ဥရောပအောင်မြင်မှု

January 22, 2020

ပီအက်စ်ဂျီအသင်းနှင့် ဥရောပအောင်မြင်မှု ရလိုဟု အမ်ဘာပေးပြော

ပီအက်စ်ဂျီအသင်းနဲ့အတူ ပထမဆုံးသော ချန်ပီယံလိဂ်ဖလား ရယူဖို့အတွက် ရည်ရွယ်ထားတယ်လို့ ပြင်သစ်တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေးက ပြောပါတယ်။  ပြင်သစ် လက်ရွေးစင်တိုက်စစ်မှူးဟာ ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်လာနေချိန်မှာ အခုလို ပြောဆိုလိုက်တာပါ။ ပြင်သစ်အသင်းနဲ့အတူ ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့ အမ်ဘာပေးဟာ လီဗာပူးအသင်းကို ပြောင်းရွှေ့နိုင်ဖွယ် ရှိတယ်လို့ မကြာသေးခင်က သတင်းတွေ ထွက်ပေါ်လာခဲ့သူပါ။ သူဟာ မိုနာကိုအသင်းကနေ ပီအက်စ်ဂျီ အသင်းကို ပေါင် ၁၆၆ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီးတော့ လီဂူးချန်ပီယံအတွက် ၁၀၉ ပွဲ ကစားပြီး ၈၁ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။ အမ်ဘာပေးဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ပီအက်စ်ဂျီအသင်းကို ၁၆ သင်းအဆင့်ထိ ရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့သူ ဖြစ်ပြီး ရှုံးထွက်အဆင့် ပထမအကျော့အဖြစ် လာမယ့် ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ ဒေါ့မွန်အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အမ်ဘာပေးဟာ အခုချိန်မှာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တဦးအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပြီးတော့ သူ့ရဲ့ ကစားသမားဘဝ Idol ဟာ လက်ရှိ ရီးရဲလ်မက်ဒရစ်အသင်း နည်းပြ ဇီဒန်း ဖြစ်တယ်လို့ ပြောဆိုခဲ့သူ ဖြစ်ပါတယ်။ ဒါ့ကြောင့် သူဟာ ရီးရဲလ်အသင်းကို ပြောင်းရွှေ့တော့မယ်လို့ ခန့်မှန်းမှုတွေ ထွက်ပေါ်လာတာ ဖြစ်ပေမယ့် ပီအက်စ်ဂျီအသင်းနဲ့အတူ  ချန်ပီယံဖလား ရယူလိုတာကြောင့် ဒီကစားသမားကို ပြင်သစ်မြေမှာ လာမယ့်နှစ်တွေအထိ မြင်တွေ့နေရမယ်လို့ သုံးသပ်နေကြပါတယ်။ ပီအက်စ်ဂျီအသင်းဟာ UEFA Winners’ ဖလားကို ၁၉၉၆ ခုနှစ်မှာ ရရှိခဲ့ပေမယ့် သူတို့အသင်းရဲ့ ၄၉ နှစ်တာကာလအတွင်း ဥရောပဖလား ဒါမှမဟုတ် ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့ခြင်း မရှိပါဘူး။ ဒါကြောင့် အမ်ဘာပေးဟာ သူ အသင်းမှာ ကစားနေတဲ့အချိန်မှာ ဒီအနေအထားကို ပြောင်းလဲလိုနေတာပဲ ဖြစ်ပါတယ်။ “ပဲရစ်မြို့အတွက် ပထမဆုံး ဥရောပဖလားဖြစ်တဲ့ ချန်ပီယံလိဂ်ဖလားကို ရယူပြီးတော့ ဂုဏ်ယူချင်ပါတယ်။ ဒါဟာ ကျနော့်ရဲ့အိပ်မက်တခုပါ” လို့ အမ်ဘာပေးက ပြောပါတယ်။ “ကျနော့်မှာ အိပ်မက်သုံးခု ရှိပါတယ်။ အဲဒါတွေကတော့ ချန်ပီယံလိဂ်ဖလား၊ ဥရောပ ချန်ပီယံရှစ်ဖလားနဲ့ အိုလံပစ်ပြိုင်ပွဲတို့မှာ အနိုင်ရဖို့ပဲ ဖြစ်ပါတယ်။ ဒါဟာ တကယ်တော့ မဖြစ်နိုင်စရာ မရှိပါဘူး။ တခြားလူတွေ ဘာပဲပြောနေနေ ကျနော်တော့ ဒီအိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ စဉ်းစားသွားမှာပါ” လို့လည်း အသက် ၂၁ နှစ်အရွယ် တိုက်စစ်မှူးက ပြောပါတယ်။ အမ်ဘာပေးက သူ့ရဲ့ ဒုတိယမြောက် Idol ကစားသမားဟာ ဂျူဗင်တပ်စ် တိုက်စစ်မှူး ဖြစ်ပြီး သူဟာ ဘရာဇီး ကစားသမားတွေကိုလည်း နှစ်သက်သူ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
1 year Ago
Up