ထိုင်းနိုင်ငံမှာ ဖေ့စ်ဘွတ်ခ်အွန်လိုင်းပေါ်ကနေ ဘတ်သန်းပေါင်း ၁၀၀ ကျော်ယူပြီး ရွှေလိမ်ရောင်းတဲ့ အမျိုးသမီးတဦးကို ဖမ်းဆီးရမိပြီလို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ဖတ်ခ်ျာယားဖား ခုန်းဆိုင်ဆိုတဲ့ အမည်နဲ့ ဖေ့စ်ဘုတ်အကောင့်ဖွင့်ထားတဲ့ အမျိုးသမီးဟာ အွန်လိုင်းကနေပြီး ရွှေအစစ်တွေကို လက်ရှိပေါက်ဈေးထက် ငါးဆယ်ရာခိုင်နှုန်းလျော့ဈေးနဲ့ ရောင်းချခဲ့ပါတယ်။
သူ့ရွှေတွေဟာ တကယ့်ရွှေအစစ်တွေဖြစ်တာကြောင့် မှာယူသူတွေက တဆင့်ပြန်ရောင်းတော့ အမြတ်အစွန်းတွေရခဲ့ကြောင်း၊ ၀ယ်ယူအားပေးသူတွေ များသထက်များလာပြီး ဘဏ်ကနေ လွှဲပေးတဲ့ငွေပေါင်း ဘတ်သန်းပေါင်း တစ်ထောင်ကျော် ရလာတဲ့အခါ ဆက်သွယ်လို့မရတော့ဘဲ ဖေ့စ်ဘွတ်ခ်အကောင့်ပါပိတ်ပြီး တိမ်းရှောင်နေလို့ နစ်နာသူတွေက သက်ဆိုင်ရာရဲစခန်းမှာ သွားရောက်တိုင်ကြားခဲ့ကြတာပါ။
သူမရဲ့ လိမ်လည်မှု ခံခဲ့ရသူပေါင်း ၁၀၀ ကျော်ရှိပြီး သူ့ကိုဖမ်းမိလို့ သတင်းစာရှင်းပွဲ လုပ်စဉ်မှာတော့ အလိမ်ခံရသူ ၄ ဦးက သက်သေအဖြစ် လာရောက်ထွက်ဆိုခဲ့ကြပါတယ်။
အသက် ၂၉ နှစ်ရွယ်ရှိ နန်းဆောဝ်ဖတ်ခ်ျယားဖား ခုန်းဆိုင် ခေါ် ကျဲန့် ဆိုတဲ့ အမျိုးသမီးကို တာဝန်ရှိရဲတပ်ဖွဲ့ဝင်တွေက သူ့အမျိုးသားနေရပ်ဖြစ်တဲ့ ထိုင်းမြောက်ပိုင်း လမ်းပန်းခရိုင် ကော်ခါမြို့မှာ ဖမ်းဆီးရမိခဲ့ကြောင်း အမှတ် ၄ တိုင်းဒေသရဲတပ်ဖွဲ့က ဒီကနေ့ သတင်းစာရှင်းပွဲလုပ်ခဲ့ပါတယ်။
ခိုလပ်နယ်မြေရဲစခန်းက သူမကို လိမ်လည်မှု၊ ကွန်ပျူတာဥပဒေတွေနဲ့ အမှုဖွင့်အရေးယူသွားမှာဖြစ်ပြီး ဒီဖြစ်စဉ်မှာ အခြားသူတွေလည်း ပူးပေါင်းချိတ်ဆက်ပါဝင်နိုင်လို့ အားလုံးကို ဖမ်းဆီးအရေးယူနိုင်ဖို့ ဆက်လက်စုံစမ်းဖော်ထုတ်သွားမယ့်အကြောင်း ရဲမှူးကြီး စူရချိုင်း ခုန်းတေချခုပ်က သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။
3 years Ago