ဥက္ကံသစ်တောကြိုးဝိုင်း

May 31, 2018

ဥက္ကံသစ်တောကြိုးဝိုင်းအတွင်း တောဆင်ရိုင်းသတ် တရားခံပြေး ၃ ဦး ဖမ်းမိ

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ ဥက္ကံသစ်တောကြိုးဝိုင်းအတွင်း တောဆင်ရိုင်း သတ်ဖြတ်တဲ့ ဆင်သတ်မုဆိုးတရားခံပြေး ၃ ဦးကို မေလ ၂၉ ရက်က ဖမ်းဆီးရမိတယ်လို့ ဥက္ကံနယ်မြေခံရဲစခန်းက သိရပါတယ်။ မှော်ဘီမြို့နယ် တပ်ကြီးကုန်းကျေးရွာနေ မောင်ကြာ (ခ) ကြာလုံ (၄၅-နှစ်)၊ မကွေးတိုင်း မင်းတုန်းမြို့ အမှတ်(၄)ရပ်ကွက်နေထွန်းနိုင်(၄၅-နှစ်)နဲ့ မောင်မြင့် (၄၂-နှစ်)တို့ကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ဖမ်းမိတဲ့တရားခံသုံးဦးက ၂၀၁၇ ခုနှစ်က ဥကံ္ကသစ်တောကြိုးဝိုင်း (ဒေသခေါ်) ဗွက်မြောင်ဒေသမှာ တောဆင်ရိုင်း သတ်မှု ၂ မှု ၊ ၂၀၁၈ ခုနှစ် ဥက္ကံသစ်တောကြိုးက တောဆင်ရိုင်းသတ်မှု ၁မှု စုစုပေါင်း ၃ မှုနဲ့ အလိုရှိနေတဲ့ တရားခံတွေပါလို့  ဥက္ကံနယ်မြေရဲစခန်းမှ စခန်းမှူးက ရဲအုပ်မျိုးထွန်းကပြောပါတယ်။ “ကျနော်တို့ ဆင်သတ်မုဆိုး ဖမ်းဆီးရေး အထူးအဖွဲ့မြောက်ပိုင်း ခရိုင်မှုခင်း နှိမ်နင်းရေး အဖွဲ့ဒုရဲမှူးဝင်းနိုင်နဲ့ အဖွဲ့ရယ် ကျနော်တို့အဖွဲ့တွေ မှော်ဘီမြို့နယ် တပ်ကြီးကုန်းကျေးရွာက သူနေအိမ်ကို စောင့်ကြည့်နေချိန် မေလ ၂၈ နေ့ ည ၁နာရီအချိန်မှာ ဖမ်းဆီးခဲ့တာပါ။ ညဘက် စစ်ဆေးတာတွေလုပ်ပြီး ၂၉ ရက်နေ့ မနက် မင်းတုန်းမြို့နယ်က တရားခံ ၂ ယောက်ကို ဆက်လက်ဖမ်းဆီးခဲ့တာပါ။ နောက်ထပ်ဆက်စပ်တရားခံတွေနဲ့ လက်နက်တွေကို ဖမ်းဆီးဖို့ လုပ်နေပါတယ်။ အခုတရားခံတွေကို တောရိုင်းတိရိစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာနယ်မြေထိန်းသိမ်းရေးဥပဒေ ၃၇(က)နဲ့ အမှုဖွင့်အရေးယူထားတယ်"လို့ပြောပါတယ်။ တိုက်ကြီးမြို့နယ်မှာ ၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ တောဆင်ရိုင်းအသတ်ခံရမှု ၁၀ ကောင်နဲ့အထက်ရှိပြီး ၂၀၁၈ ခုနှစ်မှာတော့ ၄ ကောင်ရှိပါတယ်။ ၂၀၁၇၊ ၂၀၁၈ ခုနှစ်အတွင်း တောဆင်ရိုင်းတွေအသတ်ခံရမှု တိုးလာပြီး လျော့နည်း ကျဆင်းရေးအတွက် တောဆင်ရိုင်းတွေသတ်ဖြတ်ခံရတဲ့ ဒေသတွေနဲ့ တောဆင်ရိုင်းတွေကနေ ထွက်ရှိတဲ့ ဆက်စပ်ပစ္စည်းတွေ သယ်ဆောင်ရာလမ်းကြောင်းတွေကို ပိတ်ဆို့ရှာဖွေ ဖမ်းဆီး စုံစမ်းဖော်ထုတ်နေတယ်လို့  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ သတင်း - မေသွယ်
4 years Ago
Up