ဦးကိုနီ လုပ်ကြံခံရမှု

February 22, 2018

ဦးကိုနီ လုပ်ကြံခံရမှုတွင် ဖမ်းဆီးခံထားရသည့် အောင်ဝင်းထွန်းကို သိန်း ၅၀၀ ဖြင့် အာမခံပေး

တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ အမှုကို ဒီနေ့ ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးမှာ ရုံးထုတ်ရာမှာ လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ ကြည်လင်းနဲ့ အမှုတွဲပါ အောင်ဝင်းထွန်းကို အာမခံပေးလိုက်ပါတယ်။ ဖမ်းဆီးထားတဲ့ အောင်ဝင်းထွန်းကို သိန်း ၅၀၀ နဲ့ တရားရုံးက အာမခံပေးလိုက်တာဖြစ်ပြီး စွဲထားတဲ့ပုဒ်မက အာမခံပေးရမယ့် ပုဒ်မဖြစ်တဲ့အတွက် အာမခံပေးလိုက်တာလို့ သူ့ရဲ့ရှေ့နေ ဦးအောင်ခိုင်က ပြောပါတယ်။ အာမခံပေးလိုက်ပေမယ့် ရုံးချိန်းတိုင်းကိုတော့ လာရမှာ ဖြစ်ပါတယ်။ ဒီနေ့ ရုံးထုတ်မှာ အင်းစိန်အောင်စိုး အပါအဝင် ပြန်ခေါ်သက်သေ ၆ ယောက်ကို စစ်ဆေးခဲ့ပါတယ်။ ဒီအမှုမှာ ကြည်လင်းကို ဦးကိုနီအား သတ်မှုအတွက် ရာဇသတ်ကြီး ပုဒ်မ ၃၀၂(၁)ခ /၃၄၊ ဦးနေဝင်းကို သတ်မှုအတွက် ပုဒ်မ ၃၀၂(၂) လက်နက်ဥပဒေပုဒ်မ ၁၉(ဃ) ၁၉(စ) နဲ့ စွဲချက်တင်ခဲ့ပါတယ်။ အောင်ဝင်းဇော်ကိုတော့  ပုဒ်မ ၃၀၂(၁) ခ/၃၄ လက်နက်ဥပဒေပုဒ်မ ၁၉(ဃ)၊ ၁၉(စ)၊ ဇေယျာဖြိုးကိုတော့  ပုဒ်မ ၃၀၂(၁)ခ/၃၄ နဲ့ စွဲချက်တင်ပြီး အောင်ဝင်းထွန်းကို  ရာဇသတ်ကြီးပုဒ်မ ၂၁၂ နဲ့ စွဲချက်တင်ထားတာလည်း ဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအထောက်အကူပြုအဖွဲ့ဝင် ရှေ့နေဦးကိုနီဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဇန်န၀ါရီ ၂၉ ရက်နေ့က သေနတ်နဲ့ ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခံရပြီး သတ်တဲ့ ကြည်လင်းကို လိုက်ဖမ်းတဲ့ တက္ကစီဆရာ ဦးနေဝင်းလည်း သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့ပါတယ်။ ဒီလုပ်ကြံမှုမှာ အဓိက ပူးပေါင်းပါဝင်ခဲ့တဲ့ တရားခံပြေး အောင်ဝင်းခိုင်ကိုတော့ ရဲတပ်ဖွဲ့က ခုချိန်ထိ ဖမ်းဆီးနိုင်ခြင်းမရှိသေးဘဲ လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။
3 years Ago

March 24, 2017

လက်နက်အားလုံး ဘယ်လိုဆက်နွှယ်ပြီး ကြည်လင်းရရှိတဲ့အကြောင်း ပေါ်လာမှာပါ - ရှေ့နေ (ရုပ်သံ)

ရန်ကုန်မြို့ မြောက်ပိုင်းခရိုင်တရားရုံးမှာ ဒီနေ့ မနက်ပိုင်းက ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ ပတ်သတ်တဲ့ ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုးနဲ့ အောင်ဝင်းထွန်းတို့ကို ရုံးထုတ်စစ်ဆေးနေ ပါတယ်။ ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုမှာ လက်နက်ပုဒ်မနဲ့ ပတ်သက်ပြီး အောင်ဝင်းဇော်ကို ပလပ်ဖို့ အောင်ဝင်းဇော်ရဲ့ရှေ့နေက ကြိုးပမ်းနေတယ်လို့ တရားလိုရှေ့နေ ဦးနေလက ပြောပါတယ်။ “ဒီနေ့က လက်နက်မှုကို စတင်ဖွင့်လှစ်တဲ့ တရားလိုဘက်က လက်နက်မှုနဲ့ ပတ်သက်လို့ ကနဦးစစ်ဆေးချက်ပဲ ရှိပါသေးတယ်။ ကနဦးစစ်ဆေးချက်နဲ့ ပတ်သက်လို့ လက်နက်တွေ အားလုံးဟာ အောင်ဝင်းဇော်နဲ့ မပတ်သက်ဘူးလို့ ငြင်းဆို မေးမြန်းသော်လည်းပဲ ထိရောက်မှုမရှိဘူးလို့ ပြောရမှာပဲ။ နောက်ထပ် လက်နက်မှုနဲ့ ပတ်သက်လို့ စစ်ဆေးစရာ သက်သေတွေ ကျန်နေသေးတယ်။ နောက်ပြီး ရာဇ၀တ်ကြီးမှု အမှတ်ကို စစ်ဆေးတဲ့အခါကျလို့ရှိရင် လက်နက်တွေအားလုံးဟာ သူတို့ ဘယ်လို ဆက်နွှယ်ပြီးတော့ ကြည်လင်းရရှိတဲ့အကြောင်း ပေါ်ပေါက်လာမှာပါ။ ” ဦးကိုနီလုပ်ကြံခံရမှုမှာ ကြည်လင်း၊ အောင်ဝင်းဇော်တို့ကို ၃၀၂/၃၄ အပြင် လက်နက်မှု ၁၉ (ဃ)၊ ၁၉(စ) တို့နဲ့ စွဲချက်တင်ထားပါတယ်။ အောင်ဝင်းထွန်းကို ထွက်ပြေးတရားခံကို အားပေးအားမြှောက် ပြုတဲ့အတွက် ၂၁၂ နဲ့ စွဲချက်တင်ထားပါတယ်။ ဇေယျာဖြိုးနဲ့ အောင်ဝင်းခိုင်တို့ကိုတော့ ၃၀၂/၃၄ နဲ့ စွဲချက်တင်ထားတယ်လို့ ဦးကိုနီဘက်ကလိုက်မယ့် တရားလွှတ်တော်ရှေ့နေဦးနေလက ပြောပါတယ်။ ဦးကိုနီ လုပ်ကြံခံရမှု ဖမ်းမိထားသူ ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုးနဲ့ အောင်ဝင်းထွန်းတို့ကို ဒုတိယအကြိမ်ရုံးထုတ်တာဖြစ်ပြီး အပတ်စဉ် သောကြာနေ့တိုင်း စစ်ဆေးသွားမှာ ဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီဟာ ဇန်နဝါရီ ၂၉ ရက်နေ့က ရန်ကုန်လေဆိပ်မှာ သေနတ်နဲ့ အနီးကပ်လုပ်ကြံခံခဲ့ရတာ ဖြစ်ပါတယ်။
4 years Ago

ဦးကိုနီ လုပ်ကြံမှုတွင် ပါဝင်သည့်တရားခံများကို ဒုတိယအကြိမ်ရုံးထုတ် (ရုပ်သံ)

ရန်ကုန်မြို့ မြောက်ပိုင်းခရိုင်တရားရုံးမှာ ဒီနေ့ မနက်ပိုင်းက ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ ပတ်သတ်တဲ့ ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုးနဲ့ အောင်ဝင်းထွန်းတို့ကို ရုံးထုတ်စစ်ဆေးနေ ပါတယ်။ ဦးကိုနီ လုပ်ကြံခံရမှု ဖမ်းမိထားသူ ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုးနဲ့ အောင်ဝင်းထွန်းတို့ကို ဒုတိယအကြိမ်ရုံးထုတ်တာဖြစ်ပြီး အပတ်စဉ် သောကြာနေ့တိုင်း စစ်ဆေးသွားမှာ ဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီဟာ ဇန်နဝါရီ ၂၉ ရက်နေ့က ရန်ကုန်လေဆိပ်မှာ သေနတ်နဲ့ အနီးကပ်လုပ်ကြံခံခဲ့ရတာ ဖြစ်ပါတယ်။
4 years Ago
Up