ဥပဒေချိုးဖောက်သည့်ဖြစ်စဉ် ၂၂ ခု

November 10, 2020

မကွေးတိုင်းတွင် ရွေးကောက်ပွဲရက် ဥပဒေချိုးဖောက်သည့်ဖြစ်စဉ် ၂၂ ခု ဖြစ်ပွား

မကွေးတိုင်းဒေသကြီးအတွင်းမှာ ရွေးကောက်ပွဲကျင်းပတဲ့ နိုဝင်ဘာလ ၈ ရက်နေ့က ဥပဒေချိုးဖောက်တဲ့ ဖြစ်စဉ် ၂၂ ခု ဖြစ်ပွားခဲ့တယ်လို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့ကနေ သိရပါတယ်။  အဲဒီဖြစ်စဉ်တွေကတော့ မကွေးခရိုင်မှာ ၈ ခု၊ မင်းဘူးခရိုင်မှာ ၂ ခု၊ သရက်ခရိုင်မှာ ၃ ခုနဲ့ ပခုက္ကူခရိုင်မှာ ၉ ခု ဖြစ်ပွားခဲ့ပြီး အမှုဖွင့်အရေးယူထားတာ ၂ မှုရှိတယ်လို့ မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့က ဒုတိယရဲမှူးကြီး ထိန်ဝင်းက ပြောပါတယ်။  ဆိုင်ကယ်မှာ ပါတီတံဆပ်ကပ်ပြီး မဲပေးတာတွေ၊ မဲနှစ်ကြိမ်ပေးတာတွေ၊ တိုင်းရင်းသားကိုယ်စားလှယ် စာအိတ်/အမည် မှားတာတွေ၊ အမည်စာရင်းမပါဘဲ အုပ်ချုပ်ရေးမှူး ထောက်ခံချက်နဲ့ မဲလာပေးတာတွေ၊ တံဆိပ်တုံးကိစ္စတွေအပြင် အခြားဖြစ်စဉ်တွေလည်း ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။  ပေါက်မြို့နယ် စခန်းလှကျေးရွာမှာ မဲရုံတာဝန်ရှိသူကို ဆဲဆိုတဲ့သူကို ပေါက်မြို့မရဲစခန်းမှာ ရွေးကောက်ပွဲဆိုင်ရာဥပဒေ ပုဒ်မ ၆၂ နဲ့ အမှုဖွင့်ထားပြီး မြို့သစ်မြို့နယ် အင်ရွာကြီးကျေးရွာမှာ တံဆိပ်တုံးအတုနဲ့ မဲလာပေးတဲ့သူကို လိမ်လည်မှု ရာဇသတ်ကြီးပုဒ်မ ၄၂၀/၄၆၈ နဲ့အမှုဖွင့်ထားတယ်လို့ ဒုတိယရဲမှူးကြီးက ပြောပါတယ်။  မကွေးတိုင်းဒေသကြီးမှာ ရွေးကောက်ပွဲ အကြိုကာလကလည်း ရွေးကောက်ပွဲဥပဒေနဲ့ အရေးယူတဲ့ အမှုတွေ အပါအဝင် ရွေးကောက်ပွဲနဲ့ ဆက်နွှယ်တဲ့ အမှုပေါင်း ၄၂ မှုဖြစ်ပွားခဲ့တယ်လို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့ကနေ သိရပါတယ်။
2 years Ago
Up