အကြမ်းဖက်မှုနှိမ်နင်းရေး

March 18, 2018

မြန်မာအပါအ၀င်အာဆီယံနိုင်ငံများနှင့် သြစတြေးလျ အကြမ်းဖက်မှုနှိမ်နင်းရေးသဘောတူ

မြန်မာအပါအ၀င် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ သြစတြေးလျအစိုးရတို့ဟာ အကြမ်းဖက်မှု နှိမ်နင်းရေးအတွက် ထောက်လှမ်းရေး သတင်းအချက်အလက်တွေ မျှဝေဖို့ ကတိပြုတဲ့ သဘောတူညီချက်ကို မတ်လ ၁၇ ရက်က လက်မှတ်ရေးထိုး ခဲ့ကြပါတယ်။ လူမှုကွန်ယက်သုံး အစွန်းရောက်မှု တုံ့ပြန်ရေး ဥပဒေပြုရာမှာ ပူးပေါင်းဆောင်ရွက်ရေးနဲ့ ထောက်လှမ်းရေး သတင်းအချက်အလက်တွေ မျှဝေရေး သဘောတူညီချက်ကို  အာဆီယံ နိုင်ငံတွေနဲ့ နားလည်မှု စာချွန်လွှာမှာ လက်မှတ်ရေးထိုးကြောင်း သြစတြေးလျဝန်ကြီးချုပ် မယ်လ်ကွန် တန်းဘူးလ်က ကြေညာပါတယ်။ သမားရိုးကျ မဟုတ်တဲ့ ပိုင်ဆိုင်မှုတွေဖြစ်တဲ့ ဒစ်ဂျစ်တယ် ငွေကြေး၊ တန်ဖိုးရှိတဲ့ ကတ်တွေနဲ့ လူအုပ်လိုက် ရံပုံငွေထည့်ဝင်ကြတဲ့ အခြေခံအခင်းအကျင်းတွေဟာ အကြမ်းဖက်ဝါဒအတွက် ဘဏ္ဍာရေး ထောက်ပံ့မှုကို စုံစမ်း ထောက်လှမ်းဖို့ ပိုခက်စေတယ်လို့ သူက ပြောပါတယ်။ အစ္စလာမစ်နိုင်ငံအမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေရဲ့ အင်တာနက်သုံး ဝါဒဖြန့်ချိမှုဟာ အရှေ့တောင်အာရှ ဒေသတ၀န်းက မွတ်ဆလင် သန်း ၃၀၀ကျော်ဆီ ရောက်နိုင်တယ်လို့ မလေးရှား ဝန်ကြီးချုပ် နာဂျစ်ဘ် ရာဇက်ခ်က ပြောပါတယ်။ သြစတြးလျနိုင်ငံဟာ အာဆီယံအဖွဲ့ဝင် နိုင်ငံမဟုတ်ပေမယ့် တရုတ်ရဲ့ လွှမ်းမိုးမှု မြင့်တက်လာချိန်မှာ ဒေသတွင်းနိုင်ငံရေးနဲ့ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ဖို့ အခုလို အာဆီယံ အထူးထိပ်အစည်းအဝေးပွဲကို လက်ခံကျင်းပတာဖြစ်ပါတယ်။ ဒီအစည်းအဝေးမှာ မြန်မာနိုင်ငံက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်တက်ရောက်နေပါတယ်။ ဓာတ်ပုံ-MOFA
4 years Ago

August 18, 2015

အကြမ်းဖက်နှိမ်နင်းရေး တင်းကျပ်သည့်ဥပဒေ ပြဋ္ဌာန်းရန် အီဂျစ်သမ္မတ အတည်ပြု

အီဂျစ်သမ္မတ မိုဟာမက် အယ်လ် စီစီက နိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေ မြင့်တက်လာတဲ့အတွက် အကြမ်းဖက်နှိမ်နင်းရေး တင်းကျပ်တဲ့ဥပဒေတွေ ပြဋ္ဌာန်းဖို့ သြဂုတ် ၁၇ ရက်နေ့က အတည်ပြုပေးလိုက်ပါတယ်။ ဒီဥပဒေသစ်က အီဂျစ်အထူးတရားရုံးတွေ ဖွင့်လှစ်ပြီး အကြမ်းဖက်မှု ထင်ရှားရင် သေဒဏ်ချမှတ်ခွင့်၊ အီဂျစ်ရဲတပ်ဖွဲ့နဲ့ စစ်တပ်ကို အကြမ်းဖက်မှုနှိမ်နင်းရေး အင်အားသုံးခွင့် အထူးအခွင့်အရေးပေးမှာဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ဥပဒေက အထူးအကာအကွယ် ပေးထားပါတယ်။ အကြမ်းဖက်မှု တရားစီရင်မှုတွေကိုလည်း အထူးတရားရုံးတွေနဲ့ ဖြတ်လမ်း တရားစီရင်ခွင့်ကိုလည်း ဒီဥပဒေသစ်က ခွင့်ပြုသွားမှာပါ။ လူ့အခွင့်အရေး အဖွဲ့အစည်းတွေကတော့ အစိုးရက ဒီဥပဒေသစ်ကို ပြဋ္ဌာန်းတာဟာ အတိုက်အခံတွေကို နှိပ်ကွပ်ဖို့လို့ အစိုးရကို ပြစ်တင်ဝေဖန်နေကြပါတယ်။ ၂၀၁၃ ခုနှစ်က ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ သမ္မတ မိုဟာမက်မော်စီကို အီဂျစ်စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း အီဂျစ်နိုင်ငံတ၀န်း၊ အထူးသဖြင့် ဆိုင်းနိုင်းကျွန်းဆွယ် မြောက်ပိုင်းမှာ အစ္စလာမ္မစ် အကြမ်းဖက်တိုက်ခိုက်မှုတွေ ပိုမိုပြင်းထန်လာတာပါ။ အဲဒီတိုက်ခိုက်မှုတွေဟာ အီဂျစ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အဓိကပစ်မှတ်ထား တိုက်ခိုက်တာဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ရာနဲ့ချီပြီး သေဆုံးခဲ့ကြပါတယ်။ မကြာခင်က မြို့တော် ကိုင်ရိုမှာ အစိုးရရှေ့နေချုပ် ကားဗုံးနဲ့ အကြမ်းဖက်တိုက်ခိုက်ခံရလို့ သေဆုံးခဲ့ပြီးနောက်ပိုင်း ဒီအကြမ်းဖက်တိုက်ခိုက်မှုတွေကို အပြတ်သားဆုံး ရှင်းလင်းအရေးယူမယ်လို့ သမ္မတ စီစီက ပြီးခဲ့တဲ့လက အလေးထားပြောဆိုခဲ့တာပါ။ အခုနှစ် ဖေဖော်ဝါရီလကလည်း အကြမ်းဖက်နှိမ်နင်းရေး ပြင်းထန်တဲ့ဥပဒေတွေကို သမ္မတက ပထမအကြိမ် ပြဋ္ဌာန်းခဲ့ပါသေးတယ်။
6 years Ago
Up