အွန်လိုင်းတွင်ပျံ့

A d v e r t i s e m e n t With Us

January 5, 2021

အွန်လိုင်းတွင်ပျံ့နေသည့် ၁၀ တန်းအောင် လက်မှတ်ထုတ်ပေးမည့်သတင်း မဟုတ်မှန်ကြောင်း တာဝန်ရှိသူပြော

ကျောင်းတွေဖွင့်ခွင့်ရပါက အချိန်တိုအတွင်း အကုန်လုံးဖွင့်နိုင်‌အောင် ကြိုတင်ပြင်ဆင်‌ ဆွေးနွေး‌နေပြီး အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ ၁၀ တန်းအောင် လက်မှတ်ထုတ်ပေးမယ်ဆိုတာလည်း သတင်းအမှားဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။  ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကာကွယ်တားဆီးထိန်းချုပ်နိုင်မှု အခြေအနေအရ ကျောင်းများ အဆင်သင့်ဖြစ်နိုင်ရေး ကြိုတင်ပြင်ဆင်တဲ့ ညှိနှိုင်းအစည်းအဝေးကို ပညာရေးဝန်ကြီးဌာနနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတာဝန်ရှိသူတွေက ဒီဇင်ဘာလ ၂၉ ရက်‌နေ့က ဆွေးနွေးခဲ့ကြတာပါ။  ကျောင်းတွေကို အရင်အတွေ့အကြုံအရ အချက် ၈၀ နဲ့ကိုက်ညီပြီး အဆင်သင့် ဖြစ်တာကို စစ်ဆေးတာဖြစ်တာကြောင့် အဆင်သင့်ဖြစ်တဲ့ ပတ်ဝန်းကျင်၊ အခြေအနေကို ကြိုတင် ဆောင်ရွက်တာလို့ ညွှန်ကြားရေးမှူးချုပ်  ဦးကိုလေးဝင်းက   ပြောပါတယ်။  ဒါ့ကြောင့် ဘယ်အချိန်ဖွင့်မလဲဆိုတာ မသတ်မှတ်ရ‌သေး‌ပေမယ့် အခြေအနေကောင်းပြီး ဖွင့်ခွင့်ရရင်တော့ အချိန်တိုတိုအတွင်း ကျောင်းတွေအကုန်လုံး ဖွင့်နိုင်‌အောင်ကြိုတင်ပြင်ဆင်နေ တယ်လို့ ပြောပါတယ်။ အွန်လိုင်းမှာပျံ့နှံ့နေတဲ့ ၁၀ တန်းအောင်လက်မှတ် ထုတ်ပေးမယ်ဆိုတာကလည်း သတင်းအမှားဘဲဖြစ်ပြီး တကယ်ထုတ်ပေးမယ့်အချိန်ကို မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ကြေညာမယ်လို့ ဦးကိုလေးဝင်းက ပြောပါတယ်။ မြန်မာတနိုင်ငံလုံးက ခြေခံပညာကျောင်းတွေကို ကိုဗစ်‌ရောဂါကူးစက်မှုတွေကြောင့် ကျောင်းဖွင့်ချိန်ထက် ၁ လ နောက်ကျပြီး ဇူလိုင်လ ၂၁ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး ကိုဗစ်‌ရောဂါ တ‌ကျော့ပြန်ကူးစက်မှု‌တွေ‌ကြောင့် အခြေခံပညာအစိုးရအထက်တန်းကျောင်း၊ ဘုန်းတော်ကြီး ပညာသင်ကျောင်းနဲ့ကိုယ်ပိုင်ကျောင်းအားလုံးကို ဩဂုတ်လ ၂၇ ရက်နေ့ကစတင်ပြီး ယာယီ အကန့်အသတ်မရှိ ပိတ်သွားမယ်လို့ ထုတ်ပြန်ကြေညာခဲ့တာပါ။ သတင်း - ခင်ငြိမ်းချမ်း
2 months Ago

April 15, 2020

အွန်လိုင်းတွင်ပျံ့နေသည့် ဒုသမ္မတ၏ဓာတ်ပုံ COVID-19 မတွေ့ခင်က ရိုက်ထားခြင်းဖြစ်    

လတ်တလောလူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ဓာတ်ပုံပါ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူနဲ့ ဘာသာရေးအဖွဲ့အစည်းဝင် တဦးတို့ရဲ့ တွေ့ဆုံမှုဟာ ဖေဖော်ဝါရီ ၈ ရက်နေ့ကတည်းက ဖြစ်ပြီး အချိန် ၂ လကျော်ကြာသွားပြီ ဖြစ်တယ်လို့  အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။ COVID-19 ဟာ မြန်မာနိုင်ငံမှာ မတ်လ ၂၁ ရက်နေ့မှာမှ စတင် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ဓာတ်ပုံပါ တွေ့ဆုံမှုဟာ ဖေဖော်ဝါရီလ ၈ ရက်နေ့ ဖြစ်ပြီး ပြန်ကြည့်ရင် Case 1 မတွေ့မီ ၄၂ ရက်အကွာမှာ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် အချိန်ကာလအားဖြင့် ၂ လကျော် ကြာမြင့်ပြီဖြစ်သော်လည်း ဓာတ်ပုံပါပုဂ္ဂိုလ် COVID-19 စစ်ဆေးချက် Positive တွေ့ရှိပြီးတဲ့နောက် ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုတွေ ပြေပျောက်အောင်၊ စိုးရိမ်ပူပန်သူတွေ သံသယကင်းရှင်းအောင် ဒုတိယသမ္မတကြီး၊ သူ့မိသားစုနဲ့ အနီးကပ်တာဝန်ထမ်းဆောင်သူ အားလုံး အခုလို ဆေးစစ်ခံခဲ့တာ ဖြစ်ပါတယ်။  ရန်ကုန်မြို့မှာ ဘာသာရေးအဖွဲ့အစည်းဝင်တချို့ COVID-19 Positive ဖြစ်ကြောင်း တွေ့ရှိပြီးနောက်မှာ အဆိုပါ ဘာသာရေးအဖွဲ့ဝင်တွေနဲ့ ဆက်စပ်မှုရှိတဲ့ ဒုတိယသမ္မတ ၂ နဲ့ မိသားစုဝင်တွေ၊ အနီးကပ်ထိတွေ့ရတဲ့ မိသားစုဝင်တွေကို မနေ့က ဓာတ်ခွဲနမူနာယူ စစ်ဆေးခဲ့ပါတယ်။ ဒီနေ့ ဧပြီလ ၁၅ ရက်နေ့မနက်အစောပိုင်းမှာ ဆေးစစ်ချက် အဖြေရရှိခဲ့ပြီး ဓာတ်ခွဲနမူနာယူ စစ်ဆေးခဲ့သူ ၃၂ ဦးစလုံး ရောဂါပိုးမတွေ့ရှိရတဲ့အကြောင်း အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေဆိုခဲ့တာပါ။ COVID-19 ဖြစ်ပွားနေချိန်မှာ ပြည်သူတွေအနေနဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာကြဖို့ ဒုတိယသမ္မတ ၂ ဦးဟင်နရီဗန်ထီးယူက သတင်းစကားပါးလိုက်တယ်လို့လည်း အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။ “နိုင်ငံတာ်အကြီးအကဲတွေရဲ့ ကျန်းမာရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေအတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း၊ COVID-19 ကူးစက်မှု ဖြစ်ပွားနေတဲ့အချိန်မှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ချမှတ်တဲ့ စည်းမျဉ်းစည်းကမ်း တွေကို လိုက်နာကြစေလိုကြောင်းလည်း ဒုတိယသမ္မတကြီးက စကားပါးလိုက်ပါတယ်" ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့မနက်ပိုင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၇၄ ဦးရှိပြီး ၄ ဦး သေဆုံးကာ  ပြန်ကောင်းလာသူ ၂ ဦး ရှိတယ်လို့ သိရပါတယ်။ ဖြိုးသက်ပိုင်မြင့်(နေပြည်တော်)
11 months Ago
Up