းလဲရေးတို့၊ ငြိမ်းချမ်းရေးဖော်ဆောင်မှုတို့ အဲဒါတွေ အတွက် အကျိုးရှိပါတယ်။ မေး။ ၂၁ ရာစု ပင်လုံညီလာခံမှာ ဆွေးနွေးကြရာမှာ ကျနော်တို့ ၁၉၉၅ ခုနှစ်လောက်က မာနယ်ပလောမှာ တိုင်းရင်းသားညီလာခံတွေ ကျင်းပခဲ့တယ်။ ဖွဲ့စည်းပုံတွေ ဆွေးနွေးကြတယ်။ ဆိုတော့ အဲဒီလို တိုင်းရင်းသားတွေ ချမှတ်ခဲ့တဲ့မူတွေနဲ့ ၂၁ ရာစုညီလာခံက ချမှတ်တဲ့မူတွေနဲ့ ကွဟမှုရှိလား။ နီးစပ်လား။ ဖြေ။ ကျနော်မြင်တာတော့ သိပ်ကွာဟမှုမရှိဘူး။ မာနယ်ပလောမှာ လုပ်ခဲ့တဲ့ဟာပဲဖြစ်ဖြစ်။ အရင်တုန်းက Federal Constitution Drafting (ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) အဲဒီဟာတွေက ရေးထားတဲ့ အခြေခံမူတွေပေါ့နော်၊ ဖက်ဒရယ်မူတို့။ နောက်ပြီးတော့ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုပြီးတော့ ချင်းတို့၊ ကချင်တို့၊ ရခိုင်တို့၊ ရှမ်းတို့၊ ကရင်တို့၊ ကယားတို့ လုပ်လာခဲ့တာတွေ တော်တော်လေး နီးစပ်လာပါပြီ။ ဥပမာ UPDJC (ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ) မှာတင်လာတဲ့ ၄၁ ချက်ပေါ့နော်။ ၄၁ ချက်ကို အခြေခံပြီးတော့ ဆွေးနွေးတယ်၊ အခု ၃၇ ချက်ကို သဘောတူတယ်ပေါ့။ ဆိုတော့ ကျန်တဲ့ အချက်တွေလည်း နောက် လာမှာပါ။ ဘာလို့လဲဆိုတော့ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေကို ရှမ်းတို့၊ ရခိုင်တို့ တခြားဒေသတွေမှာလုပ်၊ လုပ်ပြီးတော့ အဲဒီကနေ ထွက်လာတဲ့ဟာတွေကနေတဆင့် ဖက်ဒရယ်စနစ်ကိုတည်ဆောက်တဲ့အချိန်မှာ ဘယ်လို အခြေခံမူကောင်းကောင်းကို ထုတ်နိုင်မလဲဆိုတဲ့ဟာက အရေးကြီးတယ်။ နောက်ပြီးတော့ အရင်တုန်းကလုပ်တဲ့ဟာနဲ့ အခုလုပ်တဲ့ဟာတွေနဲ့ သိပ်မကွာပါဘူး။ ဆရာ သိသလိုပဲ၊ ဆရာခွန်ဥက္ကာဆိုရင် အရင်ကတည်းက ဖက်ဒရယ်ဖွဲ့စည်းပုံမူကြမ်းရေးဆွဲတုန်းက ပါလာတာ၊ အခုလည်း သူ ငြိမ်းချမ်းရေးမှာ သူက ဦးဆောင်ပြီးတော့ ပါဝင်နေတဲ့လူတယောက်၊ ဒေါက်တာလျှန်မှုန်းဆိုရင်လည်း အဲဒီလိုပဲပေါ့ တိုင်းရင်းသားခေါင်းဆောင်တွေ၊ အခု ငြိမ်းချမ်းရေးစားပွဲပေါ်မှာ ထိုင်နေတဲ့အင်အားစုက အဲဒီ မာနယ်ပလောတို့၊ ထိုင်းမြန်မာနယ်စပ်အခြေခံတဲ့ ဖက်ဒရယ်လှုပ်ရှားမှုတွေမှာ ပါဝင်လာတဲ့လူတွေပါပဲ။ အဲဒီတော့ သိပ်မကွာပါဘူး။ တဖြည်းဖြည်းတော့ နီးလာပါပြီ။ မေး။ ပုံစံမတူပေမယ့် မြန်မာပြည်သူတွေဖြတ်သန်းခဲ့တာက ၁၉၉၃ ခုနှစ်မှာ စတင်တဲ့ အမျိုးသားညီလာခံဟာ ၂၀၀၈ ခုနှစ်ကျမှ ဖွဲ့စည်းပုံထွက်တယ်၊ သိပ်ကြာတယ်ပေါ့။ အခု ၂၁ ရာစုပင်လုံကလည်း နိုင်ငံတော်အဆင့်ညီလာခံပေါ့။ မြန်မာပြည်သူတွေ ဘယ်လောက်စောင့်ကြရမယ်ထင်လဲ။ ဖြေ။ ဘယ်လောက်စောင့်ရမယ်ဆိုတာတော့ ကျနော် ပြောလို့မရဘူးလေ။ ကျနော်လည်း ဗေဒင်မဟောတတ်ဘူး။ တခါတလေကျရင် ကောင်းတဲ့ဟာလေး လိုရင် စောင့်ပေးရတာပေါ့နော်။ ဥပမာ ဖက်ဒရယ်စနစ်ကို ထူထောင်တဲ့တိုင်းပြည်တွေကို ကြည့်ရင် လွယ်လွယ်ကူကူနဲ့ သူတို့လုပ်ခဲ့တာ မဟုတ်ပါဘူး။ ပြည်နယ်ချင်းကြားမှာ ပြသနာဖြစ်၊ ပြည်နယ်နဲ့ ပြည်ထောင်စုကြားမှာ ပြသနာဖြစ်၊ အာဏာလွန်ဆွဲမှုတွေဖြစ်။ ဥပမာ-အမေရိကန်မှာဆို စနစ်က ၄ ခုတောင်ပြောင်းတယ်လေ။ စီးပွားရေးကပ်ဆိုက်တော့ ပြည်နယ်တွေ အလုပ်မလုပ်နိုင်၊ အဲဒါနဲ့ ပြည်ထောင်စုက ဝင်စွက်၊ ပြည်ထောင်စုက လုပ်ရင်းနဲ့ ပြည်နယ်က ပြန်တောင်းတော့ ဟာ-မပေးနိုင်ဘူး၊ အာဏာကို လုပ်ပိုင်ခွင့်ကိုယူချင်ရင် ဒီဟာတော့ သဘောတူရမယ်ဆိုပြီးတော့ အဲလို ညှိနေကြတာ။ အဲဒီတော့ ကျနော်တို့တိုင်းပြည်မှာ ၂၀၀၈ ဖွဲ့စည်းပုံ အသက်ဝင်လာပြီးတဲ့နောက်ပိုင်း ၂၀၁၀ ကနေ ဒီကနေ့အထိ ကြည့်မယ်ဆိုရင် တိုးတက်မှုက တော်တော်လေး အားရစရာကောင်းပါတယ်၊ စိတ်ပျက်စရာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆို ကျနော်တို့တိုင်းပြည်က ရှင်းရှင်းပြောရရင် ၁၉၄၈ မတိုင်ခင်ကတည်းက အင်္ဂလိပ်တွေဆီကနေ အမွေကောင်းတွေပေါ့နော်၊ အုပ်ချုပ်ရေးတို့၊ နိုင်ငံရေးစနစ်တို့၊ တရားစီရင်ရေးတို့ အမွေကောင်းတွေ အများကြီးရခဲ့တယ်။ ဒါပေမယ့် တချို့က ဒီကနေ့ထိ ကောင်းကောင်း မကျင့်သုံးသလို တချို့က အလွဲသုံးစားလုပ်သွားလို့ တိုင်းပြည်နဲ့လူမျိုးအတွက် မကောင်းတဲ့ဟာတွေ၊ စနစ်တွေလည်းရှိတယ်။ အဲဒီတော့ ကျနော်တို့ ပြင်ရမယ်။ အချိန်ကတော့ ကျနော်တို့လည်း ပြောလို့မရပါဘူး။
4 years Ago
Up