အကြီးမားဆုံး

March 12, 2017

အကြီးမားဆုံး အငတ်ဘေးပြဿနာ ရင်ဆိုင်နေရဟု ကုလသမဂ္ဂပြော

ကုလသမဂ္ဂကို စဖွဲ့စည်းကတည်းက ခုထိအချိန်အတွင်း အကြီးမားဆုံး အငတ်ဘေးကို ရင်ဆိုင်နေရတယ်လို့ ကုလလူသားချင်း စာနာမှု အကြီးအကဲ စတီဖင် အိုဘရိုင်ယန်က ကုလလုံခြုံရေး ကောင်စီကို သတိပေးလိုက်ပါတယ်။ ယီမင်၊ ဆိုမာလီနဲ့ တောင်ဆူဒန်နိုင်ငံတွေက ကပ်ဘေးတွေကို ထောက်ပြရင်း မတ် ၁၀ ရက်နေ့က ပြောလိုက်တာပါ။ တကမ္ဘာလုံးက တစုတစည်းတည်း ညှိနှိုင်းအားထုတ်မှုမရှိရင် လူတွေ ငတ်သေကုန်တော့မယ်လို့ သူက ပြောပါတယ်။ လေးနိုင်ငံက လူသန်း ၂၀ ကျော်ဟာ အငတ်ဘေးကို ရင်ဆိုင်နေရတယ်လို့လည်း သူက ဆက်ပြောပါတယ်။ ယီမင်၊ တောင်ဆူဒန်နဲ့ ဆိုမာလီနိုင်ငံတွေဆီ လတ်တလော သွားရောက် လည်ပတ်အပြီး လုံခြုံရေးကောင်စီမှာ သူ့ခရီးစဉ်ကို ပြန်တင်ပြခဲ့တာပါ။ ဒီနိုင်ငံတွေရဲ့ ဘုံအချက်က ပဋိပက္ခတွေကြောင့်လို့ သူက ဆက်ပြောပါတယ်။ ယီမင် ပဋိပက္ခရဲ့ နှစ်ဖက်လုံးက ခေါင်းဆောင်တွေကိုလည်း လူသားချင်းစာနာမှု အကူအညီ တွေ ပံ့ပိုးမယ်လို့ ကတိပြုခဲ့တယ်၊ အကျိုးပြုပြီးသား လူသားချင်း စာနာမှု အကူအညီတွေကို နှစ်ဖက်လုံးက ထင်ရာမြင်ရာ ပြောဆို ငြင်းပယ်ပြီး အကူအညီတွေကို နိုင်ငံရေး အမြတ်ထုတ် ခဲ့တယ်လို့ အိုဘရိုင်ယန်က ပြန်ပြောပါတယ်။ ယီမင်နိုင်ငံထဲက လူသားစာနာမှုဆိုင်ရာ ဒုက္ခတွေဟာ ပါတီတွေ နဲ့ ကြားခံတွေကြောင့် ဖြစ်ပြီး သူတို့ အမူအကျင့်တွေကို မပြင်ရင် အငတ်ဘေး၊ မလိုလားအပ်တဲ့ လူသေမှုတွေအတွက် သူတို့မှာ တာဝန်ရှိတယ်၊ တောင်ဆူဒန်ကတော့ ပိုဆိုးတယ်” လို့ ဆိုပါတယ်။ ပဋိပက္ခ ဖြစ်နေတဲ့လူတွေက အငတ်ဘေးဆိုက်နေပြီး အကြမ်းဖက်မှုကို ရပ်ဖို့ ကြားဝင်သူလည်း မရှိဘူးလို့ သူက ဆက်ပြောပါတယ်။ ၂၀၁၁ အငတ်ဘေးကြောင့် လူ ၂ သိန်း ၆ သောင်း သေဆုံးခဲ့တဲ့ ဆိုမာလီနိုင်ငံမှာ အငတ်ဘေးကို ရှောင်လို့ရနိုင်ပေမယ့် အလှူရှင် အဖွဲ့အစည်းတွေနဲ့ နိုင်ငံတွေက ဆိုမာလီမှာ ရင်းနှီးမြှုပ်နှံဖို့ လိုတယ်လို့ အိုဘရိုင်ယန်က ပြောပါတယ်။ ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂုတားရဲ့စ်ရဲ့ သတိပေးချက်နဲ့ လှုပ်ရှားဖို့ တောင်းဆိုချက်တွေကို လျှော့မတွက်တာ မလုပ်နိုင်ဘူးလို့လည်း သူက ဆက်ပြောခဲ့ပါတယ်။
5 years Ago
Up