လွန်ခဲ့တဲ့ ၂ နှစ်က ရုတ်တရက် ပျောက်ဆုံးသွားခဲ့တဲ့ မလေးရှားလေကြောင်းလိုင်းပိုင် MH370 နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေကို ရှေ့တပတ်ထဲမှာ အပြီးသတ်နိုင်တော့မယ့်အကြောင်း မလေးရှား အာဏာပိုင်တွေက ဇန်န၀ါရီ ၁၃ ရက်နေ့က ပြောကြားလိုက်ပါတယ်။
အိန္ဒိယသမုဒ္ဒရာအတွင်း ရေမိုင် ၉၆၅၀ လောက်ကို ရှာဖွေပြီးတဲ့နောက် အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။
စုစုပေါင်း လူ ၂၃၉ ဦး လိုက်ပါလာတဲ့ မလေးရှားလေကြောင်းလိုင်းပိုင် MH370 လေယာဉ်ဟာ ၂၀၁၄ ခု မတ်လ ၈ ရက်နေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ကနေ တရုတ်နိုင်ငံ ဘေဂျင်းမြို့ဆီ ပျံသန်းစဉ် ရုတ်တရက်ပျောက်ဆုံးသွားခဲ့ပါတယ်။
အဲဒီလေယာဉ်ဟာ ကွာလာလမ်ပူလေဆိပ်ကနေ ပျံတက်ပြီး ၁ နာရီမပြည့်ခင် မလေးရှားစံတော်ချိန် မနက် ၁ နာရီ ၁၉ မိနစ်တိတိမှာ လေကြောင်းထိန်းသိမ်းရေးမျှော်စင်ထံ နောက်ဆုံး အဆက်အသွယ်လုပ်ခဲ့ပါတယ်။
အဲဒီအချိန်က လေယာဉ်ဟာ တောင်တရုတ်ပင်လယ် ထက်ကောင်းကင်မှာ ပျံသန်းနေခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် ၁ နာရီ ၂၂ မိနစ် တိတိမှာ ထိန်းသိမ်းရေးမျှော်စင် ရေဒါဖန်သားပြင်ပေါ်ကနေ ရုတ်တရက် ပျောက်ဆုံးသွားခဲ့ပါတယ်။
မလေးရှားစစ်တပ်ပိုင်ရေဒါရဲ့ ဖမ်းယူရရှိမှုအရ လေယာဉ်ဟာ မူလဦးတည်နေတဲ့ လမ်းကြောင်းကနေ အနောက်ဘက်ကို ရုတ်တရက် ပြောင်းလဲပျံသန်းခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။
အဲဒီလေယာဉ်ဟာ ပျောက်ဆုံးချိန်မှာ မလေးကျွန်းဆွယ်တွေကို ဖြတ်ပြီး အက်ဒမန်-ပယ်လယ် ထက်ကောင်းကင်မှာ ပျံသန်းနေချိန်လို့ မလေးရှားစစ်တပ်က သတင်းထုတ်ပြန်ပါတယ်။
လေယဉ်ဘာကြောင့် လမ်းကြောင်းပြောင်း ပျံသန်းခဲ့သလဲ ဆိုတာကို မလေးရှား-တရုတ် နှစ်ဖက်အာဏာပိုင်တွေဘက်က သတင်းထုတ်ပြန်နိုင်ခဲ့ခြင်း မရှိပါဘူး။
ဒီအတွက် ဝေဖန်သံတွေ ဆူဆူညံညံထွက်ပေါ်ခဲ့ပါတယ်။ အဲဒီအတွက် မလေးရှား-တရုတ်နဲ့ သြစတြေးလျအာဏာပိုင်တွေ ပူးပေါင်းပြီး ရှာဖွေမှုတွေကို ၂ နှစ်ကြာ ပြုလုပ်ခဲ့ကြပါတယ်။
အခုအခါ တောင်ပံနဲ့ အမြီးအပါအ၀င် ပျက်ကျတဲ့လေယဉ်ရဲ့ အစိတ်အပိုင်း ၃၃ ခုလို့ယူဆရတဲ့ အပျက်အစီးတွေကို ရှာဖွေတွေ့ရှိထားပြီ ဖြစ်ပါတယ်။
အဲဒီအတွက် MH370 နဲ့ပတ်သက်တဲ့ ရှာဖွေမှုတွေကို ရပ်တန့်တော့မယ့်အကြောင်း မလေးရှားအာဏာပိုင်တွေကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
6 years Ago