တောင်အာဖရိကနိုင်ငံမှာ ဥယျာဉ်တခုအတွင်း လှည့်လည်ခဲ့တဲ့ ကားတစီးကို ခြင်္သေ့တကောင်က ခုန်အုပ်တိုက်ခိုက်ခဲ့လို့ လွတ်မြောက်အောင် ကြိုးစားမောင်းပြေးခဲ့ရပါတယ်။
ဒီအဖြစ်အပျက်ဟာ နေတယ်လ် ခြင်္သေ့ဥယျာဉ်တွင်းကို လာရောက်လည်ပတ်ချိန်မှာ ဖြစ်ခဲ့တာလို့ မေရာသတင်းတပုဒ်မှာ သြဂုတ် ၁၅ ရက်နေ့က ဖော်ပြပါတယ်။
ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ခြင်္သေ့ဟာ ကားရဲ့အနောက်ဘက်ပိုင်းကနေ ခုန်အုပ်လိုက်တာဖြစ်ပြီး ယာဉ်မောင်းက ကားကို ယမ်းခါပြီး ခြင်္သေ့ပြုတ်ကျအောင် ကြိုးစားခဲ့တာကို တွေ့ရပါတယ်။
ဒါပေမယ့် ခြင်္သေ့ဟာ ကားနောက်ဘက်မှာ တပ်ဆင်ထားတဲ့ တာယာကို ကိုက်ခဲနေခဲ့ပြီး အချိန်တော်တော်ကြာ မောင်းနှင်ခဲ့ပြီးမှ မြေပြင်ဆီ ပြန်ဆင်းသွားခဲ့တာပါ။
ကားပေါ်မှာ ပါလာခဲ့တဲ့ သတင်းထောက်တဦးဖြစ်တဲ့ ချယ်လ်ဆီး ပီရက်တားစ်က သူဟာ ကားပေါ်ကအဖွဲ့ထဲမှာ ပါဝင်ခဲ့ပြီး ဥယျာဉ်တွင်း ဖြတ်သန်းချိန်မှာ ခြင်္သေ့က ကားနောက်ကို လိုက်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။
“ခြင်္သေ့က ကားကိုခုန်အုပ်ပြီး ကားနောက်ကတာယာကို ကစားစရာလို စပြီး ကိုက်ခဲနေတော့တာပဲ။ ရှေ့ကလူကလည်း ဒါကိုတွေ့ပြီး ထိတ်လန့်သွားခဲ့တော့ မလှုပ်ရဲဘဲ ကားကို မောင်းထွက်ပြေးဖို့ ကြိုးစားခဲ့ရတာပါ။”
ကားပေါ်ပါလာတဲ့ နောက်တဦးဖြစ်တဲ့ မာစီဒီးစ် အီးလီးယော့တ်ကတော့ သူ့အနေနဲ့ အရင်တုန်းက ခုလို ထိတ်လန့်စရာကောင်းတဲ့ အဖြစ်အပျက်မျိုး မကြုံဖူးဘူးလို့ ပြောပါတယ်။
ဒီဥယျာဉ်ဟာ ရှားပါးတိရစ္ဆာန် ဆပ်ကပ်ရုံပိုင်ရှင် ဘရိုင်ယန် ဘော့စ်ဝဲလ် ပိုင်ဆိုင်တာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
5 years Ago