အကြမ်းဖက်သမားကို ဖမ်းပေးခဲ့သူ အမေရိကန်တပ်ဖွဲ့ဝင် ဓားထိုးခံရ (ရုပ်သံ)

A d v e r t i s e m e n t With Us

October 9, 2015

အကြမ်းဖက်သမားကို ဖမ်းပေးခဲ့သူ အမေရိကန်တပ်ဖွဲ့ဝင် ဓားထိုးခံရ (ရုပ်သံ)

ပြီးခဲ့တဲ့ သြဂုတ်လက ပြင်သစ်ရထားပေါ်မှာ လက်နက်ကိုင်အကြမ်းဖက်တဦး ဖမ်းချုပ်ခဲ့တဲ့ အမေရိကန်လေတပ် တပ်ဖွဲ့ဝင်တဦးဟာ အောက်တိုဘာ ၈ ရက်နေ့က ကယ်လီဖိုးနီးယား ပြည်နယ်မှာ ဓားထိုး တိုက်ခိုက်ခံရပြီး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပါတယ်။ သူငယ်ချင်းတဦးတိုက်ခိုက်ခံရတာကို ကာကွယ်ပေးရင်း တိုက်ခိုက်သူတဦးက အမေရိကန်တပ်ဖွဲ့ဝင် စပန်စာ စတုန်း (Spencer Stone)ကို ဓားနဲ့ ထိုးပြီး ထွက်ပြေးသွားခဲ့တာပါ။ သြဂုတ်လက ပြင်သစ်ရထားတိုက်ခိုက်မှုနဲ့ အခု ဓားထိုးတိုက်ခိုက်မှု ဆက်စပ်မှုမရှိဘူးလို့ စက်ခရယ်မန်တို(Sacramento) မြို့နယ် ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။ စတုန်း နဲ့ သူငယ်ချင်း ၄ ယောက် နိုက်ကလပ်တခုကို သွားရောက်ခဲ့ပြီး အရက်မူးပြီး ရန်ဖြစ်တိုက်ခိုက်ကြတာ ဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။ ဒါပေမယ့် စတုန်း ဟာ တိုက်ခိုက်သူတွေကို ကြုံသလို ခုခံနေပုံတော့ မပေါက်ဘူးလို့ စက်ခရယ်မန်တို ရဲအရာရှိတဦးက ပြောဆိုပါတယ်။ အသက် ၂၅ နှစ်အရွယ်ရှိ စတုန်း ဟာ ပြင်သစ်ရထားပေါ်မှာ အေကေ သေနက်ကိုင်ခြိမ်းခြောက်ခဲ့တဲ့ အကြမ်းဖက်တဦးကို ၀ိုင်းပြီး ဖမ်းချုပ်ခဲ့တဲ့ အမေရိကန် ၃ ဦးအနက် တဦးဖြစ်ပြီး သူတို့ ၃ ဦးလုံးကို သူရဲကောင်းတွေအဖြစ် ပြင်သစ်သမ္မတနဲ့ အမေရိကန်သမ္မတတို့က ချီးကျူး ဂုဏ်ပြုခဲ့ကြတာပါ။ အဲဒီအကြမ်းဖက်ကို ဖမ်းချုပ်ခဲ့တုန်းက စတုန်းလည်း ထိခိုက်ဒဏ်ရာရရှိပြီး ဆေးကုသမှုခံယူခဲ့ရပါတယ်။ အောက်တိုဘာ ၈ ရက်နေ့ မနက်က ဓားထိုးမှုနဲ့ ပတ်သက်ပြီး လက်ရှိအချိန်အထိ ဘယ်သူ့ကိုမှ ဖမ်းဆီးနိုင်ခြင်းမရှိသေးဘူးလို့ စက်ခရယ်မန်တို ရဲတပ်ဖွဲ့ကပြောဆိုပါတယ်။
5 years Ago
Up