အကြိတ်အနယ်ကစားပြီး မန်စီးတီးနှင့် အာဆင်နယ် ၂ ဂိုးစီသရေကျ

May 9, 2016

အကြိတ်အနယ်ကစားပြီး မန်စီးတီးနှင့် အာဆင်နယ် ၂ ဂိုးစီသရေကျ (ရုပ်သံဟိုက်လိုက်)

မေလ ၈ ရက် ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်စီးတီးနဲ့ အာဆင်နယ်တို့ ၂ ဂိုးစီ သရေကျသွားခဲ့ပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့် သေချာဖို့အတွက် အပြိုင်အဆိုင်ဖြစ်နေတဲ့ ဒီနှစ်သင်းဟာ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့တာပါ။ ပွဲချိန် ၈ မိနစ်မှာ အဂူရိုက မန်စီးတီးအတွက် ဦးဆောင်ဂိုး သွင်းယူခဲ့ပါတယ်။ ပွဲချိန် ၁၀ မိနစ်မှာ ထောင့်ကန်ဘောကတဆင့် အာဆင်နယ်တိုက်စစ်မှူး ဂျရူးက ခေါင်းတိုက်ပြီး ချေပဂိုး သွင်းယူခဲ့လို့ ပထမပိုင်းမှာ ၁ ဂိုးစီ သရေကျခဲ့တာပါ။ ဒုတိယပိုင်း ၅၁ မိနစ်မှာ မန်စီးတီးမှာ ခြေစွမ်းပြနေတဲ့ ကွင်းလယ်ကစားသမား ဒီဘရိုင်းက ဦးဆောင်ဂိုး သွင်းယူပါတယ်။ ဒီနေ့ပွဲမှာ မန်စီးတီးအသင်းဟာ တိုက်စစ်ပိုင်း ထက်မြက်ခဲ့ပေမယ့် ပေါ့လျော့တဲ့ နောက်တန်းကြောင့် ချေပဂိုးတွေ ပြန်ပေးခဲ့ရပါတယ်။ ပွဲချိန် ၆၈ မိနစ်မှာတော့ မန်စီးတီးနောက်တန်းရဲ့ လူကပ်ကစားပုံ ပေါ့လျော့တဲ့အတွက် ဆန်းချက်က အာဆင်နယ်အတွက် ချေပဂိုး သွင်းယူပြီး ၂ ဂိုးစီ သရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။ ဒီပွဲသရေကြောင့် အာဆင်နယ်က ၃၇ ပွဲကစားပြီး ၆၈ မှတ်နဲ့ အဆင့် ၃၊ မန်စီးတီးလည်း ၃၇ ပွဲကစား ၆၅ မှတ်နဲ့ အဆင့်လေးနေရာမှာ ရပ်တည်နေပါတယ်။ သူတို့ရဲ့နောက်မှာတော့ မန်ယူအသင်းက ၃၆ ပွဲ ကစားပြီး ၆၃ မှတ်နဲ့ အဆင့် ၅ နေရာမှာ ရှိနေပါတယ်။ မန်ယူအသင်းဟာ လက်ကျန်နှစ်ပွဲစလုံးနိုင်ရင် ချန်ပီယံလိဂ်ဝင်ခွင့် သေချာမှာဖြစ်သလို အဆင့် ၃ က အာဆင်နယ်အသင်းကလည်း နောက်ဆုံးပွဲစဉ် ဗီလာနဲ့ ကစားရမယ့်ပွဲမှာ ရှုံးခဲ့ရင် အဆင့် ၅ နေရာအထိ ဆင်းသွားပြီး ချန်ပီယံလိဂ်ဝင်ခွင့် လက်လွှတ်ရနိုင်ပါတယ်။ ဒါကြောင့် ဒီသုံးသင်းအတွက် ချန်ပီယံလိဂ် ဝင်ခွင့်တိုက်ပွဲဟာ နောက်ဆုံး ပွဲစဉ် ၃၈ အထိ ပြင်းထန်နေဦးမှာ ဖြစ်ပါတယ်။
6 years Ago
Up