အကြမ်းဖက်သမားများ

A d v e r t i s e m e n t With Us

September 1, 2017

အကြမ်းဖက်သမားများနယ်မြေတွင် WFP တံဆိပ်ပါဘီစကစ်များ ထပ်မံတွေ့ရှိ

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ARSA အစွန်းရောက်အကြမ်းဖက်သမားနယ်မြေမှာ  အကြမ်းဖက်အဖွဲ့တွေရဲ့ အသုံးအဆောင်တွေနဲ့အတူ နိုင်ငံတကာ အဖွဲ့အစည်းတချို့ရဲ့ ထောက်ပံ့ကူညီရေးပစ္စည်းတွေ ထပ်မံတွေ့ရှိခဲ့တယ်လို့ အစိုးရ သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ သြဂုတ် ၃၁ ရက်နေ့ မွန်းတည့် ၁၂ နာရီမှာ အလယ်သံကျော် ဗိုလ်မှူးကျေးရွာအတွင်း နယ်မြေရှင်းလင်းစဉ် အဒူလာ ခေါ် နူမာလာကိန်းရဲ့ နေအိမ်အတွင်းမှ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) တံဆိပ်ပါ ဘီစကစ်ဖာ ၄ဝ၊ ပြောက်ကျားစစ်ဖိနပ်လည်တို ၁၇ ရန်၊ ခြေအိတ်စုံ ၄ဝ၊ ဓားရှည် ၁ လက်၊ ARSA အစွန်းရောက်အကြမ်းဖက်သမား ဝတ်စုံအင်္ကျီ နှစ်ထည်နဲ့ ဘောင်းဘီ သုံးထည်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ သြဂုတ် ၂၈ ရက် မနက်ပိုင်းကလည်း နယ်မြေရှင်းလင်းစဉ် ကျီးကျွန်းကင်းစခန်းရဲ့ တောင်ဘက်ရှိ တဲငယ်ခြောက်လုံးမှာ အကြမ်းဖက်သမားတွေ နေထိုင်ခဲ့တဲ့ အနေအထားတွေနဲ့အတူ WFP မှ ထောက်ပံ့ထားတဲ့ စွမ်းအားပြည့် ဘီစကစ်မုန့်နဲ့ အထုပ်ခွံတွေ၊ အချိုရည်ဘူးခွံတွေ တွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ကိုးတန်ကောက် ကျေးရွာအနီး တောင်ခြေမှာ တွေ့ရှိတဲ့ အကြမ်းဖက်သမားတွေ ဝှက်ထားတဲ့ ဆာလာအိတ်တွေထဲက ကျည်ဆန်၊ လက်လုပ်မိုင်း၊ ဆက်စပ်ပစ္စည်းတွေနဲ့အတူ USAID တံဆိပ်ပါ ဆန် ၁ အိတ်နဲ့ WFP တံဆိပ်ပါ ဆန် ၁ အိတ်တို့ကို တွေ့ရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ရေးကော်မတီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အခုလို အကြမ်းဖက်သမားတွေ ခိုအောင်းလှုပ်ရှားရာနေရာတွေမှာ ထောက်ပံ့ရေးပစ္စည်းတွေ တွေ့ရှိတာဟာ နိုင်ငံတကာအဖွဲ့အစည်းတွေက အကြမ်းဖက်သမားတွေကို ထောက်ပံ့ပေးတယ်လို့ ရည်ညွှန်းတာမဟုတ်ကြောင်းနဲ့ ဒီပစ္စည်းတွေ အကြမ်းဖက်သမားတွေထံ ရောက်ရှိနေမှုကို ဆက်လက်စုံစမ်းသွားမယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။
4 years Ago

November 14, 2016

မောင်တောကျေးရွာများကို အကြမ်းဖက်သမားများ မီးရှို့ဖျက်ဆီး၊ ၂၈ ဦး အသေမိ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်ထဲရှိ ကျေးရွာတွေကို အကြမ်းဖက်တိုက်ခိုက်သူတွေက မီးရှို့ဖျက်ဆီးခဲ့လို့ အိမ်ခြေ ၂၀၀ ခန့် မီးလောင်ပျက်စီးသွားပြီး အကြမ်းဖက်သူ ၂၈ ဦး အသေရမိတယ်လို့ ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။ မနေ့ညပိုင်းက ၀ါးပိတ်ကျေးရွာကို အကြမ်းဖက်တိုက်ခိုက်သူ ၁၀ ဦးခန့် ၀င်ရောက်မီးရှို့ဖျက်ဆီး ထွက်ပြေးသွားခဲ့တာကြောင့် လူနေအိမ် ၈၀ လောက် မီးလောင်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။ ဂွဆုံကျေးရွာမှာလည်း မနေ့မနက်က တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်း သွားရောက်စဉ် မီးလောင်ကျွမ်းနေတဲ့ အိမ်ခြေ ၅၀ လောက်တွေ့ခဲ့ရပြီး စီးနင်းတိုက်ခိုက်သူတွေ တိုက်ခိုက်ဖို့ ပြေးထွက်လာလို့ ပစ်ခတ်ရှင်းလင်းရာမှာ ၆ ဦး အသေရမိတယ်လို့ ဆိုပါတယ်။ အလားတူ ဒါးကြီးဇားကျေးရွာမှာလည်း မနေ့မွန်းလွဲပိုင်းက တပ်မတော်စစ်ကြောင်းက ရောက်ရှိရှင်းလင်းစဉ် မီးလောင်ကျွမ်းနေတဲ့ အိမ်ခြေ ၆၀ လုံးအား တွေ့ရှိခဲ့ရပြီး ကျေးရွာအတွင်းက တုတ်၊ ဓားကိုင် အကြမ်းဖက်စီးနင်းတိုက်ခိုက်သူ ၂၀ ဦးခန့်က တိုက်ခိုက်ဖို့ ပြေးထွက်လာလို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပြန်လည်ပစ်ခတ်ရာမှာ အကြမ်းဖက်တိုက်ခိုက်သူ ၁၉ ဦး အသေဖမ်းဆီးရမိခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ဒါ့အပြင် တပ်မတော်စစ်ကြောင်းက ဂွဆုံကျေးရွာနဲ့ ဒါးကြီးဇားကျေးရွာ ပတ်ဝန်းကျင်မှာ  အသေးစိတ် ဆက်လက်ရှင်းလင်းရာမှာ အကြမ်းဖက်စီးနင်းတိုက်ခိုက်သူ အလောင်း ၃ လောင်း ရှာဖွေတွေ့ရှိခဲ့တယ်လို့လည်း သိရပါတယ်။ မောင်တောမြို့နယ် ဂွဆုံရွာနားမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်က အကြမ်းဖက်စီးနင်း တိုက်ခိုက်သူ အင်အား ၅၀၀ လောက်နဲ့ တပ်မတော်စစ်ကြောင်းတို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့လို့ စစ်ရဟတ်ယာဉ်သုံးပြီး ကူတိုက်ပေးခဲ့ရသလို တပ်မတော်ဘက်က စစ်ကြောင်းမှူးတဦးလည်း သေဆုံးခဲ့ရတာပါ။ ခုရက်ပိုင်းတွေအတွင်း တပ်မတော်စစ်ကြောင်းနဲ့ နယ်ခြားစောင်ရဲတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ မော်တော်ယာဉ်တန်းတွေကိုလည်း အကြမ်းဖက်တိုက်ခိုက်သူတွေက  လက်လုပ်ရှော့ခ်တိုက်မိုင်းတွေနဲ့  ဖောက်ခွဲတိုက်ခိုက်မှုတွေလည်း ရှိနေပါတယ်။
4 years Ago
Up