ဥရောပကော်မရှင်

January 7, 2021

မိုဒါနာ ကိုဗစ်-၁၉ ကာကွယ်ဆေးကို သုံးစွဲရန်  ဥရောပကော်မရှင် အတည်ပြု 

အမေရိကန်က ထုတ်လုပ်တဲ့  မိုဒါနာ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေးကို သုံးဖို့ ဥရောပ ကော်မရှင်က ဇန်နဝါရီ ၆ ရက်မှာ အတည်ပြုကြောင်း ကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယာက ကြေညာလိုက်ပါတယ်။ ဥရောပသမဂ္ဂ EUရဲ့ ဆေးဘက်ဆိုင်ရာ စစ်ဆေးရေးဌာနက ဈေးကွက်အတည်ပြုချက် ရအပြီးမှာ ထပ်အတည်ပြု ပေးလိုက်တာပါ။ ဒါဟာ EU အဖွဲ့ဝင် ၂၇ နိုင်ငံအတွက် အသုံးပြုခွင့် ပေးထားတဲ့ ဒုတိယမြောက် ကာကွယ်ဆေးပါ။ မိုဒါနာရဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဈေးကွက်အတွင်း အခြေအနေအရ တင်သွင်းသုံးစွဲဖို့ ထောက်ခံတယ်လို့ ဥရောပ ဆေးဘက် အေဂျင်စီ (EMA)က မနေ့က အစည်းအဝေး အပြီးမှာ ကြေညာခဲ့ပါတယ်။ အဲဒီနောက် နာရီပိုင်းအတွင်း ဥရောပ ကော်မရှင်က အတည်ပြု ပေးလိုက်တာပါ။  အမေရိကန်၊ ကနေဒါနဲ့ အစ္စရေးတို့ကလည်း မိုဒါနာရဲ့ ကာကွယ်ဆေး ထိုးဆေးကို သုံးဖို့ ခွင့်ပြုချက် ပေးခဲ့ကြ ပြီးပါပြီ။
3 months Ago

May 14, 2020

ဥရောပကော်မရှင်က ကပ်ဘေးနာလန်ထူရေး အဆိုပြုချက် ပါလီမန်ကို တင်မည်

ရင်းနှီးမြှုပ်နှံမှု အသစ်တွေ၊အကြွေးဆပ်နိုင်အားနဲ့ ကျန်းမာရေးအစီအစဉ်တွေ အပြင် ဥရောပ သမဂ္ဂရဲ့ပြန်ရငွေ အသစ်တွေအတွက် ကမ်းလှမ်းချက်တွေပါတဲ့  ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေး ပြန်လည် နာလန်ထူရေး အဆိုပြုချက်ကို ဥရောပကော်မရှင်က အဆိုတင်မယ်လို့ ကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်က မေလ ၁၃ ရက်မှာ ပြောပါတယ်။  ပြန်လည် နာလန်ထူရေးစီမံကိန်းထဲမှာ အီးယူရဲ့အသားတင် ကာလရှည် ရသုံးမှန်းခြေ ငွေစာရင်းလည်း ပါတယ်။  ဒါပေမယ့် ပြန်လည် နာလန်ထူရေး အစီအစဉ်ထဲက ငွေတွေက ဘယ်လိုသုံးမယ်ဆိုတာနဲ့ ပတ်သက်လို့တော့ လွှတ်တော်က ထိန်းချုပ်ထားတဲ့ ရသုံးမှန်းခြေ ငွေစာရင်းကနေ ပေးမယ်လို့ အာဆူလာက ဥရောပပါလီမန်မှာ ပြောပါတယ်။ ငွေပမာဏကိုတော့ သူက မပြောခဲ့ပေမယ့် ဒီငွေတွေကို ဥရောပ အစိုးရတွေရဲ့ အာမခံချက်နဲ့ ကော်မရှင်က ဈေးကွက် မြှင့်တင်ပေးမယ်မှာ ဖြစ်ပြီး ကူးစက်ကပ်ဘေး အဆိုးဆုံး ခံခဲ့ရတဲ့ အလိုအပ်ဆုံး နေရာတွေမှာ သုံးမယ်လို့ သူက ဆက်ပြောပါတယ်။  ပိုပြီး ခံနိုင်ရည်ရှိတဲ့ စီးပွားရေးကို ဖန်တီးဖို့၊ စီးပွားရေး လုပ်ငန်းတွေကို ဒစ်ဂျစ်တယ် ပုံပြောင်းပြီး ကွန်ပြူတာစနစ်နဲ့ အလုပ်လုပ်နိုင်ဖို့နဲ့ ရာသီဥတုပြောင်းလဲမှုကို မထိခိုက်အောင် လုပ်ဖို့ စတဲ့ ဥရောပ မူဝါဒတွေနဲ့ လိုက်လျောညီထွေဖြစ်မယ့် ပြုပြင်ပြောင်းလဲရေးနဲ့ လူထု ပါဝင် ရင်းနှီးမြှုပ်နှံမှုတွေ  အဓိက ဧရိယာတွေမှာ အစိုးရတွေကို ကူညီဖို့ ဒီငွေက ရည်မှန်းထားတယ်လို့ လည်း ဥရောပကော်မရှင် ဥက္ကဋ္ဌ ပြောပါတယ်။
11 months Ago
Up