အွန်လိုင်းရောင်းဝယ်ရေးကုမ္ပဏီ

March 17, 2020

အွန်လိုင်းရောင်းဝယ်ရေးကုမ္ပဏီ အမေဇုန် ဝန်ထမ်း ၁ သိန်း ထပ်ခန့်မည်

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ချိန်မှာ အွန်လိုင်း အမှာစာတွေ တရှိန်ထိုးတက်လာတာမို့ အွန်လိုင်းရောင်းဝယ်ရေး ကုမ္ပဏီ အမေဇုန်အနေနဲ့ ကုန်လှောင်ရုံနဲ့ ပို့ဆောင်ရေးဝန်ထမ်း ၁ သိန်း ခန့်အပ်သွားမယ်လို့ မတ် ၁၆ ရက်မှာ ကုမ္ပဏီက  ပြောလိုက်ပါတယ်။  အဲဒီဝန်ထမ်းတွေကို လစာတိုးမြှင့်ပေးဖို့အတွက် အမေဇုန်ဟာ အမေရိကန်ဒေါ်လာ သန်း ၃၅၀ ရင်းနှီးမြှုပ်နှံသွားမယ်လို့ ကုမ္ပဏီက ဆိုပါတယ်။  ဝန်ထမ်းတွေကို အမေရိကန်နဲ့ ကနေဒါမှာ ၁ နာရီ ၂ ဒေါ်လာနှုန်း၊ ဗြိတိန်မှာ ၂ ပေါင်နှုန်း နဲ့ အီးယူနိုင်ငံတွေမှာ ၂ ယူရိုခန့် လုပ်ခလစာ တိုးမြှင့်ပေးသွားမယ်လို့လည်း သိရပါတယ်။  လက်ရှိ အမေဇုန်ဟာ အမေရိကရှိ ဝန်ထမ်းတွေကို ၁ နာရီ ၁၅ ဒေါ်လာနှုန်းနဲ့ လစာပေးထားပါတယ်။  ကူးစက်မြန်ကပ်ရောဂါ  COVID-19 ဖြစ်ပွားနေချိန်မှာ  အမေဇုန်နဲ့ နက်ခ်ဝါ့ခ် ပါတနာတွေက အရေးပေါ် ပစ္စည်းလိုအပ်နေသူတွေကို အိမ်တိုင်ရာရောက် လိုက်လံကူညီပို့ဆောင်နေတယ်လို့ ကမ္ဘာလုံးဆိုင်ရာ အမေဇုန်လုပ်ငန်းများ အကြီးတန်း ဒုတိယဥက္ကဋ္ဌ ဒေ့ဗ်ကလပ်ခက ပြောခဲ့ပါတယ်။  ပြီးခဲ့တဲ့ သီတင်းပတ်က အမေဇုန်ဟာ COVID-19 ဗိုင်းရပ်စ် တွေ့ရတဲ့  အမေဇုန်ဝန်ထမ်းအားလုံးကို သီတင်းနှစ်ပတ်စာ လစာငွေ ထောက်ပံ့ခဲ့တယ်လို့ ကုမ္ပဏီက ပြောကြားပြီး သီးခြားပို့ဆောင်ရေးလုပ်ငန်း ပါတနာတွေနဲ့ ဒရိုင်ဘာတွေကို ကူညီဖို့ရာ အမေရိကန် ဒေါ်လာ ၂၅ သန်း ရန်ပုံငွေ ထူထောင်ပေးခဲ့ပါတယ်။  လက်ရှိ အမေဇုန် ကုမ္ပဏီမှာ ဝန်ထမ်းအင်အား ခုနှစ်သိန်းခွဲ ရှိတယ်လို့ ဝက်ဘ်ဆိုက် သတင်းတွေအရ သိရပါတယ်။
2 years Ago
Up