အကြိုဗိုလ်လုပွဲတက်

November 27, 2016

အိမ်ရှင်မြန်မာအသင်း မလေးရှားအသင်းကို အနိုင်ယူပြီး အကြိုဗိုလ်လုပွဲတက်

မြန်မာအသင်းနဲ့ မလေးရှားအသင်းတို့ရဲ့ အုပ်စုနောက်ဆုံးပွဲစဉ်ကို နိုဝင်ဘာ၂၆ ရက်က ယှဉ်ပြိုင် ကစားခဲ့ရာမှာ မြန်မာအသင်းက ဒေးဗစ်ထန်ရဲ့နောက် ကျဂိုးနဲ့ အနိုင်ယူပြီး အကြိုဗိုလ်လုပွဲ တက်ရောက်ခဲ့ပါတယ်။ မြန်မာအသင်းရဲ့ပွဲထွက်လူစာရင်းမှာ ကမ္ဘောဒီးယားနဲ့ပွဲက လူစာရင်းကိုအပြောင်းအလဲ မလုပ်ခဲ့ဘဲ အောင်သူ ကောင်းဆက်နိုင် ဒေးဗစ်ထန် မျိုးကိုထွန်း မောင်မောင် လွင်တို့နဲ့ပွဲထွက်ကစားခဲ့ပါတယ်။ မြန်မာအသင်းဟာ သရေရရင်အုပ်စုတက်မှာဖြစ်ပေမယ့် ပွဲစကတည်းက ဖိဖိစီစီကစားခဲ့ပြီး ဂိုးသွင်းခွင့်တွေလည်းရခဲ့ပါတယ်။ ပွဲချိန် ၁၂ မိနစ်မှာပဲ အောင်သူကို မလေးရှားနောက်တန်းက ဥပဒေပဖျက်ထုတ်ခဲ့လို့မြန်မာအသင်းပင်နယ်တီရခဲ့ပါတယ်။ ဒီပင်နယ်တီကို အောင်သူကန်သွင်းရာမှာ မလေးရှား ဂိုးသမားကာကွယ်နိုင်ခဲ့လို့ မြန်မာအသင်းဦးဆောင်ဂိုးမရခဲ့တာဖြစ်ပါတယ်။ မလေးရှားအသင်းကလည်း အမ်ရီ နော်ရှက်ရူးတို့နဲ့ တိုက်စစ်ဆင်ကစားခဲ့ပေမယ့် မြန်မာနောက်တန်းက အကောင်းဆုံးကာကွယ်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ မလေးရှားအသင်း ပိုမိုတိုက်စစ်ဆင်ကစားခဲ့ပေမယ့် မြန်မာ အသင်းကလည်း တန်ပြန်တိုက်စစ်ကစားပုံနဲ့ မလေးရှားအသင်းကို ပြန်လည်ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ မြန်မာအသင်းအတွက်အနိုင် ဂိုးကိုတော့ ပွဲချိန် ၈၈ မိနစ်မှာ ဒေးဗစ်ထန်က ဂိုးသမားရဲ့ဘယ်ဘက်ထောင့်ထဲကို အနိမ့်ဘော ကန်သွင်း ယူခဲ့တာဖြစ်ပါတယ်။ မြန်မာအသင်းဟာ ၂၀၀၄ ခုနှစ်အာဆီယံဖလားမှာ အကြိုဗိုလ်လုပွဲတက်ခဲ့ဖူးပြီး ဒီနှစ်ပြိုင်ပွဲမှာ ဒုတိယအကြိမ်မြောက် အုပ်စုအဆင့်ကို ကျော်လွန်နိုင်ခဲ့တာဖြစ်ပါတယ်။ အုပ်စုပွဲစဉ်တွေ ကစားအပြီးမှာ မြန်မာအသင်းက ၂ ပွဲနိုင် ၁ ပွဲရှုံး ရမှတ် ၆ မှတ်နဲ့ အုပ်စုဒုတိယ၊ ဗီယက်နမ်က ၃ ပွဲကစား ၃ ပွဲနိုင်ရလဒ်နဲ့ အုပ်စုပထမရရှိခဲ့ပါတယ်။ ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်တွေကို ဒီဇင်ဘာ ၃ ရက်နဲ့ ၄ ရက်မှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး ဒီဇင်ဘာ ၃ ရက်မှာ အင်ဒိုနီးရှားနဲ့ ဗီယက်နမ် ဒီဇင်ဘာ ၄ ရက်မှာ မြန်မာနဲ့ ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါ တယ်။
6 years Ago
Up