ငွေအလွယ်နည်းနဲ့ ရဖို့အတွက် တရုတ်နိုင်ငံက ကျောင်းသားတချို့ စွဲဆောင်ခံရမှုဟာ တိုးမြင့်နေပြီး ကျောင်းသားတွေရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေမှာပါ အန္တရယ်ဖြစ်လာနေတယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြထားပါတယ်။
အခုအပတ်အစောပိုင်းမှာပဲ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းတွေက ဒါဇင်ပေါင်းများစွာသော အမျိုးသမီးတွေရဲ့ ငွေကြေးအတွက် လိင်ပိုင်းဆိုင်ရာ ပြုမှုထားတဲ့ ဓာတ်ပုံတွေနဲ့ ဗွီဒီယိုတွေ အွန်လိုင်းမှာ ထွက်ပေါ်လာခဲ့ပါတယ်။
အမျိုးသမီး ၄၀ လောက်ရဲ့ အဝတ်အစားမပါဘဲ လိင်စိတ်ဖြေဖျောက်နေကြတဲ့ ဓာတ်ပုံတွေနဲ့ ဗွီဒီယိုတွေအပါအဝင် အခြားကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်တွေ အင်တာနက် စာမျက်နှာပေါ်မှာ ထွက်ပေါ်လာတာပါ။
အမျိုးသမီးအားလုံးဟာ ကျောင်းသူတွေဖြစ်ပြီး သူတို့ရဲ့အကြွေးတွေအတွက် လူမှုကွန်ရက် ဆိုဒ်တခုဖြစ်တဲ့ QQ ကတဆင့် သူတို့ရဲ့ ညစ်ညမ်းပုံတွေနဲ့ဗွီဒီယိုတွေကို ရောင်းချခဲ့တာပါ။
၂၀ ရာခိုင်နှုန်းလောက်ရှိတဲ့ အတိုးနဲ့အတူ အရင်းကို ဆပ်ပြီးချိန်အထိ ဒီညစ်ညမ်းဗွီဒီယိုတွေကို အာမခံအဖြစ်ထားရှိမယ်လို့ အမျိုးသမီးတွေကို ပြောခဲ့တာပါ။
“Naked Loan” လို့ လူသိများတဲ့ ဒီလုပ်နည်းလုပ်ဟန်အသစ်ဟာ သူတို့ရဲ့ငွေကြေး အသုံးအစွဲကြီးတဲ့ အကျင့်ကြောင့် ငွေအသေအလဲလိုနေတဲ့ တရုတ်မိန်းကလေးငယ်တွေအတွက် ငွေအလွယ်တကူရဖို့ နည်းလမ်းဖြစ်နေတာပါ။
အမျိုးသမီးတော်တော်များပြောတာက သူတို့က ကင်မရာတွေ၊ ဖုန်းတွေ၊ အဝတ်အစားတွေ၊ အလှကုန်ပစ္စည်းတွေ ဝယ်ဖို့ ငွေတွေကို သုံးရတယ်လို့ ဆိုကြောင်း Vice China သတင်းအရ သိရပါတယ်။
ငွေရှာနေတဲ့ အမျိုးသမီးငယ်တွေကို ပစ်မှတ်ထားတဲ့ QQ လို လူမှုကွန်ရက် စာမျက်နှာတွေဟာ အွန်လိုင်းအုပ်စုတွေအနေနဲ့ အများအပြားရှိနေတာပါ။
ဒီလိုအွန်လိုင်းအုပ်စုတွေက ကျောင်းသူတွေကို သူတို့ရဲ့မှတ်ပုံတင်ကတ်နဲ့အတူ အဝတ်မပါတဲ့ ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေကို ရမယ်ဆိုရင် ယွမ် ၁ သောင်းအထိ အကြွေးပေးဖို့ ကမ်းလှမ်းတာပါ။ ဒါပေမယ့် အကြွေးကိုတော့ အတိုးနဲ့အတူ တလအတွင်း ပေးရတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် အမျိုးသမီးတွေက အကြွေးကို အချိန်မီမပေးတော့တဲ့အခါ အွန်လိုင်းက ငွေချေးသူတွေက စိတ်ဆိုးလာကြပြီး သူတို့ရဲပုံတွေကို အင်တာနက်စာမျက်နှာထက်မှာ ထုတ်ဖော်လာတာလို့ သိရပါတယ်။
“ကျောင်းသူတော်တော်များများက အကြွေးပြန်မဆပ်လို့ ဒီလိုဖြစ်တာ” လို့ အွန်လိုင်းမှာ ငွေချေးသူတဦးက ဘေဂျင်တိုင်းမ်သတင်းဌာနကို ပြောလိုက်ပါတယ်။
ဒီလိုငွေချေးတဲ့လုပ်ငန်းတွေက တော်တော်များပြားလာပါတယ်။ ငွေချေးတဲ့သူတွေကလည်း လမ်းညွှန်ချက်အသစ်တွေနဲ့အတူ အမျိုးသမီးတွေ ဒီလိုပုံတွေပို့ဖို့ စည်းမျဉ်းစည်းကမ်းချမှတ်ထားပါတယ်။

တကယ်လို့ အမျိုးသမီးတွေ အကြွေးမပေးရင် သူငယ်ချင်းတွေ မိသားစုဝင်တွေအပါအဝင် သူတို့ရဲ့အဆက်အသွယ်စာရင်းတွေဆီကို ပုံတွေဖြန့်ဝေမယ်၊ တပုံစီကို ယွမ် ၃၀ ဆီနဲ့ ရောင်းချမယ်လို့ ခြိမ်းခြောက်ထားကြောင်း သိရပါတယ်။
6 years Ago