အနုပညာရှင်များ

June 15, 2019

ကေပေါ့ပ်အနုပညာရှင်များ၏ အရှုပ်တော်ပုံကြောင့် YG ကုမ္ပဏီ တည်ထောင်သူ ရာထူးမှ နုတ်ထွက်

တောင်ကိုရီးယားရဲ့ အကြီးဆုံး အနုပညာအေဂျင်စီတစ်ခုဖြစ်တဲ့ YG Entertainment ကုမ္ပဏီ တည်ထောင်သူ ယန်ယွန်ဆော့ဟာ  သူတာဝန်ယူထားရတဲ့ ရာထူးအားလုံးကနေ နုတ်ထွက်လိုက်ပြီလို့ ဇွန် ၁၄ ရက်နေ့က ကြေညာခဲ့ပါတယ်။ iKON ရဲ့ခေါင်းဆောင် B.I နဲ့ Big Bang အဖွဲ့ဝင် ဆွန်းရီအပါအ၀င် YG ကုမ္ပဏီလက်အောက်က ကေပေါပ့် အနုပညာရှင်တွေရဲ့ အရှုပ်တော်ပုံ သတင်းတွေ ဆက်တိုက် ထွက်ပေါ်လာပြီးနောက် ကေပေါ့ပ်ပရိသတ်တွေအကြား အံ့အားသင့်ခဲ့ရပြီး ကုမ္ပဏီရဲ့ ပုံရိပ်လည်း ထိခိုက်ခဲ့ပါတယ်။ iKON ရဲ့ခေါင်းဆောင် B.I ဟာ မူးယစ်ဆေးသုံးတဲ့ စွဲချက်တွေ ရင်ဆိုင်နေရပြီး Big Bang  အဖွဲ့ဝင် ဆွန်းရီဟာလည်း စီးပွားရေး လုပ်ငန်းရှင်တွေအတွက် ပြည့်တန်ဆာရှာပေးတဲ့ ပြစ်မှုနဲ့ တရားစွဲခံထားရပါတယ်။ လက်ရှိမှာတော့ B.I နဲ့ ဆွန်းရီ နှစ်ယောက်စလုံး YG ကုမ္ပဏီကနေ နုတ်ထွက်သွားခဲ့ပါတယ်။ ယန်ယွန်ဆော့ကတော့ စုံစမ်းစစ်ဆေးမှုတွေက အမှန်တရားကို ထုတ်ဖော်နိုင်လိမ့်မယ် မျှော်လင့်တယ်လို့ ပြောခဲ့ပါတယ်။ YG Entertainment ရဲ့ ပဲ့ကိုင်ရှင် အသက် ၄၉ နှစ်အရွယ် ယန်ယွန်ဆော့ဟာ 2NE1၊ BLACKPIN နဲ့ Psy အပါဝင် နာမည်ကျော် အနုပညာရှင်တော်တော်များများကို  မွေးထုတ်ပေးခဲ့ပြီး ကေပေါ့ပ်ယဉ်ကျေးမှုကို နိုင်ငံတကာအထိ လွှမ်းမိုးနိုင်ခဲ့ပါတယ်။
3 years Ago

March 14, 2018

လိင်အကြမ်းဖက်မှု ပပျောက်ရေး၊ ကြီးလေးပြစ်ဒဏ်ချမှတ်ရေး လှုပ်ရှားမှု အနုပညာရှင်များ ပါဝင်မည်

လိင်အကြမ်းဖက်မှု ပပျောက်ရေး၊ ကြီးလေးပြစ်ဒဏ်ချမှတ်ရေး တောင်းဆိုတဲ့ ဆန္ဒပြုခြင်းနဲ့ မျှဝေဆွေးနွေးခြင်း လှုပ်ရှားမှုတရပ်ကို ကန်တော်ကြီး မျှော်စင်ကျွန်းမှာ လာမယ့်မတ်လ ၁၈ ရက်နေ့  ပြုလုပ်မှာ ဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုပွဲကို အနုပညာရှင်တွေလည်း ပူးပေါင်းပါဝင်မှာဖြစ်ပြီး  မတ်လ ၁၃ ရက်နေ့က ဆရာစံပလာဇာရှိ CBC Ball Room ခန်းမမှာ “လိင်အကြမ်းဖက်မှု ပပျောက်ရေး ကြီးလေးပြစ်ဒဏ်ချမှတ်ပေး” ဆန္ဒပြုခြင်းနဲ့ မျှဝေဆွေးနွေးခြင်း စာနယ်ဇင်းရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။ ဒီလှုပ်ရှားမှုမှာ ပါဝင်သွားမယ့် အလှမယ်၊ မော်ဒယ် ထားထက်ထက်က “ထားထက်တို့ မြင်နေရတယ်၊ ကြားနေရတယ်။ မုဒိမ်းမှုတွေက မနှစ်ကထက်ကို ပိုများလာတာကို တွေ့ရပါတယ်။ အဲဒီအတွက် ထားထက်တို့ ၂၀၁၆ ခုနှစ်က လုပ်ခဲ့တဲ့ ပညာပေးပုံစံအတိုင်းပဲ လာမယ့် ၁၈ ရက်နေ့မှာပြုလုပ်မယ့် ပညာပေးအစီအစဉ်မှာ ပါဝင်သွားမယ်။ ကျူးလွန်တဲ့သူတွေကို ထောင်ဒဏ်တွေ တိုးမြှင့်အပြစ်ပေးစေချင်တယ်။ ထောင်ဒဏ်ထက်ကို ပိုကြီးတဲ့အပြစ်ရှိရင် ပေးဖို့ ထားထက်တို့ အားလုံးစုပေါင်းပြီး တောင်းဆိုသွားမယ်” လို့ ပြောပါတယ်။ လိင်အကြမ်းဖက်မှုနဲ့ သက်ငယ်မုဒိမ်းမှု ကျူးလွန်သူတွေကို ကြီးလေးသောပြစ်ဒဏ်တွေနဲ့ လွတ်ငြိမ်းချမ်းသာခွင့် မပေးသင့်တဲ့ အချက်အလက်တွေကို လွှတ်တော်အထိ တင်သွင်း တောင်းဆိုသွားမယ်လို့  ဒီလှုပ်ရှားမှုမှာ ပါဝင်မယ့် ကိုဇေယျာထွန်းက ပြောပါတယ်။ “ကျနော်တို့တွေအပြင် ဒီတောင်းဆိုမှုက ပြည်သူတရပ်လုံးကလည်း တက်ညီလက်ညီ ပါဝင်ကြမယ်၊ အနုပညာရှင်တွေကလည်း ပါဝင်ကြမယ်။ အားလုံး ပြိုင်တူတွန်းရင် ရွေ့နိုင်ပါတယ်။ အဲဒီနေ့ကျရင် အားလုံး လာရောက်ကြဖို့ကိုလည်း တိုက်တွန်းချင်ပါတယ်။” ဒီပွဲမှာ လိင်အကြမ်းဖက်မှုအတွက် ပြစ်ဒဏ်တိုးမြှင့်ဖို့ ကြိုးပမ်းနေတဲ့ လွှတ်တော်အမတ်တွေ၊ အစော်ကားခံရပြီး အသတ်ခံခဲ့ရတဲ့ ကလေးငယ်တွေရဲ့ မိသားစုဝင်တွေ၊ လိင်အကြမ်းဖက်ခံခဲ့ရသူတွေ၊ လိင်အကြမ်းဖက်ခံရသူတွေကို ကူညီပေးနေသူတွေ  အစရှိသူတွေရဲ့ စကားသံတွေနဲ့ ကလေးငယ်တွေ သိထားသင့်တဲ့ ကဗျာတွေ ရွတ်ဆိုကာ လိင်အကြမ်းဖက်မှုများ ရပ်တန့်လျော့ကျရေးအတွက် ဖယောင်းတိုင်ထွန်း ဆုတောင်းကြမှာ ဖြစ်ပါတယ်။ ဒီပညာပေးအစီအစဉ် ဆုတောင်းပွဲကို ဝန်ကြီးတွေ၊ လွှတ်တော်အမတ်တွေ၊ အနုပညာရှင်တွေ၊ ပရဟိတအဖွဲ့တွေနဲ့ ပြည်သူတွေ တက်ရောက်ကြမယ်လို့ သိရပါတယ်။ သတင်းနှင့်ဓာတ်ပုံ - ကြယ်စု
4 years Ago
Up