အရှုံးအနိုင် အဖြေမပေါ်ခဲ့သည့် မန်စီးတီး-မန်ယူ ပွဲစဉ်

April 28, 2017

အရှုံးအနိုင် အဖြေမပေါ်ခဲ့သည့် မန်စီးတီး-မန်ယူ ပွဲစဉ် (ရုပ်သံဟိုက်လိုက်)

ပရီမီးယားလိဂ် မန်ချက်စတာဒါဘီပွဲစဉ်အဖြစ် မန်စီးတီးနဲ့ မန်ယူတို့ ဧပြီ ၂၇ ရက်က ယှဉ်ပြိုင်ရာ တဘက်နဲ့တဘက် ဂိုးမသွင်းနိုင်ဘဲ သရေကျသွားပါတယ်။ မန်ယူရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ အီဘရာဟီမိုဗစ်၊ ပေါ့ဂ်ဘာ၊ မာတာတို့ ဒဏ်ရာကြောင့် ဝင်မကစားနိုင်တဲ့အချိန် ဒီပွဲရလဒ်ဟာ ကျေနပ်စရာ ဖြစ်ခဲ့ပါတယ်။ မန်စီးတီးအိမ်ကွင်းမှာ ယှဉ်ပြိုင်ရတဲ့ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှုရော ဂိုးကန်သွင်းခွင့်တွေမှာပါ အိမ်ရှင်အသင်းက အပြတ် အသာစီးရခဲ့ပေမယ့် မန်ယူ ခံစစ်ကစားပုံ ကောင်းမွန်ခဲ့တဲ့အတွက် မန်စီးတီး လိုအပ်တဲ့ အနိုင်ဂိုးတော့ ရယူနိုင်ခဲ့ခြင်း မရှိပါဘူး။ ပွဲချိန် ၈၄ မိနစ်မှာ မန်ယူကစားသမား ဖယ်လိုင်နီ နှစ်ဝါတနီနဲ့ အထုတ်ခံခဲ့ရလို့ အားနည်းခဲ့ပေမယ့် မန်စီးတီး အခွင့်အရေးတွေ အသုံးမချနိုင်ခဲ့ဘဲ သရေရလဒ်သာ ထွက်ခဲ့တာပါ။ ဒီပွဲသရေရလဒ်ကြောင့် အမှတ်ပေးဇယားမှာ ရပ်တည်ချက် မပြောင်းလဲခဲ့ဘဲ နှစ်သင်းစလုံး ၃၃ ပွဲစီ ကစားပြီးချိန်မှာ မန်စီးတီးရ ရမှတ် ၆၅ မှတ်နဲ့ အဆင့် ၄၊ မန်ယူက ရမှတ် ၆၄ မှတ်နဲ့ အဆင့် ၅ မှာ အသီးသီး ရပ်တည်နေပါတယ်။ သူတို့နှစ်သင်းအရဲ့အထက် အဆင့် ၃ မှာ ရပ်တည်နေတဲ့ လီဗာပူးအသင်းက တပွဲပိုကစားထားပြီး ရမှတ် ၆၆ မှတ် ရှိတဲ့အတွက် မန်စီးတီး၊ မန်ယူ နှစ်သင်းစလုံး ရာသီအကုန်မှာ အဆင့် ၄ အတွင်း ဝင်ရောက်ရေး မျှော်လင့်ချက်တွေ ရှင်သန်နေဆဲဖြစ်ပါတယ်။
4 years Ago
Up