အကြမ်းဖက်မှုတိုက်ဖျက်ရေး

July 11, 2019

အာဖရိကဒေသတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ရန်ပုံငွေထောက်ပံ့ရန် ကုလအတွင်းရေးမှူးချုပ် တောင်းဆို

အာဖရိကဒေသမှာ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး စီမံကိန်းအတွက် ရန်ပုံငွေများများ ထောက်ပံ့ကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဇူလိုင် ၁၀ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။ ဒါပေမယ့် အာဖရိက အစိုးရတွေ အနေနဲ့လည်း ဆင်းရဲနွမ်းပါးမှု၊ ဖိနှိပ်မှုနဲ့ လျစ်လျူရှုမှုတွေကို ပိုပြီး လျှော့ချသင့်တယ်လို့ ဂူတာရက်စ်က ဆက်ပြောခဲ့ပါတယ်။ ဟာကွက်တွေကြောင့်မဟုတ်ဘဲ ပြည်တွင်းပဋိပက္ခတွေနဲ့ အာဏာ အလွဲသုံးစားမှုတွေကြောင့် အကြမ်းဖက်ဝါဒတွေ ပေါ်ပေါက်လာလေ့ ရှိတယ်လို့လည်း ဂူတာရက်စ်က ထောက်ပြ ဝေဖန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်က မိုဇမ်ဘစ်နိုင်ငံ မြောက်ပိုင်းမှာ အစ္စလာမ္မစ် စစ်သွေးကြွအဖွဲ့တဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် လူ ၁၁ ယောက် သေဆုံးခဲ့ပါသေးတယ်။ ဆာဟာရဒေသနဲ့ အနောက်အာဖရိကဒေသမှာ အကြမ်းဖက်ဝါဒ အန္တရာယ် မြင့်တက်လာတဲ့ အခြေအနေကိုလည်း စိုးရိမ်နေတယ်လို့ ဂူတာရက်စ်က ပြောခဲ့ပါတယ်။ အဲဒီဒေသတွေမှာ အိုင်အက်စ်၊ အယ်လ်ကိုင်းဒါး စတဲ့ စစ်သွေးကြွအဖွဲ့တွေနဲ့ ဆက်နွှယ်တဲ့ အဖွဲ့တွေဟာ လူသစ်စုဆောင်းဖို့နဲ့ သြဇာလွှမ်းမိုးဖို့ ကြိုးစားနေကြတာပါ။ အနောက်အာဖရိကဒေသမှာ ဂျီဟတ်စစ်သွေးကြွ နှိမ်နင်းရေး အထောက်အပံ့ ရန်ပုံငွေ ပမာဏဟာလည်း နိုင်ငံတကာ အလှူရှင်တွေဆီက ၅၀ ရာခိုင်နှုန်းအောက်သာ ရခဲ့တယ်လို့ ဂူတာရက်စ်က ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာမှာ ပြောခဲ့ပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ ထိရောက်ပြီး ကြိုတင်ခန့်မှန်းနိုင်တဲ့ လုံလောက်တဲ့ ဘဏ္ဍာငွေ ထောက်ပံ့မှုနဲ့အတူ အားကောင်းပြီး ရှင်းလင်းတဲ့ လုပ်ပိုင်ခွင့်တွေပါတဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး စစ်ဆင်ရေးတွေကို အာဖရိကမှာ စီစဉ်ပေးသင့်တယ်လို့လည်း ဂူတာရက်စ်က ပြောခဲ့ပါတယ်။
2 years Ago

May 28, 2019

တောင်ကိုရီးယားတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး လေ့ကျင့်

တောင်ကိုရီးယားစစ်တပ်၊ ရဲနဲ့ ဒေသန္တရ အစိုးရအဖွဲ့တွေဟာ ဆိုးလ်မြို့တော်အတွင်း အကြမ်းဖက်မှု တိုက်ဖျက်ရေး လေ့ကျင့်ခဲ့ကြပါတယ်။ ဒါဟာ အူချီ တေဂူအဲ လေ့ကျင့်မှုသစ်ရဲ့ အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။ ဆိုးလ်မြို့ အားကစားရုံကို ဇီဝလက်နက်နဲ့ တိုက်ခိုက်မှု ဖြစ်နိုင်ချေကို ပုံစံထုတ်ထားပြီး စစ်သား ၃၅ ယောက် အပါအဝင် အရာရှိ အယောက်တရာကျော် ပါဝင်လေ့ကျင့်ခဲ့တာပါ။ တနင်္လာနေ့က စတဲ့ လေ့ကျင့်ခန်းထဲမှာ အမေရိကန်စစ်သည်တွေ မပါဘူး၊ အူချီ လွတ်လပ်ရေးအစောင့်တပ်လို့ နာမည်ပေးထားတဲ့ တောင်ကိုရီးယား-အမေရိကန် ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို ဆိုင်းငံ့ထားဖို့ အစောတည်းက ဆုံးဖြတ်ထားတယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ စင်ကာပူက ထိပ်သီးညီလာခံအပြီးမှာ စစ်ရေးလေ့ကျင့်မှုတွေ အဆုံးသတ်မယ်လို့ ကတိပေးခဲ့ပါတယ်။ အဲဒီနောက် အမေရိကန်နဲ့ တောင်ကိုရီးယား အစိုးရတို့က ပူးတွဲ လေ့ကျင့်ခန်းတွေကို ရပ်နားမယ်လို့ ပြောပါတယ်။ အဲဒီနောက်မှာ သဘာဝကပ်ဘေး အကြီးစားတွေမှာ ကယ်ဆယ်ရေးနဲ့ စစ်သွေးကြွတွေကို တိုက်ခိုက်ရေးပုံစံ ထုတ်ထားတဲ့ လေ့ကျင့်ခန်းပုံစံသစ်တွေကို တောင်ကိုရီးယားက စီစဉ်ခဲ့ပါတယ်။
2 years Ago
More News
Up