အကြမ်းဖက်သမား ၇ ဦး အလောင်းရရှိ

August 25, 2017

ရဲစခန်းများ တိုက်ခိုက်ခံရမှုကြောင့် ရဲတပ်ဖွဲ့ဝင် ၅ ဦး ကျဆုံး၊ အကြမ်းဖက်သမား ၇ ဦး အလောင်းရရှိ

မောင်တောခရိုင်အတွင်းမှာ မနေ့ညက အစွန်းရောက် အကြမ်းဖက်သမားတွေက ရဲကင်း၊ ရဲစခန်းတွေကို တချိန်တည်း တိုက်ခိုက်ခဲ့လို့ ရဲတပ်ဖွဲ့ဝင် ၅ ဦး ကျဆုံးပြီး အကြမ်းဖက်သမား ၇ ယောက် အလောင်း ရရှိခဲ့တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။ ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း ရဲစခန်းတခုကို အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားတွေက လက်လုပ်မိုင်းတွေနဲ့ စတင် မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး နေရာအများအပြားရှိ ရဲကင်းတွေ၊ ရဲစခန်းတွေကို တချိန်တည်း တပြိုင်တည်း တိုက်ခိုက်လာခဲ့တယ်လို့ ဆိုပါတယ်။ အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားတွေဟာ ဒီနေ့မနက်အစောပိုင်း ၁ နာရီကစပြီး နတ်ချောင်း၊ တမန်းသား၊ ကွမ်းသီးပင်ချောင်းဝ၊ နံ့သာတောင်၊ အလယ်သံကျော်၊ ဖောင်တောပြင်၊ မောင်တော (နတလ) စတဲ့ ရဲကင်းတွေ ရဲစခန်းတွေကို တိုက်ခိုက်ခဲ့လို့ ရဲတပ်ဖွဲ့ဝင်တွေက ပြန်လည်တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တချို့ ကျဆုံး၊ ထိခိုက်ဒဏ်ရာရရှိမှုတွေ ရှိခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ အလားတူ မနက် ၃ နာရီဝန်းကျင်လောက်မှာ အစွန်းရောက် အကြမ်းဖက်သမား ၁၅၀ လောက်က ခမရ (၅၅၂) ဂိတ်ကို နှစ်ဖွဲ့ခွဲပြီး တိုက်ခိုက်ဖို့ ကြိုးပမ်းခဲ့ပြီး တပ်မတော်က ပြန်လည် တိုက်ခိုက်ခဲ့တယ်လို့ ပါတယ်။ လက်ရှိအချိန်အထိ ရဲတပ်ဖွဲ့ဝင် ၅ ယောက် ကျဆုံးခဲ့ရပြီး သေနတ် ၂ လက်ပါသွားကာ၊ အစွန်းရောက်အကြမ်းဖက်သမား ၇ ယောက် အလောင်းတွေ ရရှိထားတယ်လို့ အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားပါတယ်။
4 years Ago
Up