အန္တာတိကစက်ဝိုင်းအပြင်နားရှိ သြစတြေးလျပိုင် ဆီးနှင်းမီးတောင်တလုံး ပေါက်ကွဲ

February 3, 2016

အန္တာတိကစက်ဝိုင်းအပြင်နားရှိ သြစတြေးလျပိုင် ဆီးနှင်းမီးတောင်တလုံး ပေါက်ကွဲ

ကမ္ဘာ့တောင်ဘက်ခြမ်း အန္တာတိကစက်ဝိုင်း အပြင်နားက ဝေးလံတဲ့ ကျွန်းတကျွန်းမှာ ဆီးနှင်းမီးတောင်တလုံး ပေါက်ကွဲနေတဲ့ပုံတွေကို အဲ့ဒီဒေသဆီ လေ့လာရေးခရီး ထွက်ခဲ့ကြတဲ့ သိပ္ပံပညာရှင်တွေက မှတ်တမ်းတင်ရုပ်သံတွေ ရိုက်ကူးခဲ့ပါတယ်။ သြစတြေးလျနိုင်ငံ ပါ့သ်မြို့အနောက်တောင်ဘက် ကီလိုမီတာ ၄၀၀၀ ကျော်က ဟတ်ဒ် (Heard) ကျွန်းပေါ်မှာ တည်ရှိတဲ့ Big Ben ဆီးနှင်းဖုံးမီးတောင် ဖြစ်ပါတယ်။ သြစတြေးလျပိုင် ကျွန်းတကျွန်းဖြစ်ပြီး သြစတြေးလျနိုင်ငံရဲ့ ဒုတိယအမြင့်ဆုံးတောင်လည်း ဖြစ်ပါတယ်။ ဒီ Big Ben ဆီးနှင်းမီးတောင်ဟာ ၂၀၀၀ ခုနှစ်က အနည်းဆုံး ၃ ကြိမ် ပေါက်ကွဲခဲ့ပေမယ့် အလွန်ဝေးလံတဲ့ ဒေသမှာဖြစ်လို့ အခုလို မီးတောင်ပေါက်ကွဲမှု မြင်ကွင်းတွေကို ရှားရှားပါးပါး မှတ်တမ်းတင်နိုင်တာလို့ ဆိုပါတယ်။ ကမ္ဘာ့တောင်ဘက်စွန်း သမုဒ္ဒရာ ရေအောက်မီးတောင်တွေမှာ သက်ရှိသဘာဝတွေ ဘယ်လို နေထိုင်ကျက်စားတယ်ဆိုတာ သြစတြေးလျနဲ့ နိုင်ငံတကာက သုတေသန ပညာရှင်တွေနဲ့ သိပ္ပံပညာရှင်တွေ ၅၈ ရက်ကြာ သွားရောက်လေ့လာခဲ့တာပါ။ ဆီးနှင်းမီးတောင် အခုလို ပေါက်ကွဲမှုကို ရှားရှားပါးပါး တွေ့မြင်ရတာ အတော့်ကို အံ့သြစိတ်လှုပ်ရှားခဲ့ကြတယ်လို့ ဆိုပါတယ်။
6 years Ago
Up