ဖိလစ်ပိုင်တောင်ပိုင်းမှာ အဘူဆေရပ်စ်အကြမ်းဖက်သမားတွေကို ထိုးစစ်ဆင်နေတဲ့ ဖိလစ်ပိုင်တပ်ဖွဲ့ဝင်တွေ သြဂုတ် ၂၉ ရက်နေ့က ၁၂ ယောက်ထက်မနည်း ကျဆုံးခဲ့တယ်လို့ ဖိလစ်ပိုင်စစ်တပ်က ပြောဆိုပါတယ်။
ပြီးခဲ့တဲ့မေလက ဖိလစ်ပိုင်သမ္မတသစ် ဒူတာတေတက်လာပြီးနောက်ပိုင်း အကြမ်းဖက်အဖွဲ့ စစ်ဆင်ရေးအတွင်း ဖိလစ်ပိုင်တပ်ဖွဲ့ဝင် အများဆုံး ကျဆုံးရမှုဖြစ်ပါတယ်။
ဖိလစ်ပိုင်တောင်ပိုင်းမှာ တက်ကြွလှုပ်ရှားတဲ့ အဘူဆေရပ်စ်ကြမ်းဖက်တပ်ဖွဲ့ဟာ သေးငယ်ပေမယ့် အာရှမှာ အကြမ်းအဖက်ဆုံး စစ်သွေးကြွတပ်ဖွဲ့ဖြစ်ပြီး ပြန်ပေးဆွဲမှု၊ အရပ်သားတွေနဲ့၊ ဖိလစ်ပိုင်စစ်တပ်ကိုပါ ပစ်မှတ်ထားတိုက်ခိုက်မှုတွေ လုပ်ဆောင်နေကြတာပါ။
သြဂုတ် ၂၉ ရက်နေ့က အကြမ်းဖက်သမား ၇၀ လောက်နဲ့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့လို့ ဖိလစ်ပိုပ်တပ်ဖွဲ့ဝင် အနည်းဆုံး ၁၂ ဦးကျဆုံးခဲ့ပြီး တပ်ဖွဲ့ဝင် အနည်းဆုံး ၅ ယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့ ဖိလစ်ပိုင်စစ်တပ်ပြောခွင့်ရရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဒေသခံသတင်းမှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့တပတ်က ပြန်ပေးငွေမတတ်နိုင်တဲ့ ဆင်းရဲသားရွာသားတဦး ခေါင်းဖြတ် သတ်ဖြတ်ခံရအပြီး စစ်သွေးကြွတွေကို အပြတ်ရှင်းဖို့ သမ္မတဒူတာတေက ညွှန်ကြားခဲ့တာပါ။
ပြီးခဲ့တဲ့တပတ် သောကြာ၊ စနေနေ့တွေက အဘူဆေရပ်စ်အကြမ်းဖက် တပ်မှူးတဦးအပါအ၀င် အကြမ်းဖက်သမား ၂၁ ယောက်လောက်ကို ဖိလစ်ပိုင်စစ်တပ်က သုတ်သင်ခဲ့အပြီး ဖိလစ်ပိုင်တပ်ဖွဲ့ဝင်တွေ ကျဆုံးခဲ့တာလည်းဖြစ်ပါတယ်။
5 years Ago