အွန်လိုင်းက သင်တန်းပို့ချ

December 1, 2020

မကွေးတိုင်းတွင် SME လုပ်ငန်းများကို အွန်လိုင်းက သင်တန်းပို့ချ၊ ဈေးကွက်ချိတ်ဆက်ပေးနေ

မကွေးတိုင်းမှာ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်း(SME) အသင်းဝင်ကတ် ရှိသူ ၃,၀၀၀ ကျော်ရှိနေပြီး အားလုံးကို အွန်လိုင်းကနေ သင်တန်းတွေ ပို့ချပေးတဲ့အပြင် စျေးကွက်ချိတ်ဆက်မှုတွေကိုပါ လုပ်ဆောင်ပေးနေတယ်လို့ တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေး ဦးစီးဌာနကနေ သိရပါတယ်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေပေမယ့် များသောအားဖြင့် အသေးစားအလတ်စား လုပ်ငန်းတွေက ထွက်ရှိလာတဲ့ကုန်ပစ္စည်းတွေဟာ ပြည်သူတွေရဲ့ နေ့စဉ်လိုအပ်ချက်တွေ ဖြစ်နေတာကြောင့် ရပ်တန့်ထားလို့မရဘူးလို့  လုပ်ငန်းရှင်တွေက ဆိုပါတယ်။   မကွေးမြို့က ခေါက်ဆွဲစက်လုပ်ငန်းရှင် မစောစန္ဒာလင်းက "ကိုဗစ်ကာလအတွင်းမှာ စားသောက်ကုန်လုပ်ငန်းတွေဟာ ပုံမှန် အချိန်ထက် ထက်ဝက်ကျော်လောက် ကျဆင်းသွားပြီးတော့ ကျေးရွာတွေမှာ အလှူအတန်း၊ ပွဲလမ်းသဘင်တွေ ရပ်နားထားတာကြောင့်ဖြစ်တယ်။ ဒါ့အပြင် မော်တော်ယာဉ်လိုင်းတွေ ရပ်နားလိုက်တာကြောင့် ကုန်စည်စီးဆင်းမှု အခက်ခဲဖြစ်ပြီးတော့ မြို့ပေါ်လောက်သာ ဖြန့်ဖြူးနေရတဲ့အတွက် ထက်ဝက်ကျော်ခန့် လျော့ကျသွားတာ”လို့ ဆိုပါတယ်။ မကွေးမြို့က အလှပြင်လုပ်ငန်းလုပ်ကိုင်သူ မခင်သန္တာအောင်က "အလှပြင်လုပ်ငန်းတွေဟာ လည်း ကိုဗစ်-၁၉ ပထမလှိုင်းမှာ ၂ လနဲ့ ဒုတိယလှိုင်းမှာလည်း ၂ လလောက် ပိတ်ထားခဲ့ရတဲ့အတွက် ထိခိုက်နစ်နစ်ခဲ့ရပြီးတော့ လက်ရှိအချိန်မှာတော့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ  အွန်လိုင်းသင်တန်းတွေတက်ရောက်ပြီး စနစ်တကျ လုပ်ကိုင်နေ တယ်လို့" ပြောပါတယ်။ ကိုဗစ်-၁၉ ကပ်ဘေးကာလအတွင်းမှာ ထိခိုက်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းတွေကို ပြန်လည်ကုစားတဲ့ အစီအစဉ်အဖြစ်  နိုင်ငံတော်ကလည်း  အတိုးနှုန်းသက်သာစွာနဲ့ ကျပ်ဘီလီယံ ၂၀၀ ထုတ်ချေးပေးနေတာရှိပါတယ်။ မကွေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်မြင့်မြင့်သိန်းက "မြန်မာနိုင်ငံအနေနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ အခြေနေကြောင့် စီးပွားရေးလုပ်ငန်း တော်တော်များများထိခိုက်နေတာကြောင့် ပထမအသုတ်မှာ ကျပ်ဘီလီယံ ၁၀၀ ထုတ်ချေးပေးခဲ့ ပြီးတော့ ဒုတိယအသုတ် ကျပ်ဘီလီယံ ၁၀၀ အနက် ၆၀ ရာခိုင်နှုန်း ထုတ်ချေးထားပြီးဖြစ်တယ်"လို့ ဒီဗွီဘီကိုပြောပါတယ်။  သတင်း-မင်းထီး
5 months Ago
Up