အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အမျိုးသားဂုဏ်သိက္ခာနဲ့ အချုပ်အခြာအာဏာအတွက် တိုက်ပွဲဝင်နေရသလို အကြမ်းဖက်ဝါဒနဲ့ အကြမ်းဖက်ရက်စက် ကြမ်းကြုတ်မှုတွေကို ခုခံ တွန်းလှန်နေရတယ်လို့ ကြေညာပါတယ်။
ဒီကနေ့ ကျရောက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တည်ထောင်ခြင်း ၂၉ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ်။
အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေနဲ့ မီဒီယာထောင်ချောက်တွေကိုလည်း စနစ်တကျချေပ နေရတယ်၊ ပေါ်ပေါက်ခဲ့ရတဲ့ တင်းမာမှုနယ်ပယ်တွေကို အမြော်အမြင် ရှိရှိ၊ ဂုဏ်သိက္ခာရှိရှိနဲ့ အမှန်တရားနဲ့အတူ ရပ်တည်ဖြေရှင်းနေရတယ်၊ စိန်ခေါ်မှုနဲ့ ဖိအားတွေကြောင့် ဒီမိုကရေစီ လမ်းကြောင်းမှ အာရုံပြောင်း သွေဖည်သွားမှာမဟုတ်ဘူးလို့လည်း ကြေညာချက်မှာ ဖော်ပြပါတယ်။
အလားတူ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် သဘာပတိမိန့်ခွန်းမှာလည်း အကြမ်းဖက်ဝါဒနဲ့ အကြမ်းဖက်သမားတွေကို မစေ့စပ်စတမ်း တိုက်ပွဲဝင်နေရဆဲဖြစ်တယ်လို့လည်း ပြောကြား သွားပါတယ်။
“အကြမ်းဖက်ဝါဒဟာ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းအတွင်းက အခြေခံအကျဆုံး စည်းမျဉ်းတွေကို ချိုးဖောက်ခြင်းဖြစ်တယ်၊ ဒါကြောင့် စေတနာနဲ့ ရည်ရွယ်ချက်မကောင်းတဲ့ မီဒီယာ လုပ်ကြံမှုတွေ၊ ကမ္ဘာ့ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအ၀န်းမှာ ပုံမှားရိုက် စွပ်စွဲချက်တွေနဲ့ မိမိနိုင်ငံရဲ့ ပုံရိပ်ကို ပုံပျက်ပန်းပျက်ဖြစ်အောင် လိမ်ညာအကွက်ဆင်မှုတွေကို အမှန်တရားနဲ့ယှဉ်ပြီး ခုခံချေဖျက် နေရဆဲဖြစ်တယ်”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအပြီး ၁၉၈၈ခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနဲ့ ဦးအောင်ကြီးတို့ ခေါင်းဆောင်ပြီးဖွဲ့စည်းတည်ထောင်ခဲ့တာဖြစ်ပါတယ်။
ဒီကနေ့ ကျရောက်တဲ့ ပါတီတည်ထောင်ခြင်း ၂၉ နှစ်ပြည်အခမ်းအနားကို ရန်ကုန်မြို့ရှိ ရွှေဂုံတိုင်ရှိ ပါတီဗဟိုဌာနချုပ်မှာ ကျင်းပရာမှာ ပါတီနာယက သူရဦးတင်ဦးနဲ့ ဗဟိုအလုပ်အမှုဆောင်တွေ၊ နိုင်ငံတကာသံတမန်တွေ၊ မိတ်ဖက် နိုင်ငံရေးပါတီတွေ၊ အဖွဲ့ချုပ်ဝင်တွေနဲ့ နိုင်ငံရေးအသိုင်းအ၀န်းက ပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ကြပါတယ်။
4 years Ago