အရိုးပြာ

August 24, 2018

ချစ်သူ့အရိုးပြာကို အမြင့်ဆုံးတောင်ထိပ်ပေါ်မှ ကြဲဖြန့်ရန် တနှစ်ခွဲကျော်ကြာ လမ်းလျှောက်ခဲ့သူ (ဓာတ်ပုံ)

ထိုင်းအမျိုးသားတဦးဟာ ကွယ်လွန်သွားတဲ့ ချစ်သူမိန်းကလေးရဲ့ အရိုးပြာကို ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံးတောင်ထိပ်ပေါ်မှ ကြဲဖြန့်နိုင်ဖို့ ကီလိုမီတာ ၁၅၀၀ ကျော်ခရီးကို လမ်းလျှောက်ခဲ့ပါတယ်။ ဒါဟာ ကြေကွဲရင်နင့်စရာ အချစ်ဇာတ်လမ်းတပုဒ်ပါပဲ။ အသက် ၃၉ နှစ်အရွယ် ဆူခ်ဆစ်ဆူပန်တမက် အမည်ရတဲ့ အဲဒီအမျိုးသားဟာ ဥဒုံဌာနီခရိုင်ထဲမှာ နေထိုင်သူဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံးတောင်ဖြစ်တဲ့ ဒွိုင်အင်ထနွန် တောင်ထိပ်ကို ကြားရုံသာကြားခဲ့ဖူးပြီး တကြိမ်မှ မရောက်ဖူးခဲ့ပါဘူး။ သူဟာ ချစ်သူမိန်းကလေး မဆုံးခင်က ငွေကြေးပြည့်စုံရင်တော့ ဒီတောင်ထိပ် အပါအဝင် ထိုင်းနိုင်ငံအနှံ့ လျှောက်လည်ကြဖို့ ကတိပြုထားခဲ့ကြတာလို့ ဆိုပါတယ်။ ဒါပေမယ့် ကံမကောင်းစွာဘဲ ချစ်သူမိန်းကလေးဟာ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလမှာ ကွယ်လွန်သွားခဲ့ပြီး အဲဒီနောက်ပိုင်းမှာလည်း လမ်းစရိတ်အခက်အခဲကြောင့် တောင်ထိပ်ပေါ်ကို မရောက်နိုင်ခဲ့ပါဘူး။ လက်ရှိမှာတော့ သူဟာ ဒီစိတ်ကူးကို အကောင်အထည်ဖော်နိုင်ခဲ့ပြီး ခရီးရှည်ကို ထွက်လာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ လမ်းလျှောက်လာခဲ့တဲ့ သူ့ရဲ့ ဒီခရီးမှာတော့ ချစ်သူမိန်းကလေးရဲ့ အရိုးပြာနဲ့အတူ သူပိုင်ဆိုင်တဲ့ လှည်းတစီးကိုပါ တွန်းယူလာခဲ့ပြီး သြဂုတ် ၂၂ ရက်နေ့မှာတော့ ချင်းမိုင်ခရိုင်ထဲကို ရောက်ရှိလာခဲ့ပါတယ်။ ဒီခရီးစဉ်ကို ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလကတည်းက စတင်ခဲ့တာမို့ ဒါဟာ အချိန် ၁ နှစ် ခွဲကျော် ကြာမြင့်ခဲ့တာလို့ သတင်းထောက်တွေကို ပြောလိုက်ပါတယ်။ လမ်းတလျှောက်မှာတော့ လမ်းဘေးမှာ၊ ဘုန်းကြီးကျောင်းတွေမှာ၊ သင်္ချိုင်းတွေမှာ စသဖြင့် အိပ်စက်အနားယူပြီး ခရီးဆက်လာခဲ့တာလို့ ဆိုပါတယ်။ ဒါပေမယ့် လမ်းတလျှောက်တွေ့ရတဲ့ ကျေးရွာ ဒေသခံတွေက အစားအစာတွေ၊ ရေတွေကို ကျွေးမွေးခဲ့ကြတယ်လို့ ပြောပါတယ်။ ဆူခ်ဆစ်ဟာ လမ်းမှာတွေ့ရတဲ့ စွန့်ပစ်ခံ ခွေး ၂ ကောင်နဲ့ ကြောင် ၁ ကောင်ကိုပါ ခရီးမှာ တပါတည်း ကောက်ယူမွေးစားပြီး ခေါ်ဆောင်လာခဲ့ပါသေးတယ်။ ချစ်သူမိန်းကလေးအကြောင်းနဲ့ ပတ်သက်ပြီး ပြောပြချိန်မှာတော့ သူဟာ မျက်ရည်တွေ စီးကျလာခဲ့ပါတယ်။ “ကျနော့်ချစ်သူနဲ့ ကျနော် ဘယ်တုန်းကမှ မခွဲခဲ့ကြဘူး။ ကျနော်တို့ အတူတူ အလုပ်လုပ်ခဲ့ကြတယ်။ ယုတ်စွအဆုံး နားချိန်တောင်မှ အတူတူပါပဲ။ တနေ့နေ့တော့ ကျနော် ငိုကြွေးရတာတွေ ရပ်ကောင်းရပ်သွားပါလိမ့်မယ်။ သူ့ကို ဘယ်လောက်ချစ်တယ်ဆိုတဲ့ အတိုင်းအဆကို ကျနော်မသိပါဘူး။ ကျနော် လမ်းလျှောက်လာတဲ့ တလျှောက်လုံး မရပ်မနား တွေးလာခဲ့တာပါပဲ။ ကျနော်ချစ်တဲ့သူအတွက် ဒါကို (အရိုးပြာကို တောင်ထိပ်ပေါ်က ကြဲချဆုတောင်းဖို့) ကျနော်လုပ်ပေးချင်တာပဲ သိပါတော့တယ်။” ဓာတ်ပုံ - Chomthong Chiangmai  
3 years Ago
Up