ဦးကိုနီလုပ်ကြံခံရမှု

February 7, 2017

ရန်ကုန်လေယာဉ်ကွင်း ဧရိယာပြင်ပ အများပြည်နှင့်သက်ဆိုင်သည့်နေရာများတွင် လုံခြုံရေးတိုးမြှင့် (ရုပ်သံ)

ဦးကိုနီ လုပ်ကြံခံခဲ့ရတဲ့ နောက်ပိုင်း လေယာဉ်ကွင်း ဧရိယာပြင်ပ အများပြည်သူနဲ့သက်ဆိုင်တဲ့ နေရာတွေမှာပါ လုံခြုံရေးတိုးမြှင့်ချထားဖို့ ညွှန်ကြားထားတယ်လို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီးဦးကျော်မျိုးက ပြောပါတယ်။ "အခုလည်း တိုးမြှင့်ထားပါတယ်။ ပြည်ထဲရေးနဲ့ ဆက်သွယ်ရေးနဲ့ ပို့ဆောင်ရေး ၀န်ကြီးဌာန လက်အောက် လေကြောင်းပို့ဆောင်ရေးဦးစီးဌာန၊ နောက်လေဆိပ်တွေက အခုပုဂ္ဂလိကကို ပေးထားတဲ့အတွက် ဒီပုဂ္ဂလိက အော်ပရေတာတွေနဲ့ အကုန်လုံးညှိနှိုင်းပီးတော့ လုံခြုံရေးတိုးမြင့် ထားပါတယ်။ အခုဖြစ်သွားတဲ့ ကိစ္စမှာက သူက လေဆိပ်အဆောက်အအုံတွင်းမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အနေနဲ့က လေဆိပ်လုံခြုံရေးကို တာဝန်ယူတဲ့ အခါကြရင် လေဆိပ် အဆောက်အအုံ အ၀င်ကစပြီးတော့ ဒီလုံခြုံရေးကို ဆောင်ရွက်တယ်။ အခုဖြစ်သွားတဲ့ဟာက အပြင်က public ဧရိယာ ပေါ့လေ အများပြည်သူသွားလာနေတဲ့ နေရာဖြစ်တဲ့အတွက် လုံခြုံရေးကြိုးပေါက်တယ်ဆိုတဲ့ သဘောမျိုးတော့ ပြောလို့မရဘူးပေါ့နော်။ ဘယ်လိုဘဲဖြစ်စေ အခုကတော့ ဒီ public ဧရိယာ လေဆိပ်အပြင် ပြင်ပကားတွေဝင်ထွက်တဲ့နေရာမှာကော ခုနက ပြောသလို လုံခြုံရေးတွေ ချထားဖို့ လမ်းညွှန်ထားပြီးဖြစ်ပါတယ်" ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်မျိုးက ပြောပါတယ်။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ပဉ္စမနေ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ မေးမြန်းမှုကို ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကိုယ်စား လာရောက်ဖြေဆိုမှုအပြီးမှာ ဒီဗွီဘီသတင်းဌာနရဲ့ ရန်ကုန်လေဆိပ်မှာ အန်အယ်လ်ဒီပါတီ ဥပဒေပြုရေးအဖွဲ့ဝင် ဦးကိုနီ လုပ်ကြံခံရမှုကြောင့် လေဆိပ်လုံခြုံရေး ချထားမှုကို ၀န်ကြီးဌာနအနေနဲ့ ဘယ်လိုဆောင်ရွက်ထားပါသလဲဆိုတဲ့ မေးမြန်းမှုအပေါ် ဒုတိယ၀န်ကြီး ဦးကျော်မျိုးက ပြန်လည် ဖြေကြားခဲ့တာပါ။
4 years Ago

ဦးကိုနီလုပ်ကြံခံရမှု နောက်ကွယ်ကသူတွေကို စိစစ်နေဟု ဦးဇော်ဌေးပြော (ရုပ်သံ)

ဦးကိုနီလုပ်ကြံခံရမှုမှာ နောက်ကွယ်ကသူတွေကို စိစစ်နေတယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။ “နောက်ဆက်တွဲ ဆက်စပ်တဲ့ အမှုနဲ့ပတ်သက်တဲ့၊ အကျုံးဝင်တဲ့ ပြောရရင် ဒီအမှုဖြစ်လာအောင်၊ ဒီလိုမျိုး ပြစ်မှုကျူးလွန်သူ ကျူးလွန်အောင် လုပ်ခဲ့တဲ့ နောက်ကွယ်က ပံ့ပိုးကူညီတာရှိမယ်။ ဘေးကနေ တဖက်တလမ်း ပြောတာတွေရှိမှာပေါ့ မျိုးစုံရှိလိမ့်မယ်။ ဒါတွေကို စိစစ်နေတယ်။ တချို့သတင်းထုတ်ပြန်ခြင်းမရှိသော်လည်း တချို့ ဖမ်းဆီးထိန်းသိမ်းပြီးတော့ စစ်နေတာတွေ ရှိပါတယ်။ အဲဒါတွေတော့ ကျနော်တို့ လောလောဆယ် မထုတ်ပြန်သေးပါဘူး။ ဘာကြောင့်မထုတ်ပြန်လဲဆိုတော့ ကျနော်တို့ ဒီသတင်းအချက်အလက်တွေကို ပွင့်လင်းမြင်သာမှုရှိရှိ အကုန်လုံးကို ကျနော်တို့ ဘယ်သူ့ဖမ်းထားတယ်။ ဘယ်သူဖြစ်တယ်။ ဘယ်သူ့ကို စစ်တယ် ဘာတွေရတယ် ဘာတွေပြောတယ်ဆိုတာကို ကျနော်တို့က ထုတ်ပြန်ပေးလိုက်ရင် အဲမှာရှိတဲ့ ဆက်စပ်နေတဲ့ သူတို့နောက်ကွယ်မှာ ဆက်စပ်နေတဲ့ ကွင်းဆက်တွေ အကုန်လုံးက ပျောက်သွားမယ်။ ပျောက်သွားနိုင်တယ် ပစ္စည်းကျန်တဲ့ဟာတွေလဲ ပျောက်သွားနိုင်တယ်။ အဲတော့ အခုလက်ရှိ စစ်ကြောနေဆဲ ရရှိတဲ့အချက်အလက်ပေါ်မှာ ထက်ပြီးတော့ စစ်နေတယ် ထက်ပြီးတော့ လိုက်နေတယ်။ ထက်ပြီးတော့လဲ စစ်မေးနေတာတွေ ရှိပါတယ်။ သို့သော် ဒီအချိန်မှာ အားလုံးခြုံတဲ့ ဒီဟာကြီးတခုလုံး ဘယ်ကနေစတယ် ဖြစ်ပေါ်လာတယ် ဘာကြောင့် ဖြစ်တယ်ဆိုတာ ပြောဖို့ရာ တော်တော်လေး စောပါသေးတယ်။ စောတဲ့အတွက် သတင်း ထုတ်ပြန်ခြင်းမရှိသေးပါဘူး”လို့ ဦးဇော်ဌေးက ရှင်းလင်းပြောဆိုပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအထောက်အကူပြုအဖွဲ့ဝင် ရှေ့နေဦးကိုနီဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၉ ရက်နေ့က သေနတ်နဲ့ ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခံရပြီး သေဆုံးခဲ့ပါတယ်။
4 years Ago
Up