ဥပဒေရေးရာ အမေးအဖြေ

March 7, 2020

ခြံမြေကျူးကျော်မှုနှင့် အမွေဆိုင်လယ်ယာမြေမှု  (ဥပဒေရေးရာ အမေးအဖြေ)

ခြံမြေကို ကျူးကျော်ပြီး ဝင်းထရံခတ်မှု၊ အမွေဆိုင်လယ်ယာမြေမှု၊ ဘုရားကျောင်း ဆောက်လုပ်ဖို့ ဘယ်လိုလျှောက်ထားရမလဲ၊ စတဲ့ မြေယာ ပြဿနာတွေနဲ့ပတ်သက်ပြီး လူမှုကွန်ရက်ကနေ မေးမြန်းလာတာတွေကို ဦးဇော်မင်း (မြေယာဥပဒေနှင့် မြေယာစီမံခန့်ခွဲရေး လုပ်ထုံးလုပ်နည်းများ အတိုင်ပင်ခံ) နဲ့ ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။ မေး - “ဆရာခင်ဗျား။ ကျနော်တို့ရွာမှာ ဘုရားကျောင်းတခု ဆောက်လုပ်ချင်တဲ့အတွက် ခရစ်ယာန်သာသနာ့ မြေတရားဝင်ရအောင် ဘယ်လို လျှောက်ထား လုပ်ဆောင်ရမလဲဆိုတာကို ရှင်းပြပေးစေချင်ပါတယ်။” ဖြေ - သာသနာမြေအတွက် လျှောက်ထားချင်သည့် မြေသည် မည်သည့်မြေအမျိုးအစား ဆိုတာ ပထမ ကြည့်ရပါမယ်။ ကွင်းမြေပုံ၌ စကားဝါရောင်ဆေးဖြင့် ပတ်ထးသည့် ရွာမြေဟု တရားဝင် အဝန်းအဝိုင်းအတွင်းမှ မြေကွက်လား၊ ရွာမြေဟု တရားဝင် မသတ်မှတ်ရသေးသည့် လယ်ယာမြေအတွင်း တိုးချဲ့ဆောက်လုပ်ထားသည့် မြေကွက်လား၊ မည်သူမျှ အသုံးမချသည့် မြေလွတ်မြေရိုင်းအတွင်းမှ အသုံးပြုမည့် မြေကွက်လား စိစစ်ရပါမယ်။ (က) လယ်ယာမြေပေါ်တွင် အခြားနည်း ခွင့်ပြုချက် မရသေးဘဲ  ရွာမြေတိုးချဲ့မြေများ အတွင်းမှ ဖြစ်ပါက လယ်ယာမြေကို စိုက်ပျိုးမှုမှအပ အခြားနည်း ပြောင်းလဲအသုံးပြုခွင့် လျှောက်ထား ရယူရပါမည်။ ခွင့်ပြုချက်လျှောက်ထားရာတွင် ဘုရားကျောင်းဆောက်လုပ်ရန်ဟု ဖေါ်ပြ လျှောက်ထားနိုင်ပါသည်။ (ခ) မြေလွတ်မြေရိုင်းအတွင်းမှ အသုံးပြုရန်ဖြစ်ပါက မြေလွတ်မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ ပုဒ်မ ၄(ဃ) အရ အစိုးရက ခွင့်ပြုသော ဥပဒေနှင့်ညီညွတ်သည့် အခြား လုပ်ငန်းအတွက် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်လွှာ ပုံစံ ၄ ဖြင့် လျှောက်ထား ရယူနိုင်ပါသည်။ သို့မဟုတ်မူဘဲ မြေနှင့်အခွန်တော်ဥပဒေများအရ မြေလွတ်မြေလပ်တွင် သာသနာ ဂရန် လျှောက်ထားခွင့်ပြုခြင်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အမိန့်ထုတ်ပြန် ဆောင်ရွက်ပေးလျက်ရှိတာ တွေ့ရပါတယ်။ (ဂ) ပင်မ တရားဝင်ရွာမြေအတွင်းမှ ဖြစ်ပါမူ ကျေးရွာ ဂရန်အဖြစ် လျှောက်ထား ရယူနိုင်ကြောင်း ဖြေဆိုလိုပါတယ်။ လျှောက်ထားရာမှာတော့ Religious Edifices သာသနာနိက အဆောက်အအုံအတွက် ဆိုရာ၌ Church သာမက Church နှင့်တွဲနေသည့် Parsonage or Clergy House အတွက်ပါ လျှောက်နိုင်ပါတယ်။ လိုအပ်သည့် မြေပုံ မြေရာဇဝင် အထောက်အထားများ၊ မြေလွှဲပြောင်း ရရှိထားမှု စာရွက်စာတမ်းများ၊ သက်ဆိုင်ရာ ဘာသာရေးဆိုင်ရာ သာသနာအဖွဲ့အစည်းများ၏ ထောက်ခံချက်များ၊ သာသနာရေးဦးစီးဌာန၏ သဘောထားမှတ်ချက်များ၊ အာဏာပိုင်များ၏ သဘောထား ထောက်ခံချက်များ ပါရှိရပါမယ်။ မေး - “လွန်ခဲ့တဲ့ ၇ နှစ်လောက်က ပေ ၄၀ × ၆၀ ရှိတဲ့လူနေအိမ်ကနေ ၂၅ ပေ × ပေ ၄၀ ဝယ်ယူခဲ့ပါတယ်။ အခုအချိန်မှာ အိမ်ဆောက်ဖို့ မြေတိုင်းတော့ ပေကမပြည့်တော့ပါဘူး။ ကျနော့်ကို ရောင်းသူကပဲ ခြံမြေကိုကျူးကျော်ပြီး ဝင်းထရံခတ်ထားပါတယ် ။ မြေအတိုင်းအတာ အမှန်ပြန်ရအောင် ဘယ်လိုလုပ်ဆောင်ရမလဲဆို တာကို အကြံပြုစေချင်ပါတယ်။ မူလ ပေ ၄၀ x ၆၀ ရှိတဲ့ မြေကွက်မှ ၂၅ ပေ X ပေ ၄၀ ခွဲစိတ် ဝယ်ခဲ့စဉ်က ဘယ်လို ဝယ်ခဲ့သလဲ။ မည်သို့ စာချုပ်ချုပ်ဆိုခဲ့သလဲ ဆိုတာကို  ပြန်စိစစ်ဘို့ လိုပါမယ်။ စာချုပ်မှာ ပေ အတိုင်းအတာ အတိ အကျ ဖေါ်ပြခဲ့ သလား။ ယင်းစာချုပ်ကို တရားဝင်စာချုပ်စာတမ်း မှတ်ပုံတင်ခဲ့သလား။ ဝယ်ယူပြီး ဝယ်ယူသည့် အစိတ် အပိုင်းကို ဘယ်လို တိုင်းတာ ခွဲစိပ်ခဲ့သလဲ။ လက်ရှိထား အသုံးပြုခဲ့သလား ဆိုတာတွေက အရေးကြီးတဲ့ အချက် များ ဖြစ်ပါတယ်။ အဲဒီအချက်တွေအတိုင်း စနစ်တကျ လိုက်နာ ဆောင်ရွက်ထားခဲ့ရင်တော့ ကိုယ့်ဘက် မှာ အသာရပါလိမ့်မယ်။ မိမိ တရားဝင် စာချုပ် ချုပ်ဆို တိုင်းတာ ခွဲစိတ်ရယူထားသည့် မြေကို လက်ရောက်ရ လိုမှု၊ ကျူးကျော်သူအား ဖယ်ရှားပေးစေလိုမှု တို့ဖြင့် တရားစွဲဆို အရေးယူနိုင်ပါတယ်။ စာချုပ် ချုပ်ဆိုခဲ့သော် လည်း တရားဝင် စာချုပ်စာတမ်း မှတ်ပုံမတင်ခဲ့ဘူးဆိုလျှင်တော့ မိမိက စွဲဆို တိုက်ခိုက်ဘို့ အရေး မသာနိုင် ပါဘူး။ တံဆိပ်ခွန် လုံ လောက်စွာ ထမ်းဆောင်ပြီး စာချုပ်စာတမ်း မှတ်ပုံတင်ဥပဒေနှင့်အညီ မှတ်ပုံတင် မထားသည့် မရွှေ့မပြောင်းနိုင်သော ပစ္စည်း လွှဲပြောင်းမှု စာချုပ်သည် only Shield not Sword သာဖြစ် ပါတယ်။  မေး - မိဘပိုင်လယ်ယာမြေကို သားအကြီးဖြစ်သူကို လုပ်ကိုင်ခွင့်ပြုထားပါတယ်။ ဒါပေမဲ့ မိဘများ မရှိတော့တဲ့ နောက်ပိုင်း သားကြီးဖြစ်သူကဖယ်မပေးတော့ပဲ ပုံစံ ၇ က သူ့အမည်နဲ့ပေါက်နေလို့ သူပိုင်တယ်လို့ ပြောနေပါ တယ် ။ ကျေးရွာလယ်စီကလည်း သူ့ကိုပဲ အနိုင်ပေးထားပါတယ်။ အမွေဆိုင်လယ်ယာမြေကို သားသမီးတွေ အချိုးကျရအောင် ဘယ်လိုလုပ်ရမလဲဆိုတာ သိလိုပါတယ်။ ယခု မေးခွန်းမျိုးကို ယခင်ကလည်း ဖြေကြားဘူးပါတယ်။ မိဘများရှိစဉ် သားသမီး တစ်ဦးဦးကို လုပ်ကိုင် ခိုင်း ထားရာက ပုံစံ ၇ မှာ သူ့အမည် ပေါက်သွားတယ်။ မိဘများ ကွယ်လွန်သည့်အခါ မိဘအမွေ လယ်ယာ မြေအတွက် ကျန်သားသမီးများနှင့် အငြင်းပွားမှုတွေ ဖြစ်ကြတယ်။ ယင်းကိစ္စရပ်မျိုးမှာ ဘယ်လို ဆောင်ရွက်ကြမလဲ။ မည်သို့ အမွေခွဲဝေကြမလဲ ဆိုတဲ့ ပြဿနာများ ဖြစ်ပွါးလေ့ရှိပါတယ်။ လယ်ယာမြေ ဥပဒေ ပုဒ်မ ၉(ဂ) တွင် “လယ်ယာမြေလုပ်ပိုင်ခွင့်ကို အမွေဆက်ခံခြင်းနှင့် စပ်လျဉ်း၍ အငြင်းပွါးမှု ပေါ်ပေါက်ပါက တည်ဆဲဥပဒေနဲ့အညီ သက်ဆိုင်ရာ တရားရုံး၏ အဆုံးအဖြတ် ခံယူနိုင်ခွင့် ရှိသည် “ ဟု ပြဋ္ဌာန်းထားပါတယ်။ ယင်းပုဒ်မ၏ စကားရပ်များက ပညာသား တော်တော်ပါ ပါတယ်။  မိဘ ကွယ်လွန် သည် နှင့် ကျန်သားသမီးများသည် လယ်ယာမြေအား အမွေခွဲဝေရန် တရားရုံးသို့ သွားရောက် ဆောင် ရွက်ရန်ဟု ဖေါ်ပြထားတာ မဟုတ်ပါဘူး။ (အငြင်းပွါးမှု ပေါ်ပေါက်မှသာ) (သက်ဆိုင်ရာ တရားရုံး၏ အဆုံးအဖြတ် ခံယူနိုင်ခွင့်) ဟု ဆိုသည့်အတွက် အမွေဆိုင်များ အဝေမတည်တဲ့ အငြင်းပွားမှု ဖြစ်မှသာ တရားရုံးသို့ သွားလိုက သွားရောက်ခံယူခွင့်ရှိသည် ဆိုသည့်သဘော ပြဆိုနေပါတယ်။ မိဘမရှိသည်နှင့် မိဘ ပိုင်ဆိုင်သည် ဆိုသည့် လယ်ယာမြေဆိုပြီး ကျန်သားသမီးများက တရားရုံးသို့ အမှုဆက် ခံခွင့် တောင်းခံ နိုင်ပါသလား ဆိုရင်လည်း လယ်ယာမြေလုပ်ပိုင်ခွင့်အတွက် အမွေရှင်နှင့် အမွေဆက်ခံသူအဖြစ် အရပ်သိ ပိုင်ဆိုင်မှုကို ဥပဒေက လက်မခံပါဘူး။ လယ်ယာမြေဥပဒေ ပုဒ်မ ၉ ခြေဆင်းမှာ “လယ်ယာမြေ လုပ်ပိုင်ခွင့် ရရှိသူသည် အောက်ပါ အခွင့်အရေးများကို ရရှိစေရမည်” ဟူသည့် စကားရပ်အရ အမွေရှင် သည် လယ်ယာမြေလုပ်ပိုင်ခွင့် ရရှိသူ (ပုံစံ ၇ ရရှိထားသူ) သာ ဖြစ်ပါတယ်။ မိဘဖြစ်သူအနေဖြင့် ပုံစံ ၇ အမည် ပေါက်ထားပါက မိဘ မရှိသည့်အခါ ကျန်သားသမီးများမှ အမွေဆက်ခံခွင့်အတွက် အရေးဆိုခွင့် ရှိမည် ဖြစ် သော်လည်း ယခုကဲ့သို့ သားကြီးဖြစ်သူ၏အမည်ဖြင့် ပုံစံ ၇ လယ်ယာမြေလုပ်ပိုင်ခွင့် ရရှိ ထားပါက ယင်း လယ်ယာမြေ လုပ်ပိုင်ခွင့်အား အမွေဆက်ခံရန်မှာ သားကြီးဖြစ်သူ၏ အမွေဆက်ခံခွင့် ရှိသူများနှင့် သက်ဆိုင်ပြီး ပုံစံ ၇ အမည်မပေါက်ခဲ့သည့် မိဘ၏ ကျန်သားသမီးများနှင့် သက်ဆိုင်မည် မဟုတ်တော့ချေ။ ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှ ၂၀၁၅ တွင် စီရင်ထုံးဖွဲ့ခဲ့သော ဒေါ်ခင်ဆွေမြင့် နှင့် ဦးဝင်းရွှေ(ခ) ဦးဝင်း ဆွေ ပါ ၃ တို့၏ အမှုတွင် “၂၀၁၂ လယ်ယာမြေဥပဒေ ပုဒ်မ ၉(ဂ) ပါ ပြဌာန်းချက်အရ အမွေ ဆက်ခံခြင်းနှငိ့ စပ်လျဉ်း၍ အငြင်ပွါးမှုကို ဥပဒေနှင့်အညီ တရားရုံး၏ အဆုံးအဖြတ်ခံယူနိုင်သော အခွင့်အရေးမှာ လယ်ယာမြေ လုပ်ပိုင်ခွင့် ရရှိထားသူများသာ ရရှိသော အခွင့်အရေးဖြစ်ကြောင်း ” ဆုံးဖြတ် ထားပါတယ်။ သို့ဖြစ်ပါက မိဘပိုင် လယ်ယာမြေကို ကျန်သားသမီးများက မိဘနှင့်အတူ ပူးတွဲကူညီ လုပ်ကိုင်လာ ပါလျက် သားကြီးဖြစ်သူ ပုံစံ ၇ ရရှိသွားမှုအရ ကျန်သားသမီးများမှ နစ်နာ ဆုံးရှုံးမှု ရှိပါသလား။ ရှိသည် ဆိုပါက တစ်ဦး တစ်ယောက်တည်းအပေါ် လုပ်ပိုင်ခွင့်ပေးခဲ့ခြင်းအား ပယ်ဖျက်၍ ကျန်ပုဂ္ဂိုလ်များ ကိုပါ ပုစံ ၇ ခွဲဝေလုပ်ကိုင် ခွင့်ပြုပါရန် ပုဒ်မ ၂၂ အရ ရပ်ကျေးလယ်စီသို့ မူလမှုခင်း တိုင်ကြား ဆောင်ရွက် သင့်ပါတယ်။ ကျေးရွာဆုံးဖြတ် ချက်ကို မကျေနပ်ပါက အယူခံရုံးအဆင့်ဆင့်ထိ တက်ရောက်  ဆောင်ရွက်သင့်ပါတယ်။
2 years Ago

March 1, 2020

မြေယာပြဿနာ ဘယ်လိုဖြေရှင်းရမလဲ (ဥပဒေရေးရာ အမေးအဖြေ)

အိမ်ဝိုင်းပါမစ် မီးလောင်မှု၊ လယ်ယာမြေ ပုံစံ ၇ ရအောင် ဘယ်လိုလျှောက်ရမလဲ၊ စတဲ့ မြေယာ ပြဿနာတွေနဲ့ပတ်သက်ပြီး လူမှုကွန်ရက်ကနေ မေးမြန်းလာတာတွေကို ဦးဇော်မင်း (မြေယာဥပဒေနှင့် မြေယာစီမံခန့်ခွဲရေး လုပ်ထုံးလုပ်နည်းများ အတိုင်ပင်ခံ) နဲ့ ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။ မေး - “အိမ်ဝိုင်းပါမစ်က မီးလောင်တဲ့အထဲ ပါသွားပါတယ်။ မြေစာရင်းကို သွားမေးတဲ့အခါ မြို့ကွက်များဖော်ထုတ်ရေး တိုင်းကြီးကြပ်မှုကော်မတီ မရှိတော့အတွက် ပြန်ထုတ်ပေးလို့ မရတော့ဘူးဆိုပြီး ပြောနေပါတယ်။ ကျနော့်အိမ်ဝိုင်း ပိုင်ဆိုင်မှု ခိုင်မာအောင် ဘယ်လို ဆက်လုပ်ရမလဲဆိုတာ အကြံပေးစေချင်ပါတယ်” ဖြေ - အိမ်ရာမဲ့များ၊ နေရာချထားရေး၊ ကျူးကျော်များ ရွှေ့ပြောင်းချထားရေး၊ မြို့ပြရပ်ကွက်သစ်များ ဖော်ထုတ်ရေး စသည်တို့အတွက် မြို့နယ်နိမိတ်အစပ်က လယ်ယာမြေများကို မြို့ရပ်ကွက်သစ်များအဖြစ် တိုင်းတာ ဖော်ထုတ် အကွက်ရိုက် နေရာချထားမှု ဆောင်ရွက်ရပါတယ်။ မြို့မြေနှင့်ပတ်သက်ပြီး အောက်မြန်မာပြည် မြို့နှင့် ကျေးရွာ မြေများ လက်စွဲဥပဒေပါ ပြဋ္ဌာန်းချက်များအရ ဆောင်ရွက်ရသည့်အခါ မြေပိုင်ဆိုင်မှု ပေးရေး၊ မြေရှင်ဆိုင်ရာ အခွင့်အရေးပေးရေးတို့အတွက် သတ်မှတ်ချက်များ ရှိပါတယ်။ အစိုးရမှ စီမံချထားနိုင်သည့် Land at the Disposal of Government ဆိုသည့် မြေအတွင်း မြေသုံးစွဲရန် အခွင့်အရေး Rights on Land ကို Grant , Lease, License  ဆိုသည့် နေထိုင်ခွင့်များဖြင့်သာ ကော်လိပ်တော်အရာရှိက ခွင့်ပြုရပါတယ်။ အဆိုပါဥပဒေများတွင် ကော်လိပ်တော်အရာရှိ၏ မြေချထားခွင့်၌ ပါမစ် ဆိုသည့် မြေအမျိုးအစား သတ်မှတ်ထားတာ မပါပါဘူး။ ထို့ကြောင့် Disposal Land အဖြစ် Tenure Enquiry ခွဲခြား မသတ်မှတ်ရသေးသည့် မြေများကို မြို့သစ်ဖော်ထုတ်ရာမှာ ကော်လိပ်တော်မှ ဂရန် လုပ်ထုံးလုပ်နည်းများနှင့် ချထားမှုမပြုဘဲ သင့်လျော်သည့် ဌာနဆိုင်ရာများနှင့် ဖွဲ့စည်းထားသည့် မြို့ကွက်သစ် ဖော်ထုတ်ချထားရေး ကော်မတီများမှသာ မြေပေးမိန့် ထုတ်ပြန် နေရာချထားလေ့ရှိပါတယ်။ ပါမစ်သည် မြေနေရာချထားသည့် မြေပေးမိန့်တရပ်ဖြစ်ပြီး နေထိုင်ရန်အတွက်သာ ခွင့်ပြုမိန့် ဖြစ်ပါတယ်။ တရားဝင်မြေသုံးစွဲ ပိုင်ဆိုင်ခွင့် မဟုတ်သေးပါဘူး။ အစိုးရမြေအဖြစ်သာ သတ်မှတ်ပါတယ်။ ထိုပါမစ်ကို ဂရန်ဆက်လျှောက်မှသာ တရားဝင် မြေအမည်ပေါက် သုံးစွဲခွင့်ရမှာ ဖြစ်ပါတယ်။ တရားစီရင်ထုံးများအရ  ပါမစ်သည် မြေပိုင်ဆိုင်ခွင့် မဟုတ်သည့်အတွက် အမွေဆက်ခံခွင့်မရှိသလို စာချုပ်စာတမ်း မှတ်ပုံတင်ခွင့်မပေးပါဘူး။ မြို့သစ်မြေကွက် ရိုက်ပြီး မြေချထားရာမှာ မြို့သစ် ဖော်ထုတ်ကြီးကြပ်ရေးကော်မတီ သို့မဟုတ် မြို့ကွက်သစ် မြေနေရာချထားရေးကော်မတီများဖွဲ့စည်း ဆောင်ရွက်ကြသည့်အခါ မြေကွက်များကို တန်ဖိုးသတ်မှတ်၊ ရောင်းချ၊ မြေစလစ်များ ပါမစ်များကို ကော်မတီအနေဖြင့် ထုတ်ပေးခဲ့ခြင်းသာ ဖြစ်ပါတယ်။ စည်ပင်မှသော်လည်းကောင်း၊ ထွေအုပ်မှသော် လည်းကောင်း၊ မြေစာရင်းမှသော်လည်းကောင်း ဌာနတရပ်ရပ်မှ တာဝန်ခံထုတ်ပေးခြင်း မဟုတ်ပါ။ ဌာနတခုမှ တာဝန်ခံ ဖော်ထုတ် ဆောင်ရွက်ရတာ မဟုတ်ဘဲ မြို့ကွက်သစ် ကော်မတီမှ သီးခြားဆောင်ရွက်ရသောကိစ္စ ဖြစ်၍ အကွက်ချမြေပုံနှင့်တကွ မြေကွက်ချစာရင်း၊ ပါမစ်ထုတ်ပေး စာရင်းများ၊ ငွေပေးသွင်း စာရင်းများကို မြေစာရင်းမှ ထိန်းသိမ်း ကိုင်တွယ်ရမှု မရှိပါဘူး။ ကော်မတီထံမှာသာ ထိန်းသိမ်းထားရှိပါတယ်။ ယခုမေးခွန်းမှာ ပါရှိသလို အိမ်မီးလောင်သည့်အခါ မြေချပါမစ် ပါသွားသည့်အတွက် ပါမစ်ပြန်ထုတ်ပေးရန်မှာ ထိုစဉ်က မြေချထားခဲ့သည့် ကော်မတီလည်း ယခု မရှိနိုင်တော့ပါ။ မြေစာရင်းဌာနမှတ်တမ်းတွင်လည်း အဆိုပါ မြေချပါမစ်၏ မြေပုံစာရင်းများ ရှိနိုင်မည် မထင်ပါ။ အဘယ်ကြောင့်ဆိုသော် ဂရန်လျှောက်သည့်အခါမှသာ ခွင့်ပြုချထားသော ဂရန်အမှုတွဲကို ထွေအုပ်မှ မြေစာရင်းသို့ ပို့ရပြီး ၁-က စာရင်းတွင် မှတ်သားရသည့်အတွက် မြို့မြေ ဦးပိုင်မှတ်ပုံတင်စာရင်းတွင် မည်သူရရှိပိုင်ဆိုင်သည်ဆိုသည့် မှတ်တမ်း ၁-က ၌ ယင်းပုဂ္ဂိုလ်၏အမည် ရှိနေနိုင်သော်လည်း မြို့ကွက်ကော်မတီမှ ချထားသော ပါမစ်များကို အစိုးရမြေအဖြစ်သာ သဘောထားခြင်းကြောင့် မြေစာရင်းဌာနမှ မှတ်သားရန် လက်ခံရရှိခြင်း၊ မှတ်တမ်းတင်ခြင်း မရှိခဲ့ပါ။ ပါမစ်သည် အစိုးရမြေ နေထိုင်ရန်အတွက်သာဖြစ်ပြီး ပိုင်ဆိုင်မှု မပါသေးသည့်အတွက် ဂရန်မလျှောက်က ယင်းပုဂ္ဂိုလ်၏ အမည်လည်း မြေစာရင်းမှတ်ပုံစာရင်း ၁-က တွင် မရှိနိုင်ပါ။ မြို့ကွက်ကော်မတီရုံးခန်းဟောင်းတွင် စာရင်း မြေပုံဟောင်း ရှိသည်ဆိုစေကာမူ ယခုကာလကျမှ ယင်းပါမစ်ကို မည်သူက တာဝန်ခံ လက်မှတ် ရေးထိုး ထုတ်ပေးမည်နည်း ဆိုသော ပြဿနာ ရှိပါမည်။ တာဝန်ခံ လက်မှတ်ရေးထိုးပေးသူရှိပြီး ယခင် စာရင်းဟောင်း၊ မှတ်တမ်းဟောင်း ရှိပါက မိတ္တူမှန် ထုတ်ပေးနိုင်ပါသည်။ သို့သော် မိမိ မြေကွက် မိမိအမည်ဖြင့် အမည်ပေါက် ပိုင်ဆိုင်နိုင်ရန် ယင်းမြေအား ဂရန်သာ လျှောက်ထားသင့်ပြီး လိုအပ်သည့် အချက်များကို သက်ဆိုင်ရာဌာနများထံ မေးမြန်း ဆက်သွယ်၍ ပြည့်စုံစွာ ဖြည့်ဆည်း ဆောင်ရွက်သင့်ပါသည်ဟု ဖြေလိုပါတယ်။  မေး - “ကျနော်က မိတ်ဆွေတဦးထံက ပုံစံ ၇ မရသေးတဲ့ လယ်ယာမြေကို အရပ်စာချုပ်နဲ့ ဝယ်ထားပါတယ်။ ကိုယ့်အမည်နဲ့ ပုံစံ ၇ ရအောင် ဘယ်လို လျှောက်ထားရမလဲဆိုတာကို သိပါရစေ” ဖြေ - ပုံစံ ၇ အမည်ပေါက်ရန်အတွက် မြေအခြေအနေကို မူတည်ပြီး နည်းလမ်း အမျိုးအစား ကွဲပြားပါတယ်။ ပုံစံ ၇ ရပြီး လယ်ယာမြေတွင် ဆောင်ရွက်သည့် နည်းလမ်းနှင့် ပုံစံ ၇ မရသေးသည့် လယ်ယာမြေတွင် ဆောင်ရွက်သည့်နည်းလမ်း မတူပါဘူး။ ပုံစံ ၇ ရပြီး လယ်ယာမြေဖြစ်ပါက မိမိဝယ်ယူထားသည့် လယ်ယာမြေကို မိမိအမည်ဖြင့် ပုံစံ ၇ အမည်ပြောင်းရန် လုပ်ငန်းစဉ် ၆ ဆင့် ရှိပါတယ်။ (က) လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်းနှင့် ပေးကမ်းခြင်း ကိစ္စရပ်များအတွက် မြေစာရင်းပုံစံ ၁၀၅ ရေးကူး ရရှိရေး အတွက် လျှောက်ထား ဆောင်ရွက်ခြင်း။  (စာချုပ်ချုပ်ဆို ဆောင်ရွက်မည့် ဧရိယာကို မြေတိုင်းတာစိစစ်ပြီး သက်သေခံ မြေပုံ ထုတ်ယူနိုင်ရန်အတွက် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ (၂၀-၅-၂၀၁၉) ရက် စွဲပါ စာအမှတ် ၆၁၂၄/ မပ(မြေပုံ)- ထွေ-၂ (၁၉) ဖြင့် ညွှန်ကြားချက်များအရ လိုက်နာ ဆောင်ရွက်ရန်  ဖြစ်ပါသည်။) (ခ)  လွှဲပြောင်းသော လယ်ယာမြေအား ဆီလျော်သော ဒေသန္တရတန်ဖိုး သတ်မှတ်ပေးရန် လျှောက်ထားခြင်း။ ဗဟိုလယ်စီ၏ ညွှန်ကြားချက် (၂/၂၀၁၉) အရ ကျေးရွာလယ်စီမှ အဆိုပြုတင်ပြ၍ မြို့နယ်လယ်စီမှ  တန်ဖိုး အတည်ပြု သတ်မှတ်ရန် ဖြစ်သည်။ (ဂ) မြို့နယ်လယ်စီမှ သတ်မှတ်ပေးလိုက်သော လယ်ယာမြေတန်ဖိုးအရ ထိုက်သင့် တံဆိပ်ခေါင်းများ ကပ်နှိပ်၍ စာချုပ်ချုပ်ဆိုနိုင်ရန် အခွန်ဦးစီးဌာနတွင် စာချုပ်ခေါင်း ဝယ်ယူခြင်း၊ (တန်ဖိုး၏ ၄ %) (ဃ) ထိုက်သင့်တံဆိပ်ခေါင်း ကပ်နှိပ်ပြီး ဖြစ်သော လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်း၊ ပေးကမ်းခြင်း စာချုပ်များကို ရပ်ကျေးလယ်စီအဖွဲ့ ရှေ့မှောက်တွင် ချုပ်ဆိုလက်မှတ်ထိုးခြင်း။ (ဗဟိုလယ်စီ၏ လယ်ယာမြေ လုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်း၊ ပေးကမ်းခြင်းများအတွက် စာချုပ်များ ချုပ်ဆိုရန် တင်ပြဆောင်ရွက်ရာတွင် လိုက်နာ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ (ညွှန်ကြားချက် အမှတ် ၃/၂၀၁၉) အရ ဆောင်ရွက်ရန် ဖြစ်သည်။) (င) ချုပ်ဆိုပြီးသော လယ်ယာမြေ လုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ လဲလှယ်ခြင်း၊ ပေးကမ်းခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်းတို့နှင့် ပတ်သက်သော စာချုပ်များကို စာချုပ်စာတမ်း မှတ်ပုံတင်ရုံး (မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန) တွင် မှတ်ပုံတင်ခြင်း၊ (ယင်းစာချုပ်များ မှတ်ပုံတင်ဆောင်ရွက်ရန်အတွက် နည်းလမ်းများကို လယ်/စီ/အင်း ဦးစီးဌာနမှ  (၁၇-၅-၂၀၁၉) ရက်စွဲပါ စာအမှတ် ၆၀၂၅/ ၄န-၃(၂၀၁၉) ဖြင့် ထုတ်ပြန်ထားသည့်အပြင် အဆိုပါ စာချုပ်များ မှတ်ပုံတင်ရာတွင် ထမ်းဆောင်ပေးသွင်းရမည့် တံဆိပ်ခေါင်းခွန်နှင့် စာချုပ်စာတမ်း မှတ်ပုံတင်ခ အခငွေစာရင်းကိုလည်း ထုတ်ပြန် ညွှန်ကြားပြီး ဖြစ်သည့်အတိုင်း လိုက်နာရန် ဖြစ်သည်။ (စ)  မှတ်ပုံတင်ပြီးသော စာချုပ်စာတမ်းများနှင့် ပူးတွဲ၍ လယ်ယာမြေလုပ်ပိုင်ခွင့်အား အမည်ပြောင်း လျှောက်လွှာ တင်သွင်းခြင်း လုပ်ပိုင်ခွင့်ရသူ အမည်ပြောင်းလဲပေးခြင်း။ (ဗဟိုလယ်စီ၏ ညွှန်ကြားချက်အမှတ် ၄/၂၀၁၉ အရ ဆောင်ရွက်ရန် ဖြစ်ပါသည်။) အထက်ပါ အချက် (က)၊ (ခ)၊ (ဂ)၊ (ဃ) နှင့် (င) တို့ ပြည့်စုံစွာ ဆောင်ရွက်ပြီး နောက် အချက် (စ) ပါ ပုံစံ ၇ အမည်ပြောင်းကိစ္စကို ဆောင်ရွက်ပေးပြီးသည့်အခါ ဝယ်ယူထားသော လယ်ယာမြေ၏ လုပ်ပိုင် ခွင့်ပြု လက် မှတ် မိမိအမည်ဖြင့် ရရှိမည် ဖြစ်ကြောင်း ဖြေလိုပါတယ်။ ယခုမေးခွန်းပါ ပုံစံ ၇ မရသေးသည့် တနည်းဆိုသော် မလျှောက်ထားရသေးသည့် လယ်ယာမြေဖြစ်ပါက ဝယ်ယူထားသူသည် ပထမလယ်ယာမြေအဖြစ် သတ်မှတ်ထားသည့် မြေနှင့် ကွင်းတိုင်းတာ မြေပုံထုတ်ပြီး မြေဖြစ်ရပါမယ်။ ဒုတိယ လက်ရောက် လွှဲပြောင်းရယူထားပြီး လက်ရှိလက်ငုတ်အဖြစ် လုပ်ကိုင်နေသူ ဖြစ်ရပါမည်။ သို့မှသာ ပုဒ်မ ၆၊ (က)(၂) ပါ ပြဋ္ဌာန်းချက်အရ လက်ရှိလုပ်ကိုင်နေသူအဖြစ် လျှောက်ထားခွင့် ရရှိမည် ဖြစ်ပါတယ်။ ကာယကံရှင်အနေဖြင့် လယ်ယာမြေနည်းဥပဒေ အခန်း (၂) ပါ ပြဋ္ဌာန်းချက်များအရ  ရပ်ကျေး လယ်စီထံမှ ပုံစံ (၁) တောင်းခံ ဖြည့်သွင်း၍ ရပ်ကျေးလယ်စီမှတဆင့် မြို့နယ်ဦးစီးဌာနသို့ လျှောက်ထားနိုင်ပါတယ်။ မြေပေါ်အမှန် လုပ်ကိုင်နေသူ ဖြစ်ကြောင်း ရပ်ကျေး အုပ်ချုပ်ရေးမှူးနှင့် လယ်နီးချင်း သက်သေ ၂ ဦး ၏ ထောက်ခံချက် ပါရှိရပါမယ်။ ထိုလျှောက်ထားမှုကို ဦးစီးဌာနမှ ကန့်ကွက်လွှာခေါ်ယူခြင်း စိစစ်ခြင်းများ ဆောင်ရွက်ပြီးနောက် အမှုတွဲကို သဘောထားမှတ်ချက်နှင့်အတူ မြို့နယ်လယ်စီကို တင်ပြပေးပါမည်။ မြို့နယ်လယ်စီမှ ဆက်လက်စိစစ်ပြီး သဘောထား မှတ်ချက်နှင့်အတူ ခရိုင်လယ်စီသို့ တင်ပြပါမည်။ ခရိုင်လယ်စီမှ အမှုတွဲလက်ခံ ရရှိသည့်အခါ ထပ်မံစိစစ်၍ လျှောက်ထားမှုကို ခွင့်ပြုကြောင်း၊ သို့မဟုတ် ငြင်းပယ်ကြောင်း ဆုံးဖြတ်ပြီး မြို့နယ်ဦးစီးဌာနသို့ အကြောင်းကြားပါမည်။ ဦးစီးဌာနသည် ခရိုင်လယ်စီမှ ခွင့်ပြုသည့် အကြောင်းကြားစာ ရရှိပါက လျှောက်ထားသူအား မှတ်ပုံတင်ကြေး ၅၀၀ ကျပ် ပေးသွင်းခြင်း၊ မှတ်ပုံတင် စာရင်း ပုံစံ ၅ တွင် မှတ်တမ်းတင်ခြင်းများ ဆောင်ရွက်ပြီး မြီု့နယ်လယ်စီသို့ တင်ပြ၍ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ ၇ ထုတ်ပေးမည် ဖြစ်ပါတယ်။ ယခု မေးမြန်းသူအနေဖြင့် အထက်ပါအတိုင်း လိုက်နာလျှောက်ထား ဆောင်ရွက်၍ ပုံစံ ၇ အမည်ပေါက် ရရှိနိုင်ပါတယ်။ မေး - “၂၀၁၃ မှာ ပုံစံ ၇ တွေ ထုတ်ပေးတော့ ကျနော် လုပ်ကိုင်နေတဲ့ လယ်မြေနှစ်ဧက ကို လျှောက်ထားခဲ့ပါတယ်။ ဒီမြေဟာ ၁၉၆၈ ကနေ ၂၀၁၂ အထိ မြေခွန်ပြေစာရှိထားတာပါ။ ဒါပေမဲ့ ကျောင်းထိုင်ဘုန်းကြီးက ဒီမြေဟာ သူ့ကျောင်းရဲ့ ၀တ္တကမြေဆိုပြီး ကန့်ကွက်တဲ့အတွက် မြေယာမှုခင်းဖြစ်တော့ ရပ်ကျေး၊ ခရိုင်၊ တိုင်း အဆင့်ဆင့်မှာ ကျနော် အနိုင်ရခဲ့ပါတယ်။ ဒါကို ဘုန်းကြီးက ဝတ္တကမြေဆိုပြီး ဗဟိုသံဃာနာယကအဖွဲ့ဆီ ဆက်ပြီးတိုင်နေတဲ့အတွက် ကျနော့်မှာ အခက်အခဲဖြစ်နေပါတယ်။ ပုံစံ ၇ ရအောင် ဘယ်လို ဆက်လုပ်ရမလဲ ဆိုတာကို ဖြေကြားပေးစေချင်ပါတယ်။” ဖြေ - ပုံစံ ၇ အတွက် စတင်လျှောက်ထားစဉ်ကပင် လျှောက်ထားသူရော လယ်စီအဖွဲ့ အဆင့်ဆင့်ပါ လုပ်ငန်းစဉ်မှားနေသည့် သဘောလား စဉ်းစားစရာ ဖြစ်ပါတယ်။ ၁၉၆၈ ကနေ ၂၀၁၂ ထိ တရားဝင် ပြေစာအမည်ပေါက် လက်ရှိလက်ငုတ် ပုဂ္ဂိုလ်က ပုံစံ ၇ လျှောက်တယ်။ ပုဒ်မ ၆၊ နည်းဥပဒေ ၃ ပြဋ္ဌာန်းချက်များနှင့်လည်း ကိုက်ညီတယ်။ ထိုပုဂ္ဂိုလ်၏ လျှောက်ထားမှုကို ကန့်ကွက်မှုရှိတယ်။ ရှိပါစေ။ နည်းဥပဒေ ၉ အရ ကျေးရွာလယ်စီကို စစ်ဆေးစေပြီး တွေ့ရှိချက်ကို မြို့နယ်တင်၊ မြို့နယ်မှ သုံးသပ်ပြီး သဘောထား မှတ်ချက်နှင့် မြို့နယ်လယ်စီတင်၊ ထိုမှ ခရိုင်လယ်စီတင်ပြီး ခရိုင် ဆုံးဖြတ်ချက်အရ ပုံစံ ၇ လျှောက်ထားခြင်းကို ခွင့်ပြုခြင်း၊ ငြင်းပယ်ခြင်း အကြောင်းကြားချက်ပေါ် မူတည်၍ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်ထုတ်ပေးရန်သာ ဖြစ်ပါတယ်။ ဆိုင်းငံ့ထားရန် မဟုတ်ပါ။ ပုံစံ (၇) ထုတ်ပေးပြီးမှ ယင်းသို့ ထုတ်ပေးခြင်းကို မကျေနပ်သူသည် ပုဒ်မ ၂၂ အရ မူလမှုခင်း တိုင်ကြားသည့်အခါမှသာ မြေယာမှုခင်း စစ်ဆေးဆောင်ရွက်ခြင်း၊ ဆုံးဖြတ်ခြင်း၊ အယူခံဝင်စေခြင်းများ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အခုမေးခွန်းပါ အနေအထားအရ ပုံစံ ၇ လျှောက်တုန်းကတည်းက ကျောင်းထိုင်ဘုန်းကြီးက ၀တ္တကမြေဟု ကန့်ကွက်တာနဲ့ ကျေးရွာမှသည် တိုင်းအဆင့်ထိ လုပ်ပိုင်ခွင့် အငြင်းပွားမှုသဘောမျိုး စစ်ဆေးဆုံးဖြတ်နေတာ တွေ့ရပါတယ်။ လုပ်ထုံးလုပ်နည်းနှင့် မညီပါဘူး။ ပုံစံ ၇ မရသေးဘဲ မှုခင်းစစ်ဆေးနေတဲ့ သဘော ဖြစ်နေပါတယ်။ ပုံစံ ၇ လျှောက်ထားစဉ်မှာ အပြိုင်လျှောက်ထားခြင်း ကန့်ကွက်ခြင်းများကို စစ်ဆေးဆောင်ရွက်သည့်အခါ မြေယာမှုခင်းသဘော စစ်ဆေးဆုံးဖြတ်ရန်မဟုတ်ဘဲ မည်သူအား လုပ်ပိုင်ခွင့် မှတ်ပုံတင်ပေးမည်ဆိုသော ဆုံးဖြတ်ချက် ရနိုင်ရန်အတွက်သာ ဆောင်ရွက်ရန်ဖြစ်ကြောင်း “လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် အပြိုင်လျှောက်ထားခြင်း၊ ကန့်ကွက်မှုများ ဆုံးဖြတ်ရာတွင် လိုက်နာ ကျင့်သုံးဆောင်ရွက်ရမည့် အခြေခံအချက်များ” ကို ဗဟိုလယ်စီက ၂၀၁၆ စက်တင်ဘာလကပင် ညွှန်ကြားချက် ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ ပုံစံ ၇ လျှောက်ထား စိစစ်၍ လုပ်ပိုင်ခွင့်လက်မှတ် ထုတ်ပေးခြင်းကိစ္စက သီးခြား၊ လယ်ယာမြေနှင့် သာသနာမြေ သို့မဟုတ် ဝတ္တကမြေကိစ္စအဖြစ် အငြင်းပွားမှုက သီးခြား ဖြစ်ပါတယ်။  ခွဲခြား ဆောင်ရွက်ရပါမယ်။ အမှန် သာသနာဝတ္တကမြေဆိုရင် မူလကပင် ပုံစံ ၇ လျှောက်ခြင်းကို ပယ်ရပါမယ်။ ပုံစံ ၇ ထုတ်မပေးနိုင်ပါ။ သာသနာမြေမဟုတ်ဘဲ လယ်ယာမြေသာ ဖြစ်ပြီး လျှောက်ထားသူက မြေပေါ် အမှန်တကယ် နှစ်ပေါင်းများစွာ လက်ငုတ် လုပ်ကိုင်နေတာ မှန်ရင်တော့ ပုံစံ ၇ ပေးရပါမယ်။ ပုံစံ ၇ ပေးပြီးမှ ကျောင်းထိုင် ဘုန်းကြီးဘက်က မကျေနပ်လျှင် အမှုအခင်း တက်နိုင်ပါတယ်။ လယ်စီ အဆင့်ဆင့် ဆုံးဖြတ်ချက်ကို မကျေနပ်ရင် စာချွန်တော်အထိ တက်ပြီး ပုံစံ ၇ ဖျက်နိုင်ပါတယ်။ အခု တိုင်းအဆင့်ထိ ဆုံးဖြတ်ပြီးတာတောင် ပုံစံ ၇ မရသေးတာကတော့ တခုခု မှားနေပြီလို့သာ ပြောချင်ပါတယ်။
2 years Ago
More News
Up