အနုပညာပြပွဲတခုအတွင်း ဆယ်လ်ဖီရိုက်သည့် အမျိုးသမီးကြောင့် ဒေါ်လာ ၂ သိန်းဖိုးခန့် ပျက်စီး

July 17, 2017

အနုပညာပြပွဲတခုအတွင်း ဆယ်လ်ဖီရိုက်သည့် အမျိုးသမီးကြောင့် ဒေါ်လာ ၂ သိန်းဖိုးခန့် ပျက်စီး (ရုပ်သံ)

အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့မှာ ကျင်းပတဲ့ အနုပညာ ခင်းကျင်းပြသပွဲတခုမှာ အမျိုးသမီးတဦး ဆယ်လ်ဖီဓာတ်ပုံတွေရိုက်ရင်း ပြခန်းထဲက အနုပညာလက်ရာပစ္စည်းတချို့ကို တိုက်ချမိလို့ ဒေါ်လာ ၂ သိန်းဖိုးလောက် ပျက်စီးသွားပါတယ်။ စောင့်ကြည့်ကင်မရာက ဖမ်းယူရိုက်ကူးမိတဲ့ ရုပ်သံထဲမှာ အဲဒီအမျိုးသမီးက ခင်းကျင်းပြသထားတဲ့ သရဖူတွေထဲက တခုကို ဆောင်းပြီး ဆယ်လ်ဖီရိုက်ဖို့ ကြိုးစားခဲ့တာပါ။ သူမရဲ့ဆယ်လ်ဖီပုံကို အလှဆုံးနတ်သမီးလေးပုံ ဖြစ်ဖို့အတွက် အရှေ့ဘက်ကို ငုံ့လိုက်စဉ်မှာ ရုတ်တရက် နောက်ဘက်ကို လန်ကျသွားကာ ပစ္စည်းတခုကို အရင်တိုက်ချမိလိုက်ပါတယ်။ ခင်းကျင်းပြသထားတဲ့ ပစ္စည်းတွေက တခုနဲ့တခု အနီးကပ် ခင်းကျင်းပြသထားလို့ ခင်းကျင်းထားတဲ့ ပစ္စည်းတွေ ဆက်တိုက် တိုက်မိပြီး ပြုတ်ကျကုန်တာလို့ ဆိုပါတယ်။ တတန်းထဲမှာ နီးနီးကပ်ကပ်စီပြီး ခင်းကျင်းပြသထားတဲ့ ပစ္စည်းတွေအားလုံးကို တိုက်ချမိကာ အပျက်အစီးတန်ဖိုးက ဒေါ်လာ ၂ သိန်းဖိုးလောက်ရှိတယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ ၂ ပတ်က ဖြစ်ခဲ့တဲ့ ဒီအဖြစ်အပျက်ရုပ်သံကို ဇူလိုင် ၁၃ ရက်နေ့က ယူကျုပေါ်တင်ခဲ့ရာမှာ ကြည့်ရှုသူတချို့က ဒီဖြစ်ရပ်ဟာ မတော်တဆမှုလား၊ စွန့်စားပြီး စတန့်ထွင်တာလားလို့ မေးခွန်းထုတ် ဝေဖန်ခဲ့ကြပါတယ်။ “ဒီရုပ်သံကို ပြန်ကြည့်တော့ ဒီမြင်ကွင်းကို အကြာကြီးဖြစ်အောင် ဓာတ်ပုံရိုက်တဲ့သူက ထူးခြားနေတယ်။ ဒါက စင်တင်သရုပ်ဖော်မှုလို့ ထင်မိတယ်” လို့ မှတ်ချက်ပေးသူတဦးက ရေးထားပါတယ်။ တချို့ကလည်း ခင်းကျင်းပြသထားတဲ့ ပစ္စည်းတွေက ဒါလောက်တန်ဖိုးကြီးရင် ဘာလို့ ဒီလို နီးနီးကပ်ကပ် ခင်းကျင်းပြသထားလဲလို့ မေးခွန်းထုတ်ကြပါတယ်။ ဒီပြပွဲရဲ့ ပြောရေးဆိုခွင့်ရှိသူအမျိုးသမီးက ဒီဖြစ်ရပ်ဟာ တကယ့်မတော်တဆဖြစ်ရပ်လို့ ဖော့က်စ်နယူးသတင်းဌာနကို အီးမေးလ်နဲ့ ရေးသားထားပါတယ်။ ပစ္စည်းတချို့ အနည်းငယ် ပျက်စီးပေမယ့် တချို့ကတော့ လုံးဝပျက်စီးသွားတယ်လို့လည်း သိရပါတယ်။ ဒီပျက်စီးသွားတဲ့ အနုပညာလက်ရာတွေကို လုပ်ရာမှာ အနုပညာရှင်တွေက နာရီ ၂၀ ကနေ ၃၀ ကြာအောင် လုပ်ခဲ့ရကြောင်း ဖော့က်စ်နယူးကို ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက ပြောခဲ့ပါတယ်။ ဆယ်လ်ဖီရိုက်ရင်း ပစ္စည်းတွေကို တိုက်ချမိခဲ့တဲ့ အမျိုးသမီးဟာ ကျောင်းသူတဦးဖြစ်ပြီး ထိတ်လန့်တုန်လှုပ်နေကာ ဒါကလည်း မတော်တဆမှုဖြစ်လို့ အရေးယူမှု၊ အလျော်တောင်းမှု မရှိခဲ့ဘူးလို့ ဟောင်ကောင်အခြေစိုက် အနုပညာရှင်တဦးက အိုင်းဝစ်တနက်စ်သတင်းဌာနကို ပြောပါတယ်။ တချို့သရဖူတွေက ရွှေရောင်ချယ်ထားတယ်၊ တချို့က နိုင်လွန်နဲ့ တချို့ကတော့ ရောနှောထားတဲ့ သတ္တုပစ္စည်းတွေနဲ့ လုပ်ထားတာ။ ပျက်စီးသွားတဲ့ အနုပညာလက်ရာအများစုကို ကော်တွေနဲ့ ကပ်လို့ရပေမယ့် တချို့ကတော့ ကပ်လို့ မရတော့ဘူးလို့ သိရပါတယ်။ ဒီအနုပညာခင်းကျင်းပြသမှုဟာ အကျိုးအမြတ်မကြည့်တဲ့ ယာယီအနုပညာစီမံကိန်း တခုဖြစ်ပြီး ဒီခင်းကျင်းပြသမှုကို လော့စ်အိန်ဂျလိစ်မြို့မှာ ဇူလိုင် ၃၀ ရက်နေ့အထိ ခင်းကျင်းပြသသွားမယ်လို့ စီဂျီတီအန်သတင်းတပုဒ်မှာ ရေးသားထားပါတယ်။
5 years Ago
Up