မြန်မာနိုင်ငံကို လက်နက်တွေ တင်ပို့မှုအတွက် ဆားဘီးယား၊ ရုရှားနဲ့ တရုတ်နိုင်ငံတို့ကို ရှုတ်ချကြောင်း ဥရောပပါလီမန်က မတ်လ ၁၂ ရက်မှာ ဆုံးဖြတ်ချက်ချမှတ်လိုက်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေအတွက် လူထုကို ဖိနှိပ်တဲ့ စစ်ဆင်ရေးတွေမှာ အသုံးပြုတဲ့ လက်နက်တွေ ထောက်ပံ့ပေးထားတဲ့ အဲဒီနိုင်ငံတွေမှာလည်း အပြစ်ရှိကြောင်း အဲဒီဆုံးဖြတ်ချက်မှာ ပါရှိပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းချိန်မှစပြီး ခန့်မှန်းခြေ လူပေါင်း ၁၅၀၀ သေဆုံးပြီး ၁၁၀၀၀ လောက် ဖမ်းဆီးခံထားရကြောင်း ဆုံးဖြတ်ချက်ကို ပူးတွဲရေးသားသူ ရှောင်ကယ်လီက ပြောကြားခဲ့ပါတယ်။
ဆားဘီးယား နိုင်ငံခြားရေးဌာနကတော့ သူ့အစိုးရဟာ မြန်မာနိုင်ငံကို လက်နက်တွေ ထောက်ပံ့ပေးခဲ့တယ်ဆိုတဲ့ ဖေဖော်ဝါရီ ၂၃ ရက်က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် သောမတ်အန်ဒရူးရဲ့ အစီရင်ခံစာကို ငြင်းဆိုထားပါတယ်။
မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ထောက်ခံအားပေးဖို့ ဥရောပ ပါလီမန်က အောက်တိုဘာ ၇ ရက်နေ့မှာ ဆုံးဖြတ်ချက်ချမှတ်လိုက်ပါတယ်။
ဥရောပပါလီမန်က တရားဝင် အရပ်သားအစိုးရ NUG နဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ကို အားပေးထောက်ခံဖို့ ဆုံးဖြတ်ချက်ကို ဆန္ဒမဲပေးခွင့်ရှိသူ စုစုပေါင် ၆၈၀ ရှိတဲ့အနက် ထောက်ခံမဲ ၆၄၇၊ ကန့်ကွက်မဲ ၂ မဲ၊ ကြားနေ ၃၁ မဲတို့နဲ့ တခဲနက် ဆုံးဖြတ်ချက်ချမှတ်လိုက်ပါတယ်။
မတရားဖမ်းဆီးခံထားရတဲ့ သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့တကွ ဖမ်းဆီး ထိန်းသိမ်းခံထားရသော နိုင်ငံရေး ခေါင်းဆောင်များနဲ့တကွ အကျဉ်းသားအားလုံး ခြွင်းချက်မရှိ ချက်ချင်း လွှတ်ပေးဖို့၊ တရားဝင် အစိုးရတာဝန်ရှိသူများထံ အာဏာပြန်လွှဲပေးပြီး ပြဿနာကို ငြိမ်းချမ်းသောနည်းနဲ့ ဖြေရှင်းရေးဆီ ဦးတည်ဖို့ တောင်းဆိုလိုက်ပါတယ်။
အခုရက်ပိုင်းအတွင်းမှာ NUG အစိုးရကိုထောက်ခံရေး ပြင်သစ်လွှတ်တော်က ဆုံးဖြတ်ခဲ့သလို NUG နဲ့ ဆွေးနွေးဖို့ကို မလေးရှားနိုင်ငံက ပြင်ဆင်နေကြောင်းလည်း ထုတ်ဖော်ပြောဆိုလာပါတယ်။