ဥပဒေရေးရာ အမေးအဖြေ

June 8, 2019

အမွေဆက်ခံရေး (ဥပဒေရေးရာအမေးအဖြေ)

အမွေဆက်ခံရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်ကနေ မေးမြန်းလာတာတွေကို ဥပဒေပညာရှင်၊ စာရေးဆရာ ဦးကျော်ဇေယျအား ဒီဗွီဘီသတင်းထောက် နေရီရီက တွေ့ဆုံမေးမြန်းထားပါတယ်။ မေး - ကျမတို့ နှစ်ယောက်စလုံးက အမျိုးသမီးတွေပါ။ တအိုးတအိမ်နဲ့ အတူနေလာကြတာ နှစ်ပေါင်း နှစ်ဆယ်ကျော်ပါပြီ။ တကယ်လို့ တယောက်ယောက် ကွယ်လွန်သွားပါက နောက်တယောက်က အမွေဆက်ခံခွင့် ရပါမည်လား။ ဥပဒေအရ ဆက်ခံခွင့်၊ ပိုင်ဆိုင်ခွင့်ရအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို အကြံပြုစေလိုပါတယ်။ ဖြေ - တယောက်ယောက် ကွယ်လွန်သွားပါက နောက်တယောက်က အမွေဆက်ခံခွင့် ရနိုင်သလားဆိုတော့ သာမန်အားဖြင့်တော့ မရနိုင်ဘူးလို့ ဖြေရမှာပေါ့။ ဒါပေမယ့် ရနိုင်တဲ့ အခြေအနေတခုကတော့ ဥပမာ တယောက်ယောက် ဆုံးပါးသွားတယ်ဆိုပါစို့။ သူ့မှာ အမွေခံသားချင်းတွေ တယောက်မှမရှိဘူး၊ သာမန်ဆွေ မျိုးတွေတော့ ရှိကောင်းရှိမယ်။ ဒီသာမန်ဆွေမျိုးကလည်း သက်ရှိထင်ရှားရှိစဉ်အခါက သူ့ကို  ဥပက္ခာ ပြုထားတယ်။ တမင်ရည်ရွယ်ချက်နဲ့ ပစ်ပယ်ထားတဲ့ သဘောရှိတယ်ဆိုရင်၊ ဒီအမျိုသမီးဆုံးသွားရင် အဲဒီဆွေမျိုးတွေက အမွေမရနိုင်ပါဘူး။ ဆွေမျိုးမတော်စပ်သော်လည်းပဲ သာစဉ်၊ နာစဉ်မှာ လုပ်ဆောင်ပေးခဲ့တဲ့၊ ဆုံးသွားတဲ့အခါမှာလည်း နာရေးကိစ္စတွေကို ဆောင်ရွက်ပေးတဲ့ တစိမ်းက အမွေဆက်ခံခွင့် ရနိုင်တယ်ပေါ့။ ဒါကတော့ အမွေခံသားချင်းတွေမရှိမှ ရမယ့်အခြေအနေပေါ့။ “မမြနဲ့မောင်ကြွက်”ဆိုတဲ့ စီရင်ထုံး၊ စာမျက်နှာ ၂၂၈ လမ်း ညွန်ထားပါတယ်။ နောက်တခုကတော့၊ အမွေပေးချင်တာပေါ့။ သေတမ်းစာရေးခွင့်ရှိတော့ သေတမ်းစာမှာ ပေးခဲ့လို့ရတာပေါ့။ တကယ်လို့ သေတမ်းစာရေးခွင့်မရှိတဲ့ ဘာသာဝင်ဖြစ်တယ်ဆိုရင်တော့ သေတမ်းစာနဲ့ ပတ်သက်ပြီးပေးတဲ့ သူက မရပါဘူး။ ဒါပေမယ့် တကယ်ပေးချင်သပဆိုရင် သေတမ်းစာရေးခွင့်ရှိတဲ့ ဘာသာကို အပြီး ကူးပြောင်းလိုက်ပေါ့။ ပြောင်းလိုက်မယ်ဆိုရင် အဲဒီဘာသာရဲ့ထုံးတမ်းအရ သေတမ်းစာရေးပြီး ပေးခဲ့နိုင်တဲ့အခြေအနေ ရှိပါတယ်။ ဒါကတော့ သူတို့ ဆင်ခြင်စဉ်စားပြီး ရနိုင်မယ့်အခြေအနေကို အကြံပေးတင်ပြခြင်း ဖြစ်ပါတယ်။ မေး - ကျမက ဒုတိယအိမ်ထောင်ပါ။ ပထမအိမ်ထောင်ရှိပေမယ့် ယောကျာ်းဖြစ်သူနဲ့ လွန်ခဲတဲ့ ဆယ်နှစ်ကျော်ကတည်းက တရားဝင် လက်မှတ်ထိုးပြီး ပေါင်းသင်းခဲ့တာဖြစ်ပါတယ်။ သားသမီးထွန်းကားခြင်းမရှိပါဘူး။  ပြောရမယ်ဆိုရင် အိမ်ထောင်နှစ်ခုစလုံးကို တအိုးတအိမ်စီ ထူထောင်ပြီး ပေါင်းသင်းနေထိုင်တာပါ။ ဒါပေမယ့် သူက ကျမနဲ့ပေါင်းသင်းပြီးနောက်ပိုင်း ရလာတဲ့ ၀င်ငွေအချို့ကို ပထမအိမ်ထောင်က မိသားစုဝင်တွေနဲ့ အမည်နဲ့ ကျမမသိအောင် ၀ယ်ယူလေ့ရှိပါတယ်။ ကျမကိုတော့ အိမ်စရိတ်လောက်ပဲပေးတာပါ။ တကယ်လို့ အမျိုးသားဖြစ်သူ မရှိတော့တဲ့အချိန်မှာ ပထမအိမ်ထောင်မိသားစုဝင်တွေရဲ့ အမည်ခံဝယ်ယူထားတဲ့ ပစ္စည်းတွေ အပေါ် အမွေဆက်ခံခွင့်ရှိ၊ မရှိသိလိုပါတယ်။ လက်ထက်ပွားဖြစ်ကြောင်း သက်သေပြစရာလည်း မရှိတဲ့အတွက် ဖြစ်ပါတယ်။ ဖြေ - မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ ထောက်ပံ့သူနဲ့ မှီခိုသူဆိုတာရှိပါတယ်။ ဒုတိယ ဇနီးက ခင်ပွန်းကို မှိခိုနေရတဲ့သူဖြစ်တယ်ဆိုရင် အခွင့်အရေးနည်းပါတယ်။ ယောက်ျားဖြစ်သူက သူကိုယ်တိုင်ရှာတဲ့ပ စ္စည်းကို သူ့ကိုယ်တိုင် သုံးစွဲခွင့်ရှိတယ်ဆိုတဲ့ သဘောပါတာပေါ့။  တကယ်လို့ နှစ်ယောက်စလုံး အတူရှာဖွေပြီး ရလာတဲ့ ပစ္စည်းဆိုရင်တော့ လင်ယောက်ျားဟာ ပထမဇနီးကို ပေးချင်တိုင်းပေးလို့မရတဲ့ သဘောပေါ့။ အဲဒီတော့ မေးခွန်အရ ပစ္စည်းတွေ ဝယ်ပေးတယ်ဆိုတော့၊ သဘောပေါက်ဖို့ကတော့ အမည်ငှားနဲ့ဝယ်ပေးတာလား၊ တကယ်ဝယ်ပေးတာ လားဆိုတာ သေသေချာချာ သိဖို့လို့ပါတယ်။ တကယ်ဝယ်ပေးတယ်ဆိုတာက ပထမဇနီးရဲ့ သားချင်းတွေကို သူတို့နာမည်နဲ့ ပစ္စည်းတွေဝယ်ပေးတယ်။  ဒါကတော့ သူ့မှာပေးပိုင်ခွင့်ရှိတာပေါ့။ အမည်ငှားစနစ်ဆိုတာကျတော့ ဥပမာ လုပ်ငန်းသဘောအရ သူကဝန်ထမ်း ဖြစ်ချင်ဖြစ်မယ်၊ အရာရှိဖြစ်ချင်ဖြစ်မယ်၊ ပစ္စည်းလာစစ်တဲ့အခါမှာ များပြားတဲ့ ပစ္စည်းဥစ္စာတွေ တွေ့မှာစိုးလို့ တခြားသူနာမည်နဲ့ ဝယ်ထားတာ။ အမည်ငှားစနစ်နဲ့ ဝယ်ပေးတယ်ဆိုရင် ငွေထုတ်တာသူကထုတ်မယ်၊ တခြား သူနာမည်ခံမယ်၊ ဒါပေမဲ့ သူ့ကို ပိုင်ဆိုင်ခွင့်မပေးဘူး။ ပိုင်ဆိုင်ခွင့်က ကိုယ်ပဲယူထားမှာ။  ပစ္စည်း ရဲ့လက်ရှိဖြစ်မှုကလည်း ကိုယ်ပဲယူထားတယ်ဆိုရင် ဒါက အမည်ငှားစနစ်လို့ ပြောလို့ရပါတယ်။ ဒီနှစ်ခုကို သဘောပေါက်ဖို့လို့ ပါတယ်။ ဒီတော့ အပြီးတခါတည်းပေးတာမျိုးပေါ့၊ မေတ္တာနဲ့ပေးတာမျိုးကျတော့ အမွေခွဲတဲ့နေရာမှာ ထည့်ထွက်ရတာ တော်တော်ခက်သွားပြီ။ ဒါပေမယ့် သူမရှိလို့ အမွေခွဲတဲ့အခါမှာ အမည်ငှားနဲ့ ဝယ်ပေးထားတဲ့ ပစ္စည်းတွေ ရှိနေတယ်ဆိုရင်၊ သူ့ရဲ့ အမွေပစ္စည်းထဲမှာပါ ပါတယ်။ ကွယ်လွန်သူရဲ့ အမွေပစ္စည်းထဲမှာ ပါတဲ့အတွက် အမွေကျန် ပစ္စည်းအနေနဲ့ ထည့်သွင်းပြီးတော့ ခွဲဝေလို့ရတယ်လို့ အကြံပေးချင်ပါတယ်။ မေး - လွန်ခဲ့တဲ့ ခြောက်လလောက်က ကျမရဲ့ တူမလင်မယားနှစ်ယောက်စလုံး ယာဉ်မတော်တဆဖြစ်ပြီး ကွယ်လွန်ခဲ့ပါတယ်။ သားသမီးများ မထွန်းကားသေးပါ။ သူတို့မှာ ပိုင်ဆိုင်မှုတွေ ကျန်ခဲ့ပါတယ်။ နှစ်ဖက်မိဘဆွေမျိုးသားချင်းတွေလည်း ရှိကြတဲ့အတွက် ကျန်ရစ်တဲ့ ပစ္စည်းတွေကို ဘယ်လို အမွေခွဲရမလဲဆိုတာကို အကြံပြုစေချင်ပါတယ်။ ဖြေ - ဒါနဲ့ ပတ်သက်လို့ မနုကျယ်ဓမ္မသတ်မှာပါ ပါတယ်။ ဒသမတွဲ၊ အခန်း ၃၂ မှာ တချိန်တည်းမှာပဲ (သို့) ရက်နည်း နည်းလေးပဲခြားပြီးတော့ လင်နဲ့မယား ဆုံးပါးသွားတယ်ဆိုရင် ဆက်ခံရမယ့်အမွေနဲ့ ပတ်သက်ပြီး ဘယ်လိုလမ်းညွှန်ထားလဲဆိုတော့ .. ဥပမာ ဇနီးမှာ အိမ်ထောင်မပြုခင်က ပါလာတဲ့ ပါရင်းပစ္စည်းရှိတယ်ဆိုရင် ဇနီးရဲ့ မိဘတွေက ရပါတယ်။ ယောက်ျားလေးမှာ ပါရင်းပစ္စည်းပါလာရင်လည်း သူရဲ့မိဘများက ယူစေလို့ ဓမ္မသတ်မှာ ပြထား ပါတယ်။ နောက်တခါ လက်ထက်ပွားပစ္စည်းတွေ ရှိတယ်ဆိုရင်၊ အချိုးကျခွဲဝေပြီး မိန်းကလေးရဲ့ မိဘတွေကတချိုး ယူပါတယ်။ ယောက်ျားလေးရဲ့မိဘတွေက တချိုးယူပါတယ်။  ဓမ္မသတ်က အဲလို လမ်းညွှန်ထားပါတယ်။ မေး - မိဘများမကွယ်လွန်ခင်က သားသမီးတွေကို နှုတ်ကတိအရ ခွဲဝေပေးထားတဲ့ အမွေပစ္စည်းတွေနဲ့ ပတ်သက်ပြီး မိဘကွယ်လွန်ပြီးချိန်မှာ သားသမီးတယောက်ယောက်က အမွေခွဲဝေပေးစေလိုမှုနဲ့ တရားရုံးမှာ လျှောက်လို့ရပါသလား။ ဖြေ - မိသားစုစီမံမှုလို့ ခေါ်တာပေါ့။ မိဘတွေဆုံးတဲ့အခါမှာ အမွေကို မစီစဉ်ခဲ့ဘူးဆိုရင် အမွေမှုတွေ၊ သဘောထားကွဲလွဲမှုတွေ ဖြစ်ကြမယ်။ ဒါကြောင့် မိဘတွေက သူတို့မဆုံးခင်မှာ အမြော်အမြင်ကြီးစွာနဲ့ တခါတည်း ခွဲပေးထားတာ။ သူတို့ ဆုံးပါးသွားမှ ပိုင်ရမယ်ဆိုတဲ့ သဘောမဟုတ်ပါဘူး။ ဒါက သေတမ်းစာသဘောမျိုး သက်ရောက်သွားမယ်။ ဒီလိုခွဲပေးထားတာကို  နှုတ်ပဋိညာဉ်နဲ့ ခွဲပေးတာ တရားဝင်တယ်လို့ “မကျော်နဲ့ မကြေးအို”၊ ၁၉၃၅ ရန်ကုန်စီရင်ထုံး စာမျက်နှာ ၅၅၅ မှာ အတိအလင်း ဆိုထားပါတယ်။ ဒါပေမယ့် ပြဿနာရှိတာက မိသားစုစီမံမှုကို စာချုပ်အနေနဲ့ ချုပ်တဲ့အခါမှာ အရင်က ၁၀၀ နှင့်အထက် မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းပါလာရင် မှတ်ပုံတင် (Register) လုပ်ရတယ်။ မလုပ်ရင် ဒီစာချုပ်က တရားမဝင်ပါဘူး။ အခု ၂၀၁၈ မှာ စာချုပ်စာတမ်း ဥပဒေအသစ် ပြဋ္ဌာန်းလိုက်တယ်။ ဒီဥပဒေ၊ ပုဒ်မ ၁၇ (စ )မှာ မိသားစုစီမံမှုစာချုပ် ချုပ်ဆိုရင် မှတ်ပုံတင်ရင်လည်းရတယ်၊ မတင်ရင်လည်း ရတယ်လို့ ဆိုထားပါတယ်။ စာချုပ်ချုပ်လည်း တရားဝင်တယ်။ စာချုပ်မချုပ်လည်း စောစောက ပြောတဲ့ နှုတ်ပဋိညာဉ်နဲ့ပဲ တရားဝင်ပါတယ်လို့ ဖြေကြားချင်ပါတယ်။ မေး - ကျနော်တို့ရဲ့ တဦးသောသားက အိမ်ထောင်ပြုပြီး တနှစ်လောက်အကြာမှာ မတော်တဆဖြစ်ပြီး ကွယ်လွန်သွားခဲ့ပါတယ်။ သားသမီးထောက်ခံလည်း မရှိပါ။ ကျနော်တို့ ကွယ်လွန်ချိန်မှာ ချွေးမဖြစ်သူက အိမ်ထောင်မပြုသေးဘူးဆိုရင် ကျန်ရစ်တဲ့ အမွေပစ္စည်းကို သူ့အနေနဲ့ ရထိုက်ပါသလားဆိုတာ သိလိုပါတယ်။ ဖြေ - သားက မိဘထက် အရင်ဆုံးသွားတယ်ဆိုတော့ သားပိုင်တဲ့ပစ္စည်းကို ချွေးမက ရမှာပေါ့။ ဒါပေမယ့် သားမရတဲ့ အမွေကတော့ သားမရှိတဲ့အတွက် သားဆီကို အမွေစည်းဆင်းဖို့ မရှိတော့လို့ ချွေးမဆီကိုလည်း သွားစရာအကြောင်း မရှိပါဘူး။ သားသမီးရှိလို့ မြေးရှိတယ်ဆိုရင်သာ မြေးအနေနဲ့ သွားမှာ။ သားသမီးမရှိတော့ မြေးဆီကိုလည်း မဆင်းဘူး။ နောက် သားဟာ မိဘထက်အရင် စောဆုံးတယ်။ မိဘတွေဆုံးတဲ့အခါမှာ စီးဆင်း စရာမရှိတော့တဲ့အတွက် ချွေးမဟာ အမွေဆက်ခံခွင့်မှာ အကြုံးမဝင်နိုင်ပါဘူးလို့ ဖြေကြားချင်ပါတယ်။
2 years Ago

March 4, 2019

လယ်ယာမြေပြဿနာ (ဥပဒေရေးရာ အမေးအဖြေ)

လယ်ယာမြေ ပြဿနာနဲ့ ပတ်သက်လို့ မြေယာဥပဒေနှင့်မြေယာစီမံခန့်ခွဲရေး လုပ်ထုံးလုပ်နည်းများ အတိုင်ပင်ခံ ဦးဇော်မင်းကို ဒီဗွီဘီသတင်းဌာနမှ နေရီရီက တွေ့ဆုံမေးမြန်းထားပါတယ်။ မေး။ သဘာဝဘေး အန္တရာယ်တခုခုကြောင့် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇)မူရင်း ပျက်စီး/ ပျောက်ဆုံးမှုများအတွက် အသစ်ပြန်လည်လျှောက်ထားခွင့်ရှိကြောင်း သိရပါတယ်။ သဘာဝဘေးအန္တရာယ် မဟုတ်တဲ့ ပျောက်ဆုံးတာ၊ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးသွားတာတွေကို ဘယ်လို ပြန်လျှောက်ရမလဲ ဆိုတာ သိလိုပါတယ်။ ဖြေ။ သက်ဆိုင်တဲ့ လယ်သမားက မြို့နယ်မြေစာရင်းဌာနမှာ မိတ္တူပြန်လျှောက်ဖို့ လျှောက်လွှာယူရပါ့မယ်။ လျှောက် လွှာပုံစံက ၁(က) ပါ။ အရင်က ကျေးရွာလယ်စီက ပေးပါတယ်။ အခုမြို့နယ်မှာပဲ ထုတ်ရပါတယ်။ သက်ဆိုင်တဲ့ ရပ်ကျေးလယ်စီအဖွဲ့က ပျက်စီးတာ၊ ပျောက်ဆုံးတာ မှန်ပါတယ်ဆိုတဲ့ ထောက်ခံချက်ပါရပါမယ်။ နောက်တခုက ရပ်ကျေးလယ်စီရုံးမှာ ဖွင့်ထားတဲ့ ပုံစံ ၁၁ ဆိုတာရှိပါတယ်။ ပုံစံ ၁၁ ဆိုတာ လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ (၇) လုပ်ထားတဲ့ စာရင်းပါ။ အဲဒီမှာ မိမိနာမည်ပါတာကို မိတ္တူကူးပြီး လျှောက်ရပါမယ်။ အရင်က ခရိုင်လယ်စီက ခွင့်ပြုရင် ထုတ်ပေးလို့ရပါတယ်။ ခုက တိုင်းအထိတင်ရပါတယ်။  တိုင်းကနေ ခွင့်ပြုချက်ရရင် သူကို ပုံစံ (၇) မိတ္တူမှန် ထုတ်ပေးပါတယ်။ အထောက်အထား အပြည့်အစုံ ပါရပါမယ်။ မှန်ကန်ရင် ပုံစံ (၇) မိတ္တူမှန် ထုတ်ပေးပါတယ်။ မိတ္တူပွား ထပ်ထုတ်ပေးနေပါတယ် ဆိုတာ ဖြေကြားပေးချင်ပါတယ်။ မေး။  မိဘများမဆုံးပါးခင်က အသက်ကြီးလို့ လယ်မလုပ်နိုင်တဲ့အတွက် သားအကြီးဆုံးကို ဦးစီးလုပ် ကိုင်ခွင့်ပေးထားပါတယ်။ ဒါကြောင့် ပုံစံ (၇) က အကိုအကြီးဆုံးအမည်နဲ့ ပေါက်နေပါတယ်။ အခုချိန်မှာ မိဘတွေ မရှိတော့ပါဘူး။ အကိုကြီးကလည်း အဲဒီလယ်မြေက သူ့နာမည်နဲ့ ပေါက်နေလို့ အမွေနဲ့မဆိုင်ဘူးဆိုပြီး အမွေပုံ ပစ္စည်းထဲမှာ ထည့်မပေးပါ။ ကျန်တဲ့မောင်နှမတွေ နစ်နာမှုရှိနေတဲ့အတွက် ဘယ်လိုဆက်လုပ်ရမလဲ ဆိုတာကို သိလိုပါတယ်။ ဖြေ။ ထူးခြားတာကတော့ ပုံစံ (၇) ရသူဟာ သားစဉ်မြေးဆက် လုပ်ပိုင်ခွင့်ရရှိပါတယ်။ အကယ်၍ မိဘတွေ သက်ရှိ ထင်ရှားရှိနေရင် မြေကိုပြန်တောင်းလို့မရတော့ပါဘူး။ ဘာလုပ်ပေးရမလဲဆိုတော့ မိဘတွေကို သက်ကြီးရွယ် အိုထောက်ပံ့ကြေးပေးပြီး အကိုကြီးကိုပဲ ဆက်လုပ်ခွင့်ပေးမယ်။ အဲဒါ မြေယာဥပဒေရဲ့ သဘောအရပေါ့။  ဒီမှာက ပုံစံ (၇) အကိုကြီးနာမည်နဲ့ လျှောက်တုန်းက သားသမီးတွေက ကန့်ကွက်လို့ ရပါတယ်။ ခုက မကန့် ကွက်ဘူး၊ အစ်ကိုကြီးက လက်ရှိဖြစ်နေပြီ။ ဒီတော့ တရားရုံးမှာ အမွေပုံ ခွဲလို့ရ၊ မရ သုံးသပ်ကြည့်ရအောင်။ ပုဒ်မ ၉ (က) အရ လယ်ယာမြေလုပ်ပိုင်ခွင့်၊ အမွေဆက်ခံခွင့်နှင့် ပက်သက်လို့ အရှုပ်အရှင်းဖြစ်ရင် တရားရုံးရဲ့ ဆုံးဖြတ်ချက်ခံနိုင်တယ်လို့ပါ ပါတယ်။ အဲဒီတော့ လယ်ယာမြေလုပ်ပိုင်ခွင့်က အကိုကြီးနာမည်နဲ့ ရထားတာဆိုတော့ ဒီအကိုကြီးရဲ့ သားသမီးတွေက တရားရုံးသွားခွင့်ရှိပါတယ်။ ကျန်မိဘရဲ့ သားသမီးတွေက သွားခွင့်မရှိတော့ပါဘူး။ တရားရုံးက ဆုံးဖြတ်ပေးမှာက အမွေဆက်ခံခွင့်နဲ့ ရပိုင်ခွင့် (Rights) ကိုပဲ ဆုံးဖြတ်ပေးမယ်။ ဆုံးဖြတ်ပေးနိုင်တာကတော့ ကျေးရွာလယ်စီကပါ။ ဒါကြောင့် ကျေးရွာလယ်စီမှာ ပုံစံ(၇)ခွဲဝေပေးဖို့ မူလ မှုခင်း ဖွင့်ရမယ်။ လယ်စီရဲ့ မှုခင်းအနေနဲ့ပဲဖြေရှင်းလို့ရပါတယ်။  မြေယာအမှုခင်းအနေနဲ့ ကျေးရွာမှာ ပုဒ်မ၂၂ အရ ဖွင့်ရမယ့် အမှုအနေအထား ဆိုတာဖြေကြား ပေးချင်ပါတယ်။ မေး။ ပုံစံ (၇) ဟာ ပေါင်နှံရောင်းချခြင်း၊ ငှားရမ်းလဲလှယ်ခြင်း၊ ပေးကမ်းခြင်းတွေ လုပ်လို့ရလာတဲ့အတွက် အတုပြုလုပ်ပြီး တလွဲအသုံးချနေတာကို မကြာခဏကြားရပါတယ်။ ကိုယ့်လက်ထဲရောက်လာတဲ့ ပုံစံ (၇) အတု၊ အစစ်ကို ဘယ်လိုစစ်ဆေးလို့ရမလဲ။ ဘယ်မှာ စစ်ဆေးလို့ရမလဲ။ ဖြေ။ ပုံစံ (၇) ပေးတဲ့ လုပ်ထုံးလုပ်နည်းက တော်တော် ရှုပ်ထွေးပါတယ်။ ရက်ပေါင်း ၁၀၀ကျော် ကြာပါတယ်။ ပုံစံ ၁ ကို ကျေးရွာမှာ အခမဲ့ဖြန့်ဝေပါတယ်။ ဒါကို တောင်းပြီးလျှောက်ရပါတယ်။ လျှောက်ကတည်းက ပုံစံ (၁)မှာ နာမည်၊ ဘယ်ကမြေဆိုတာက ပါပြီးသားပါ။ နောက် ကန့်ကွက်လွှာကို ခေါ်ပါတယ်။ နောက်တဆင့် ပုံစံ ၃ မှာ လုပ်ပိုင်ခွင့် လျှောက်တဲ့သူတွေ တန်းစီပြီး မှတ်ပုံတင်ထားတာပါ။ ဘယ်သူတွေက၊ ဘယ်မြေတွေကို လျှောက်လဲဆိုတာ ထပ်တင်ရပါတယ်။  ပုံစံ ၁ မှာပါတဲ့သူတွေကဟာ ပုံစံ ၃ မှာဆက်ပြီး မှတ်ပုံတင် (Register) သွင်းရပါတယ်။ ပုံစံ ၄က အစီရင်ခံစာပါ။ ဘယ်သူက၊ ဘယ်မြေဧက၊ ဘယ်ကမြေ၊ စစ်ဆေးတွေ့ရှိချက်က ဘယ်လို ဆိုတာတွေ စစ်ရပါတယ်။ နောက် မြို့နယ်မြေစာရင်းက စစ်ပြီးရင် မြို့နယ်လယ်စီရဲ့ သဘောထားမှတ်ချက်နဲ့ ခရိုင်လယ်စီ ဆီပို့ပါတယ်။ ခရိုင်လယ်စီက ကြည့်ပြီးတော့ ပေးသင့်၊ မပေးသင့် ဆုံးဖြတ်ပါတယ်။ ခရိုင်လယ်စီက ခွင့်ပြုတယ် ဆိုရင် မြို့နယ်မြေစာရင်းဌာနကို အကြောင်းကြားပါတယ်။ ပုံစံ (၇) ခွင့်ပြုတဲ့ စာပေါ့။  ဒီအကြောင်းကြားစာရမှ မြို့နယ်က ပုံစံ ၅ ဆိုတဲ့ မှတ်တမ်းကြီးမှာ မှတ်တမ်းတင်ရပါတယ်။ အဲလိုမှတ်တမ်းတင်ပြီးမှ မှတ်ပုံတင်ကြေး ၅၀၀ ပေးရပြီး ပုံစံ (၇) ထုတ်ပေးပါတယ်။ ဒါကြောင့် ပုံစံ (၇) ရဖို့ဆိုရင် ပုံစံ ၁ မှာလည်း အမည်ပေါက်ရမယ်။ ၃ မှာလည်းပါမယ်၊ ၄ မှာတစ်ခါပါမယ်၊ ၅ မှာ လည်း ပါမယ်ပေါ့။ ပြီးမှ ပုံစံ (၇) ဖြစ်တာပါ။ ဒါကြောင့် ဒီပုံစံတွေမှာ နာမည်မပေါ်ပဲနဲ့ ပုံစံ (၇) တစ်ခုတည်းကိုင်ထားရင် (၇ မှာပဲ နာမည်ပေါက်နေရင်) ဒါက တရားမဝင်ပါဘူး။ နောက်ထပ် စိစစ်နိုင်တာတခုက ကျေးရွာမှာ ပုံစံ ၁၁ ဆိုတာရှိပါတယ်။  အဲမှာ ပုံစံ (၇) ရသူတွေကို မှတ်တမ်းတင်ထားပါတယ်။ နောက်တခုက ပုံစံ (၇) ပွားနေတာက မြေယာမှုခင်းဖြစ်တယ်။ ကျေးရွာမှာဖြစ်တယ်။ နောက်မြို့နယ်ကို တက်လာတယ်။ တက်လာပြီဆိုရင် ပုံစံ (၇) ကို အဲဒီအဖွဲ့ကို အပ်ရပါတယ်။ တိုင်းအဆင့်ဆုံးဖြတ်ပြီးမှ ပြန်ပေးရပါတယ်။ လယ်သမားကလည်း ဒါလေးကိုပေါင်စားတော့ မအပ်တဲ့အခါမှာ အမှုကိုဆက်စစ်ပါတယ်။ တိုင်းဒေသကြီးပြည်နယ်အဆင့်က ဒါကို အပြီးသတ်ဆုံးဖြတ်ပါတယ်။ ဆုံးဖြတ်ပြီးရင် နာမည်ပြောင်းပေးရတော့မယ်။ ရှုံးတဲ့သူကလည်း ပုံစံ (၇) လာမအပ်ဘူး။  မအပ်ရင် နိုင်တဲ့သူကို အသစ်ထုတ်ပေး ရပါတယ်။ ရှုံးတဲ့သူလက်ထဲမှာရှိတဲ့ ပုံစံ (၇) သည် တရားမဝင်ကြောင်း စာထုတ်တယ်၊ ဖျက်သိမ်းတယ်၊ လယ်စီအဆင့်ဆင့်ကို ပို့တယ်။ သက်ဆိုင်တဲ့ စိုက်ပျိုးစရိတ်ချေးတဲ့ ဘဏ်တွေအဆင့်ဆင့်ကို ပို့တယ်။ အုပ်ချုပ်ရေး အာဏာပိုင်တွေကို ပို့တယ်။ ဒီတော့ မူလ ရှုံးထားတဲ့သူဆီမှာလည်း ပုံစံ (၇) ရှိတယ်။ နိုင် တဲ့သူဆီမှာ လည်းပုံစံ (၇) ရှိတယ်။ မူလ ရှုံးထားတဲ့သူဆီမှာလည်း ပုံစံ (၇) ကတရားမဝင်တော့ဘူး။ ဒါကို အတု လုပ်ပြီးရောင်းစားနေရင်  အတုလားအစစ်လားဆိုတာ ကျေရွာမှာကပ်တဲ့ နို့တစ်စာ (Notices) တွေရှိမယ် ၊ နောက် သက်ဆိုင်ရာလယ်စီတွေမှာစုံစမ်းရင် ရနိုင်ပါတယ်ဆိုတာ ဖြေကြားချင်ပါတယ်။ မေး။ မိဘအမည်ပေါက်နဲ့ လယ်ယာမြေတွေကို အမွေခွဲပြီးဖြစ်လို့ ပုံစံ(၇) ဘယ်လိုလျှောက်ရမလဲ။ ဘာတွေလို အပ်သလဲဆိုတာ သိလိုပါတယ်။ ဖြေ။ မိဘတွေက ပုံစံ (၇) ရခဲ့ပြီး သူတို့မရှိတော့တဲ့အချိန်မှာ ခွဲယူကြမယ်ဆိုရင် လယ်ယာမြေဥပဒေ ပုဒ်မ ၉ (ဂ) မှာ အမွေဆက်ခံခွင့်နှင့် ပက်သက်ပြီး တရားရုံးမှာ လျှောက်ထားနိုင်တယ် ဆိုတာပါ ပါတယ်။ တရားရုံးက အမွေ ဆက်ခံခွင့် လက်မှတ်တွေရရင် ထပ်ပြီးသီးခြားအနေနဲ့ ပုံစံ ၇ ကို အမွေဆက်ခံခွင့် လက်မှတ်တွေ ပူးတွဲပြီး လျှောက်မယ်ဆို ရပါတယ်။  နောက်တစ်ခုက မိဘတွေက ပုံစံ (၇) မရဘဲနဲ့ ဆုံးသွားမယ်ဆိုရင် ဒီမြေဟာ ဘယ်သူ့ နာမည်နဲ့မှ ပုံစံ (၇) မရတဲ့အတွက် ကျန်တဲ့သားသမီးတွေအားလုံးဟာ ဒီမြေနဲ့ပက်သက်ပြီး ပူးတွဲ လျှောက်နိုင် သလို သူတို့လိုချင်တဲ့ အတိုင်းအတာကို အပြိုင်လျှောက်နိုင်ပါတယ်။ လျှောက်ရင် မြေ/စစ်ကနေ ကျေးရွာ လယ်စီ၊ မြို့နယ်လယ်စီတို့က စီစစ်ပြီး ခရိုင်ကိုတင်ပြရပါတယ်။ ခရိုင်ကနေ ပုံစံ (၇) ကို ဘယ်သူက၊ ဘယ်လောက်ရတယ်ဆိုတာ ခွဲခြားပြီး ထုတ်ပေးပါတယ်။ အဲဒီတော့ အမွေခွဲရာမှာ ပုံစံ (၇) ရပြီးမှ ခွဲတဲ့အမွေဆိုရင် တရားရုံးနဲ့ သက်ဆိုင်ပြီး တရားရုံးကိုသွားရပါတယ်။ မရသေးဘူးဆိုရင်တော့ ကျန်တဲ့ လယ်ယာမြေလုပ်ပိုင်ခွင့် လျှောက်သလိုပဲ အစအဆုံး ပြန်လျှောက်ရပါမယ် ဆိုတာဖြေကြားပေးချင်ပါတယ်။ မေး။ လယ်ယာမြေတွေကို မစိုက်ပျိုးဘဲ အခြားနည်းဖြင့် အသုံးချနေရင် တရားစွဲမယ်လို့ သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီးအစိုးရတွေက လွှတ်တော်ထဲမှာ မကြာခဏဖြေဆိုနေတာ ကြားရပါတယ်။ ဒါပေမယ့် လုပ်နေတဲ့သူတွေက အကွက်ရိုက်ရောင်းတာ၊ စီးပွားရေးလုပ်ငန်း တခုခုလုပ်နေတာတွေ ပိုများလာပါတယ်။ အမှန်တ ကယ်တရားစွဲတာလည်း မကြားဖူးသလောက်ပါ။ အခြားနည်းနဲ့ အသုံးချနေတာကို ထိရောက်အောင် တားဆီးနိုင်တဲ့ နည်းလမ်းတွေ မရှိတော့ဘူးလား။ ဖြေ။ မေနဲ့ ဇွန်လပိုင်းတွေမှာ နိုင်ငံတော်သမ္မတက ဒါနဲ့ ပက်သက်ပြီး ထိထိရောက်ရောက်အရေးယူဖို့ကို ကြေညာချက် ထုတ်ပါတယ်။ ပုဒ်မ ၁၂ ကျုးလွန်တာနဲ့ ပုဒ်မ ၁၉ အရ အပြစ်ပေးအရေးယူတာတွေက လက်တွေ့မှာ သိပ့်မဆင် မပြေပါဘူး။ ဥပဒေရဲ့ အားနည်းချက်ပေါ့။ ပုဒ် ၁၂မှာပါရှိတဲ့စည်းကမ်းချက် တွေက လယ်ယာမြေလုပ်ပိုင်ခွင့် ရရှိတဲ့သူ တနည်းအားဖြင့် ပုံစံ (၇) ရတဲ့သူနဲ့သာသက်ဆိုင်ပြီး မရတဲ့သူနဲ့ မသက်ဆိုင်ဘူးဖြစ်သွားပါတယ်။ မွန်ပြည်နယ်၊ကျိုက်ထိုမှာ အကွက်ရိုက်ပြီးသုံးစွဲတယ် အဆောက်အဦ ဆောက်တယ်။ ဒါကို တရားစွဲတယ်။ မွန် ပြည်နယ် လယ်ဆည်အထိပေါ့။ မွန်ပြည်နယ်တရားလွှတ်တော်ကလည်း ပုဒ်မ ၁၉ အရ ဒဏ်ငွေတွေ တပ်တယ်ပေါ့။ ပုဒ်မ ၁၉ မှာ ဒဏ်ငွေတွေ တပ်နိုင်တယ်။ မြေပေါ်က ဖယ်ရှားနိုင်တယ်။ သတ်မှတ်တဲ့နည်းနဲ့ ပြန်သုံးခိုင်း နိုင်တယ်၊ နှင်ထုတ်နိုင်တယ် .. စဖြင့်ပါ ပါတယ်။ ဒါကို လက်မခံတော့ တရားလွှတ်တော်ချုပ်ဆီ ရောက်သွားတဲ့အခါမှာ၂၀၁၆ မှာ စီရင်ထုံးတစ်ခု ထုတ်ပါတယ်။ လယ်ယာမြေလုပ်ပိုင်ခွင့် ရရှိတဲ့သူကပဲ အခြားနည်းသုံး ခွင့်ရှိတယ်။ မရှိတဲ့သူက အခြားနည်းသုံးတာကို ဒဏ်ငွေတပ်ခြင်းဟာ ဥပဒေနဲ့မညီဘူးဆိုပြီး ဆုံးဖြတ် လိုက် ပါတယ်။ စီရင်ထုံးအရ အမှန်တကယ် ဥပဒေ မလိုက်နာတဲ့ ကျူးလွန်တဲ့သူတွေရှိမယ်။ ပုံစံ (၇) မရဘဲ ကျူးလွန်ထားရင် သူကိုတရားစွဲတဲ့အခါမှာ အဲဒီစီရင်ထုံးအရ လွတ်သွားပါမယ့်သဘောရှိတဲ့ အတွက် ပုဒ်မ ၁၂ အခွင့်အရေးက တကယ်တော့ သုံးလို့မရပါဘူး။ နောက်ပုဒ်မ ၁၉ က အဲလို့ကိစ္စတွေ ဆောင် ရွက်ဖို့ခန့်အပ်တဲ့ လယ်ဆည်အဖွဲ့က ဆောင်ရွက်နိုင်တယ်။ ဒီလယ်ဆည်အဖွဲ့က ဝန်ကြီးဌာနက ခန့်အပ်ထားတာ မဟုတ်ပါဘူး။ လယ်ယာမြေဥပဒေ ပုဒ်မ ၁၆ အရ ဗဟိုလယ်ဆည်အဖွဲ့ကနေ အမိန့်ကြေညာစာ ထုတ်ပြန်ပြီး ဖွဲ့စည်းထားတဲ့အဖွဲ့တွေပါ။ ပြည်နယ်နဲ့တိုင်း၊ ခရိုင်၊ ကျေးရွာ အဆင့်ဆင့်ဖွဲ့စည်းထားပါတယ်။  ဒါကြောင့် အရေးယူချင်တဲ့ လယ်ဆည်က ပုဒ်မ ၁၉ ပါကိစ္စကို ဆောင်ရွက်ဖို့အတွက် ဝန်ကြီးဌာနကို တောင်းရပါ တယ်။ တောင်းမှ တရားဝင်တာဖြစ်တဲ့အတွက် တကယ့်လက်တွေ့လုပ်ဖို့က ခက်ခဲပါတယ်။ စည်းကမ်းချက်တွေက များတယ်။ တကယ့်ထိထိရောက်ရောက် ဆိုတာလည်း ပါးစပ်ကသာ ပုဒ်မ ၁၂တွေ၊ ၁၉တွေ ကျနော်တို့ကပြောတာ။ တကယ့်အောက်ခြေမှာ လုပ်တဲ့အခါ လွတ်သွားတာတွေ အများကြီးဖြစ်တော့ ဥပဒေမှာ စကားရပ်ပြင်ဖို့လို့ပါတယ်။ “လယ်ယာမြေ လုပ်ပိုင်ခွင့်ရှိသူဆိုတဲ့” စကားရပ်အစား “မည်သည့် လယ်ယာမြေတွင်မဆို အောက်ပါ စည်းကမ်းချက်များကို လိုက်နာရမည်” ဆိုတဲ့ စားသားပြင်တာနဲ့ အောက်ခြေမှာ အလုပ်လုပ်လို့ ရသွားပါပြီ။ ဒီလိုမလုပ်နိုင်ရင်တော့ စီရင်ထုံးက ထွက်ထားတဲ့အတွက် အောက်ခြေမှာ လွတ် နေမယ့် သဘောရှိတယ်။ အရေးယူလို့ ခက်ခဲမယ့် အနေအထားကို တွေရှိရတယ် ဆိုတဲ့အကြောင်း ဖြေကြား ပေးခြင်ပါတယ်။ မေး။ ပုံစံ ၁၀၅ ဆိုတာဘာလဲ ။ ပုံစံ ၁၀၅ နဲ့ မြေယာအရောင်းအ၀ယ် လုပ်နေကြတာ တရားဝင်ပါသလား။ ပိုင် ဆိုင်မှုခိုင်မာပါသလားခင်ဗျား ။ (မေးခွန်းချန်ထား) ဖြေ။ ပုံစံ ၁၀၅ ကို ရောထွေးတဲ့ အမြင်ရှိပါတယ်။ ပုံစံ ၁၀၅ က မြေသိမ်းလို့မရသလို မြေပိုင်ဆိုင်မှုမှတ်တမ်းလို့လည်း ပြောလို့မရပါဘူး။ ရှင်းရှင်းပြောရရင်တော့ မြေခွန်မိတ္တူမျှသာ ဖြစ်ပါတယ်။ မြေစရင်းဌာနမှာ ရှိတဲ့ စာတမ်း တွေ ကို အပြင်မှာမိတ္တူကူးခွင့်ပေးပါတယ်။ ပေးတဲ့ အခါမှာ နှစ်မျိုးရှိပါတယ်။ သက်သေခံတဲ့ မိတ္တူနဲ့ သက်သေမခံတဲ့ မိတ္တူဆိုပြီးနှစ်မျိုးရှိပါတယ်။ သက်သေခံမိတ္တူဆိုတာက သက်ဆိုင်ရာသူတယောက်က ဒီမြေတော့ ဘယ်လောက် ကျယ်တယ်ဆိုတာသိချင်တယ်၊ လက်မှာကိုင်ထားချင်တယ်ဆိုပြီး ကိုယ်ရေးကိုယ်တာ ကိစ္စအသုံးပြုဖို့ အတွက် တောင်းလိုက်တာကို သက်သေမခံတော့ ဘဲနဲ့ထုတ်ပေးလိုက်တယ်။ အကယ်၍ ရုံးတစ်ရုံးကို တင်ပြမယ်။ တရားရုံးတင်ရင်တင်မယ်၊ စာချုပ်စာတမ်း ချုပ်ဖို့ မှတ်ပုံတင်ရုံးကို တင်မယ်၊ မြေလွတ်မြေရိုင်းလျှောက်ဖို့ သက်ဆိုင်ရာ ရုံးကိုတင်ရမယ်၊ ဂရမ်လျှောက်ဖို့ သက်ဆိုင်တဲ့ ထွေအုပ်ကို တင်ရမယ်၊ မြေရာမှုခင်းစစ်ဖို့ လယ်စီကို တင်ရမယ်။ ဒီလို ရုံးတရုံးကိုတင်ဖို့ ထုတ်ပေးတဲ့ မြေပုံကို သက်သေခံမြေပုံလို့ခေါ်တယ်။ ဒါက ပုံစံ ၁၀၅ ပေါ့။ မုန်ကန်ကြောင်း သက်သေခံရတယ်။ ပိုင်ရှင်ကို အဓိကမဟုတ် မြေ၊ အိမ်ယာအချက်အလက်တွေ မှန်ကန် ကြောင်း သက်သေခံရတာပါ။ ဒီမှာဘာပါလဲဆိုတော့ ဘယ်သူက လျှောက်တာလဲ၊ လျှောက်တဲ့မြေကွက်က ဦးပိုင်နံပတ်ဘယ်လောက်၊ ဧရိယာ ဘယ်လောက်၊ အခွန်စည်းကြပ်ခံရတဲ့သူက ဘယ်သူလဲ၊ ပိုင်ဆိုင်ခွင့်အနေထားက ဘယ်သူလဲ ဒါတွေဖော်ပြပါတယ်။ အရေးကြီးတာက ဘာကြောင့် ရေးကူးပေးသလဲပေါ့။ သူက ပိုင်ဆိုင်မှုအတွက် လုပ်တာမဟုတ်ဘူး၊ တစ်ခုခုလျှောက်ဖို့ဆိုတဲ့ ကိစ္စတစ်ခုအတွက်နဲ့ပဲပေးတာပါ။ ဥပမာ စာချုပ်စာတမ်း မှတ်ပုံတင်ဖို့၊ ဂရမ်လျှောက်ဖို့၊ အိမ်ဆောက်ဖို့ဆိုတဲ့ အကြောင်းအရာတွေ ရေးပြီးတော့ ထုတ်ပေးတဲ့မြေပုံပါ။ သူကို ဒီမြေပိုင်တယ်ဆိုတဲ့ အာမခံချက်ထုတ်ပေးထာတဲ့ မြေပုံမဟုတ်ပါဘူး၊ နောက်ကိစ္စတစ်ရပ် ဆောင်ရွက်ဖို့ အတွက်ပေးတာပါ။ ပုံစံ ၁၀၅ ပြပြီးအရောင်းအဝယ်လုပ်တယ။် ခိုင်မာလား မခိုင်မာလားဆိုတာ ၂ မျိုးရှိပါတယ်။ မြို့ကွက်တွေမှာ အိမ်ယာမြေတွေ အရောင်းဝယ်လုပ်ရင် ပုံစံ ၁၀၅ ပူးတွဲတင်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ပထမတချက်က စာချုပ်မှာပြထားတဲ့တည်နေရာ မှန်လား၊ မမှန်လားဆိုတာ ပုံစံ ၁၀၅ နဲ့ ပူးတွဲစစ်နိုင်အောင်၊ နောက်တစ်ခုက ပုံစံ ၁၀၅ မှာက လျှောက်ထားလိုက်တာနဲ့ ပိုင်ရှင်အမည်ပါတယ်။ လျှောက်ထားသူနဲ့ပိုင်ရှင်နဲ့က တူချင်မှတူတာ ဆိုတော့ လျှောက်တဲ့သူကို ပိုင်တယ်လို့ပြောလို့မရပါဘူး။ ဒါ့ကြောင့် စစ်လို့ရအောင် ပုံစံ ၁၀၅ ကိုပူးတွဲတင်ရ တာပါ။ ဒါက လယ်ယာမြေမှာတော့ အဓိကမကျပါဘူး။ လယ်ယာမြေမှာက  ပုံစံ (၇) က အဓိကပါ။ ပုံစံ (၇) ကခိုင်မာပါတယ်။ ၁၀၅ က မခိုင်မာပါဘူး။ မြို့ကွက်မှာ ကတော့ ၁၀၅ က အထောက်အထား တစ်ရပ်ဖြစ် ပါတယ် ဆိုတာ ဖြေကြားပေးချင်ပါတယ် ။
2 years Ago
Up