ဥပုသ်လ

June 11, 2018

အသေခံဗုံးခွဲမှု ရှောင်ရှားရန် အာဖဂန်ပြည်သူများ အွန်လိုင်းအသုံးပြု ဈေးဝယ်မှု ပိုများလာ

ရာမန်ဒန်ဥပုသ်ကာလအတွင်း အာဖဂန်ပြည်သူတွေဟာ အသေခံဗုံးခွဲမှုတွေကို ရှောင်ရှားဖို့ အွန်လိုင်းရှော့ပင်း ပြုလုပ်နေကြပါတယ်။ ရာမန်ဒန် ဥပုသ်ကာလအတွင်း အာဖဂန်ပြည်သူတွေဟာ အွန်လိုင်းအသုံးပြု ဈေးဝယ်ယူတာတွေ ကျယ်ပြန့်လာခဲ့ပါတယ်။ ဒီနည်းနဲ့ ဈေးဝယ်သူတွေဟာ အာဖဂန်မှာ အဖြစ်များတဲ့ အသေခံဗုံးခွဲမှုနဲ့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေကို ရှောင်ရှားလာကြပါတယ်။ “မြို့ထဲမှာ အသေခံဗုံးခွဲမှုဖြစ်ရင် ကျနော်တို့အော်ဒါတွေ အားလုံးကို ဖျက်ပြီး အဲဒီဘက်လမ်းကြောင်းကို မသွားတော့ဘူး။  ပြီးရင် customer တွေဆီ ဖုန်းဆက်ပြီး ဗုံးပေါက်လို့ လာမပို့နိုင်ကြောင်း အကြောင်းကြားပါတယ်။ အဲဒီအတွက် နောက်တနေ့မှာ လာပို့ပေးပါ့မယ်ဆိုပြီး ပန်ကြားပါတယ်” လို့ အွန်လိုင်းရှော့ပင်းဆိုင်ပိုင်ရှင် အက်စ်မတူလာက ပြောပါတယ်။ “ကဘူးလ်မြို့က လူနေထူထပ်ပြီး အသေခံဗုံးခွဲမှုတွေက ခဏခဏ ဖြစ်နေတာလေ။  ဒီတော့ ကျနော်တို့အနေနဲ့ ဒီ အသေခံတိုက်ခိုက်မှုတွေနဲ့ တခြားလုံခြုံရေးပိုင်း ခြိမ်းခြောက်မှုတွေကို ရင်ဆိုနေရတာပေါ့” လို့ ပစ္စည်းပို့သမားလေး အယ်လ်ဂျမေးလ်ဂျန်က ဆိုပါတယ်။ ကဘူးလ်မြို့ခံ ဆိုဟော့အမ်မီရီက “ဒီ အွန်လိုင်းရှော့ပင်း ဆိုင်လေးတွေ ရှိတာ ကျနော်တို့ ဝမ်းသာတယ်။  ကျနော့်မိသားစုနဲ့ ကျနော်တို့ နိုင်ငံသားတွေအတွက် အတော်လေး အဆင်ပြေပါတယ်။ ဒါဟာ နိုင်ငံအတွက် ဆန်းသစ်ကောင်းမွန်တဲ့ အစီအစဉ်ပါပဲ” လို့ ပြောပါတယ်။ အခုအခါမှာတော့ အွန်လိုင်းရှော့ပင်းဆိုင်ပိုင်ရှင်လေး  အက်စ်မတူလာဟာ တနေ့ကို ပုံမှန် Customer ၅၀ လောက်ရနေပြီး မကြာခင်မှာ ကဘူးလ်မြို့အပြင် တခြားပြည်နယ်တွေမှာပါ  လုပ်ငန်းတိုးချဲ့ဖို့ စီစဉ်နေပါတယ်။
3 years Ago

May 24, 2018

ပါကစ္စတန်တွင် ဥပုသ်လအတွင်း အပူလှိုင်းဖြတ်သည့်ဒဏ် ရင်ဆိုင်နေရ

ပါကစ္စတန်နိုင်ငံမှာ ရာမာဒန်ဥပုသ်လအတွင်း အပူလှိုင်းဖြတ်တဲ့ဒဏ်ကို ဆင်းရဲသားတွေ ကြံ့ကြံ့ခံ ရင်ဆိုင်နေရပါတယ်။ ပါကစ္စတန်နိုင်ငံ ကရာချိမြို့မှာ ပြီးခဲ့တဲ့သီတင်းပတ်က အပူချိန် ၄၄ ဒီဂရီအထိ မြင့်တက်ခဲ့ပြီး ဆင်ခြေဖုံးဒေသ နေထိုင်သူတွေဟာ အပူဒဏ်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရင်ဆိုင် ဖြေရှင်းနေကြပါတယ်။ အဲဒီအပူလှိုင်းဖြတ်မှုဟာ မီးပြတ်တောက်မှု၊ ရာမာဒန်ဥပုသ်ကာလတို့နဲ့လည်း သွားတိုက်ဆိုင်နေပါတယ်။ အခြေခံလိုအပ်ချက် မပြည့်မစုံနဲ့ နေကြရတဲ့ ဆင်းရဲသားရပ်ကွက် နေထိုင်သူတွေအဖို့ ဘဝဟာ ခါးသီးတယ်လို့လည်း ဆိုကြပါတယ်။ “တအားကိုပူတယ်။ ပူတာရယ် ကြွက်ကိုက်တာရယ်ကြောင့် ကလေးတွေလည်း နေမကောင်းဖြစ်နေကြတယ်။ ရေကလည်း မရှိဘူး။ အခက်အခဲတွေကတော့ အများကြီးပဲဗျ။ ပူတော့ စိတ်အနှောင့်အယှက် ဖြစ်ရတယ်။ ဒီကြားထဲ ရေကလည်း မရပြန်ဘူး” လို့ ဟာရီချန်းဆိုသူ ပျံကျနေသူတဦးက ဆိုပါတယ်။ ပြီးခဲ့တဲ့ ၃ ရက်အတွင်း အပူလှိုင်းဖြတ်မှုကြောင့် ကရာချိမြို့မှာ လူ ၆၅ ဦး သေဆုံးခဲ့ပြီး အပူချိန် ဆက်လက်မြင့်မားနေတဲ့အတွက် သေဆုံးသူအရေအတွက် တိုးလာမှာကို စိုးရိမ်နေကြပါတယ်။ ဒီအတွက် အရေးပေါ် လူနာတင်ယာဉ် ဝန်ဆောင်မှုတွေကိုလည်း မြင်တွေ့ရပါတယ်။ "အခြေအနေက သိပ်အဆိုးကြီး မဟုတ်ပေမယ့် အပူလှိုင်းဖြတ်တာကြောင့် သေဆုံးသူတွေ ရှိနေပါတယ်။ မလိုအပ်ဘဲနဲ့ အိမ်ထဲက အိမ်ပြင် မထွက်ဖို့ သတိပေးချင်ပါတယ်။ ဆင်းရဲသားရပ်ကွက်တွေမှာ ရေမရှိတာရယ် မီးမရတာရယ်က အတော်ဆိုးပါတယ်။ အတတ်နိုင်ဆုံး အပူဒဏ်နဲ့ ဝေးဝေးနေဖို့ လူတွေကို မှာချင်ပါတယ်” လို့ လူနာတင်ယာဉ် ဝန်ဆောင်မှု တည်ထောင်သူ ဖိုင်ဇယ်အီဒီက ပြောပါတယ်။ ၂၀၁၅ ခုနှစ်က ကရာချိမြို့မှာ အပူလှိုင်းဖြတ်မှုကြောင့် လူပေါင်း ၁၀၀၀ ကျော် သေဆုံးခဲ့ပြီး သေဆုံးသူ အများစုဟာ ဆင်းရဲသားရပ်ကွက်နေ ပြည်သူတွေ ဖြစ်ကြပါတယ်။
3 years Ago
Up