အကြမ်းဖက်ဆန္ဒပြ

February 13, 2019

ဟေတီ အကြမ်းဖက် ဆန္ဒပြပွဲအတွင်း ၁ ဦး သေဆုံး

ဟေတီနိုင်ငံ မြို့တော်ပို့အော်ပရင့်စ်မှာ ဖေဖော်ဝါရီ ၁၂ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ဆန္ဒပြပွဲအတွင်း လူတဦး သေနတ်ပစ်ခံရပါတယ်။ ဟေတီပြည်သူတွေက နိုင်ငံအတွင်း စီးပွားရေးကျဆင်းတာနဲ့ အကျင့်ပျက်ခြစားတာတွေအပေါ် ဆန့်ကျင်ဆန္ဒပြတာပါ။ ပက်ထရိုကရီဘေလို့ အမည်ရတဲ့ ရေနံလုပ်ငန်း ရန်ပုံငွေ အလွဲသုံးစားမှု စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ပြည်သူတွေ ဒေါသဖြစ်ပြီး ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။    ဆန္ဒပြသူတွေက မော်တော်ယာဉ်တစီးကို မီးရှို့ကြသလို တခြားသူတွေကလည်း စတိုးဆိုင်တဆိုင်ကို လုယက်ကြပါတယ်။ ဆန္ဒပြပွဲတွေရဲ့ နောက်ခံအကြောင်းတရားတွေကတော့ နိုင်ငံ စီးပွားရေး တုံ့ဆိုင်းတာ၊ ငွေကြေး တန်ဖိုးကျဆင်းတာနဲ့ ငွေကြေးဖောင်းပွမှု မြင့်တက်တာတို့ပဲ ဖြစ်ပါတယ်။ ဆန္ဒပြသူတွေက သမ္မတ ယွတ်နဲ မွိုင့်ဇ်ကို ရာထူးက ဆင်းပေးဖို့ တောင်းဆိုခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
2 years Ago

February 6, 2019

အကြမ်းဖက်ဆန္ဒပြမှုကို ကန့်သတ်သည့် ဥပဒေ ပြင်သစ်လွှတ်တော် ပြဋ္ဌာန်း

အကြမ်းဖက်ဆန္ဒပြမှုတွေကို ကန့်သတ်တဲ့ ဥပဒေတရပ်ကို ပြင်သစ်လွှတ်တော်က ဖေဖော်ဝါရီ ၅ ရက်မှာ ပြဋ္ဌာန်းလိုက်ပါတယ်။ ဒါဟာ အင်္ကျီဝါလှုပ်ရှားမှုကနေ ပေါ်ပေါက်လာတဲ့ ၃ လကြာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို တုံ့ပြန်လုပ်ဆောင်တာ ဖြစ်ပါတယ်။ ဒီဥပဒေဟာ အရပ်သားလွတ်လပ်ခွင့်တွေကို ချုပ်ခြယ်တယ်ဆိုတဲ့ ဝေဖန်တာတွေ ရှိတဲ့ကြားက အောက်လွှတ်တော်ကနေ ထောက်ခံမဲ ၃၈၇ မဲ၊ ကန့်ကွက်မဲ ၉၂ မဲနဲ့ အတည်ပြုခဲ့တာပါ။ အောက်လွှတ်တော်မှာ သမ္မတ မာခွန်းရဲ့ LREM ပါတီက အမတ်နေရာအများစု ရထားပါတယ်။ အဲဒီဥပဒေကို အထက်လွှတ်တော်မှာ ဆက်လက်ဆွေးနွေးမှာ ဖြစ်ပေမယ့် အောက်လွှတ်တော်ကပဲ အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်။ ဆန္ဒပြသူတွေ မျက်နှာစည်းထားတာကို တားမြစ်တာ၊ ဆန္ဒပြလူအုပ်ထဲက အကြမ်းဖက်သူတွေကို ဆွဲထုတ်ဖို့ ရဲတပ်ဖွဲ့ကို အခွင့်အာဏာပေးတာနဲ့ တဦးချင်း ဆန္ဒပြသူတွေကို တားမြစ်ဖို့ ဒေသအာဏာပိုင်တွေကို အခွင့်အာဏာပေးတာတွေကို အဲဒီဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။
2 years Ago
Up