အနိုင်ရ

March 3, 2019

မန်စီးတီး အနိုင်ရပြီး စပါးနှင့်အာဆင်နယ် သရေကျ (ရုပ်သံဟိုက်လိုက်)

မနေ့က ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ မန်စီးတီး အနိုင်ရပြီး စပါးနဲ့ အာဆင်နယ် သရေကျသွားပါတယ်။ မန်စီးတီးအသင်းကတော့ ဘုန်းမောက်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဘုန်းမောက်ရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပေမယ့် မန်စီးတီးက အသင်းက ဘောလုံးပိုင်ဆိုင်မှု ၈၀ ရာခိုင်နှုန်းအထိ အသာစီးယူကစားနိုင်ခဲ့ပါတယ်။ မန်စီးတီးအတွက် တလုံးတည်းသော အနိုင်ဂိုးကိုတော့ ပွဲချိန် ၅၅ မိနစ်မှာ မာရက်ဇ်က သွင်းယူခဲ့တာပါ။ စပါးနဲ့ အာဆင်နယ်တို့ ပွဲစဉ်မှာတော့ တဖက် ၁ ဂိုးစီ သရေကျသွားပါတယ်။ စပါးရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး ဘောလုံးပိုင်ဆိုင်မှုမှာ အိမ်ရှင် စပါးအသင်းက ၆၂ ရာခိုင်နှုန်းအထိ အသာစီးယူကစားနိုင်ခဲ့တာပါ။ ဒါပေမယ့် ဦးဆောင်ဂိုးကိုတော့ ဧည့်သည် အာဆင်နယ်အသင်းက ပွဲကစားချိန် ၁၆ မိနစ်မှာ အာရွန်ရမ်ဆေး တကိုယ်တော်ဖောက်ထွက်ပြီး သွင်းယူခဲ့တာလည်း ဖြစ်ပါတယ်။ စပါးအသင်းအတွက် ချေပဂိုးကိုတော့ ပွဲချိန် ၇၄ မှာရရှိတဲ့ ပင်နယ်တီကို ဟယ်ရီကိန်းက သွင်းယူခဲ့တာပါ။ အာဆယ်နယ်အသင်းဟာ ဒီပွဲမှာ အနိုင် ၃ မှတ်ရရှိဖို့အတွက် ပင်နယ်တီအခွင့်အရေးရခဲ့ပေမယ့် အူဘာမီရန်း ကန်သွင်းတာကို စပါးဂိုးသမား ကာကွယ်နိုင်ခဲ့လို့ နစ်နာခဲ့ရပါတယ်။ အမှတ်ပေးဇယားမှာတော့ မန်စီးတီးအသင်းက ရမှတ် ၇၁ မှတ်နဲ့ အဆင့် ၁၊ စပါးအသင်းကတော့ ရမှတ် ၆၃ မှတ်နဲ့ အဆင့် ၃၊ အာဆင်နယ်ကတော့ ရမှတ် ၅၇ မှတ်နဲ့ အဆင့် ၅၊ ဘုန်းမောက်အသင်းကတော့ ရမှတ် ၃၄ မှတ်နဲ့ အဆင့် ၁၂ မှာ အသီးသီး ရပ်တည်နေပါတယ်။
3 years Ago

December 18, 2017

ချီလီသမ္မတ ရွေးကောက်ပွဲတွင် ကွန်ဆာဗေးတစ်ပါတီ အနိုင်ရ

ချီလီသမ္မတ ရွေးကောက်ပွဲမှာ ကွန်ဆာဗေးတစ်ပါတီက သမ္မတဟောင်း စီဘတ်စီယံပစ်နေးရားက မျှော်လင့်ထားတာထက်မဲအရေအတွက်ပိုရပြီး အပြတ်အသတ်  အနိုင်ရသွားပါတယ်။ ကမ္ဘာ့ထိပ်တန်း ကြေးနီတင်ပို့တဲ့ ချီလီနိုင်ငံမှာ စီးပွားရေး ခုန်ပျံကျော်လွှား တိုးတက်စေဖို့ နဲ့ ပိုပြီး စီးပွားရေး လုပ်ရကိုင်ရလွယ်တဲ့ မူဝါဒတွေ ချမှတ်မယ်လို့လဲ  သူက ကတိပြုပြောပါတယ်။ သမ္မတဟောင်း ပစ်နေးရားက ၅၄ ဒသမ ၅၈ ရာခိုင်နှုန်းနဲ့ ရွေးကောက်ပွဲနိုင်ကြောင်း ချီလီ ရွေးကောက်ပွဲ အာဏာပိုင်တွေက မနေ့က ကြေညာလိုက်တာပါ။ ၁၉၉၀မှာ ချီလီနိုင်ငံ ဒီမိုကရေစီ ရပြီးတည်းက မဲအများဆုံးရတဲ့ သမ္မတ ဖြစ်လာခဲ့ပါတယ်။ ပစ်နေးရားဟာ မတ်လ၁၁ရက်နေ့မှာ သမ္မတ အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုမှာပါ။ ပြိုင်ဘက် လက်ဝဲယိမ်း အလီဂျန်ဒရို ဂျိုလီယာကတော့ ၄၅ ဒသမ ၄၂ ရာခိုင်နှုန်း မဲရပြီး ရှုံးနိမ့်ခဲ့ ပါတယ်။ချီလီနိုင်ငံရေးကို အာဏာရှင်ပီနိုချေးခေတ် အဆုံးသတ်ပြီး ကတည်းက လွှမ်းမိုးခဲ့တဲ့ လက်ဝဲယိမ်း ညွန့်ပေါင်းတွေအတွက် အကြီးကျယ်ဆုံး ဆုံးရှုံးမှုလည်း ဖြစ်ခဲ့ပါတယ်။ ပစ်နေးရားကတော့ အစိုးရပိုင်သတ္ထုလုပ်ငန်းကို တည်ငြိမ်တဲ့ ရံပုံငွေ ထောက်ပံ့မယ်အပြင် အရင်အစိုးရ လက်ထက်က စီမံကိန်းတွေကို ပိတ်ဆို့ခဲ့တဲ့ ကြိုးနီစနစ် တွေကို ပယ်ဖျက်မယ်လို့လည်း ကတိပြုပါတယ်။ ချီလီကို ပါရီအခြေစိုက် ချမ်းသာတဲ့ နိုင်ငံများအဖွဲ့ OECD မှာ အဖွဲ့ဝင်နိုင်တဲ့ လက်တင် အမေရိက နိုင်ငံတွေထဲမှာ ပထမဆုံး ဖွံ့ဖြိုးပြီး နိုင်ငံဖြစ်လာအောင် လုပ်မယ်လို့လည်း ပစ်နေးရားက ကတိပြုခဲ့ပါတယ်။
4 years Ago
Up