အကြမ်းဖက်မှုဖြစ်ပွားခဲ့သည့်

July 13, 2017

အကြမ်းဖက်မှုဖြစ်ပွားခဲ့သည့် မောင်တောဒေသသို့ ပြည်ပမီဒီယာများသတင်းယူခွင့်ရရှိ

အကြမ်းဖက်တိုက်ခိုက်တွေဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် မောင်တောဒေသကို ပြည်ပမီဒီယာ ၁၆ ခုက သတင်းသမား ၂၀လောက်  ပထမဆုံးအကြိမ် သွားရောက် သတင်းယူခွင့်ရရှိခဲ့ပါတယ်။ မောင်တောဒေသမှာ ၂၀၁၆ အောက်တိုဘာလက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် စီးနင်းတိုက်ခိုက်မှု ဖြစ်စဉ်နောက်ပိုင်း နောက်ဆက်တွဲ သတင်းတွေရယူဖို့   ပြည်ပမီဒီယာ သတင်း အဖွဲ့ဟာ မနေ့က  ရန်ကုန်ကနေ စစ်တွေကို လေကြောင်းနဲ့ ထွက်ခွာသွားတာလို့ အစိုးရ ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။ အဆိုပါသတင်းအဖွဲ့မှာ  အေအက်ဖ်ပီ၊ နစ်ကေး၊ ဗွီအိုအေ၊ ကျိုဒိုနယူးစ်၊ ဆင်ဟွာ၊ အေပီ၊ ဖရန်တီးယား၊ စီအင်န်အေ၊ တီဗွီအဆာဟိ၊ အာအက်ဖ်အေ၊ အေဘီစီ၊ ဘီဘီစီ၊ အင်န်အိတ်ခ်ျကေ၊ ရိုက်တာ၊ အမ်အိုင်တီဗွီ၊ အမ်အန်အေတို့မှ သတင်းမီဒီယာ ၁၉ ဦးပါဝင်ပြီး ဇူလိုင် ၁၂ ရက်မှ ၁၆ ရက် အထိ ရခိုင်ပြည်နယ်မှာ သတင်းယူကြမယ်လို့ ဆိုပါတယ်။ ပြည်တွင်းအခြေစိုက်မီဒီယာတွေကတော့  ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်ကတကြိမ် ၊မတ် ၂၈ ရက်မှာတကြိမ် ရခိုင်ပြည်နယ် မောင်တောဒေသကို သွားရောက် သတင်းရယူခွင့်ရရှိခဲ့ ပါတယ်။ ဓာတ်ပုံ- MOI
6 years Ago

October 30, 2016

အကြမ်းဖက်မှုဖြစ်ပွားခဲ့သည့် မောင်တောတွင် ဒေသန္တရရဲအဖွဲ့ ဖွဲ့မည်

ရခိုင်ပြည်နယ်အစိုးရက အမှတ် ၁ နယ်ခြားစောင့်ရဲ ကွပ်ကဲမှုနယ်မြေထဲမှာ ဒေသန္တရရဲအဖွဲ့ကို ဖွဲ့စည်းပြီး တာဝန်ပေးသွားမယ်လို့ ရဲမှူးချုပ် သူရစန်းလွင်က ပြောပါတယ်။ မောင်တောမြို့နယ်ထဲက ကျီးကန်းပြင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဌာနချုပ် အပါအ၀င် ရဲစခန်းသုံးခု အောက်တိုဘာ ၉ ရက်နေ့မှာ အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရပြီးတဲ့နောက် ဒေသခံတွေ စိုးရိမ်မှုတွေဖြစ်နေကြပြီး ပြည်သူ့စစ် ဖွဲ့စည်းပြီး လက်နက်တပ်ဆင်ပေးဖို့ တောင်းဆိုမှုတွေရှိခဲ့တာပါ။ ဒီတောင်းဆိုမှုတွေကို ရခိုင်ပြည်နယ်အစိုးရက အလေးထားစဉ်းစားတဲ့အနေနဲ့ ဒေသန္တရဲတပ်ဖွဲ့ကို ဖွဲ့စည်းပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့ရဲ့ ကွပ်ကဲမှုအောက်မှာ ထားရှိမှာဖြစ်ပါတယ်။ “ကိုယ့်ပြည်နယ် ကိုယ့်ဒေသ ကိုယ့်ကျေးရွာကို ကာကွယ်စောင့်ရှောက်ချင်တဲ့ ဒေသခံ လူငယ်လူရွယ်တွေကို မွေးထုတ်ဖို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကလည်း ဆောင်ရွက်နေသလို ပြည်နယ်ဝန်ကြီးချုပ်ကလည်း ကျနော်တို့ကို လမ်းညွှန်မှာကြားထားပါတယ်။ အသက် ၁၈ နှစ်ပြည့်မယ် ၃၅ နှစ်အောက်၊ လိုအပ်ရင် ကျန်းမာရေးကောင်းရင် အသက်ကို လျှော့ပေါ့ပြီးတော့ တင်ပြခွင့်ပြုချက်ရယူမယ် ပြီးရင် ပညာအခြေခံ မူလတန်းအဆင့်ဆိုရင် လက်ခံပါပြီ။” လို့ ရဲမှူးချုပ် သူရစန်းလွင်က ပြောပါတယ်။ စစ်တွေမြို့မှာ ဒေသန္တရဲသင်တန်း ဖွင့်လှစ်မှာဖြစ်သလို ကျီးကန်းပြင်ဌာနချုပ်မှာပါ ဖွင့်လှစ်နိုင်ဖို့ ကြိုးစားနေတယ်လို့ လည်း ရဲမှူးချုပ်ကပြောပါတယ်။ ဒါ့အပြင် သင်တန်းဆင်းပြီးတာနဲ့ လက်နက်တပ်ဆင်ပြီး ကိုယ့်ဒေသမှာပဲ တာဝန်ချထားပေးမှာပါ။ ဒါ့အပြင် မောင်တောဒေသက တခြားကို တာဝန်ကျနေတဲ့ ဒေသခံ ရဲတပ်ဖွဲ့ဝင်တွေကိုလည်း သူတို့ဆန္ဒအတိုင်း တင်ပြလာရင် ပြောင်းရွှေ့ပေးဖို့ အစီစဉ်ရှိတယ်လို့လည်း သိရပါတယ်။ ဒေသခံလူငယ်တွေကတော့ ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိပေမယ့် ဒေသခံတွေရဲ့ စကားကို အလေးအနက်ထား ဖို့လိုတယ်လို့ ထောက်ပြကြပါတယ်။ တွေ့ဆုံပွဲတက်ရောက်သူ၊ မောင်တောမြို့ခံ မောင်ဝင်းသန်းက “ကွပ်ကဲရေးမှူးပြောသွားတာတွေက ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ပြောသွားတယ်။ ပူးပေါင်းတယ် ဆိုတဲ့နေရာမှာ ဒေသခံစကားကို အလေးအနက်ထားဖို့ လိုအပ်ပါတယ်။ အလေးအနက်ထားပြီးတော့မှ အဲဒီ သတင်းကိုအခြေခံပြီးတော့ တိတိကျကျ တရားဥပဒေစိုးမိုးရေး၊ အချုပ်အခြာအာဏာ တည်တန့်ခိုင်မြဲရေးကို တိတိကျကျ အချိန်နဲ့တစ်ပြေးညီဆောင်ရွက်ရမှာဖြစ်ပါတယ်။ အဲဒါမှ ကျေးရွာလုံခြုံရေး၊ လမ်းတလျှောက် လုံခြုံရေး၊ မောင်တောနယ်မြေကို တရားဥပဒေစိုးမိုးရေးကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။” လို့ ပြောပါတယ်။ အောက်တိုဘာ ၉ ရက် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးခဲ့ရပြီး လက်နက်မျိုးစုံ ၆၀ ကျော်လည်း လုယက်ခံခဲ့ရပါတယ်။ အောက်တိုဘာ ၂၉ ရက်ထိ ဖမ်းဆီးစစ်ဆေးနေသူ ဦးရေငါးဆယ်ခန့်ရှိပြီး သေနတ်မျိုးစုံ ၁၈ လက်နဲ့ ကျည်ဆန် သုံးထောင်ကျော်ကို ပြန်လည်ရရှိထားတယ်လို့ နယ်ခြားစောင့်ရဲတပ်ဖွဲ့က သိရပါတယ်။ ကိုအောင်
6 years Ago
Up