အွန်လိုင်းစနစ်သစ်

August 15, 2018

အွန်လိုင်းစနစ်သစ်ဖြင့် နှစ်ပတ်အတွင်း ကုမ္ပဏီပေါင်း ၁၂၀၀ ကျော်မှတ်ပုံတင်

အွန်လိုင်းမှတ်ပုံတင်စနစ်နဲ့ သီတင်းနှစ်ပတ်အတွင်းမှာ ကုမ္ပဏီပေါင်း ၁၂၀၀ ကျော်ကို မှတ်ပုံတင်ပေးနိုင်ခဲ့တယ်လို့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။ အသစ်ထူထောင်တဲ့ ကုမ္ပဏီ ၄၀၀ ကျော်နဲ့ အရင်ရှိပြီးသား ပြန်လည်မှတ်ပုံတင်တဲ့ ကုမ္ပဏီ ၈၀၀ ကျော်တို့ ဖြစ်ပြီး မြန်မာနိုင်ငံမှာ ပထမဆုံး အွန်လိုင်းသီးသန့် အသုံးပြုတဲ့ ရုံးလုပ်ငန်းစနစ်နဲ့ အစိုးရက ဝန်ဆောင်မှုပေးထားတာ ဖြစ်တယ်လို့ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက  ပြောပါတယ်။ အွန်လိုင်းစနစ် စသုံးချိန်မှာ အသုံးပြုသူ များပြားခဲ့တာကြောင့် နည်းပညာပိုင်း အခက်အခဲ ဖြစ်ပေါ်ခဲ့ပေမယ့် လက်ရှိမှာ ပြင်ဆင်ပြီး ကောင်းမွန်စွာ သုံးစွဲနိုင်ပြီလို့ ဆိုပါတယ်။ မြန်မာပြည်မှာ ကုမ္ပဏီပေါင်း ၆၀၀၀၀ ကျော် တည်ထောင်ထားတာကြောင့် ကုမ္ပဏီ ဥပဒေသစ်အရ ခြောက်လအတွင်း ပြန်လည်မှတ်ပုံတင်ရမယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။
3 years Ago

August 1, 2018

အွန်လိုင်းစနစ်သစ်ဖြင့် မှတ်ပုံတင်သည့်ကုမ္ပဏီ များပြားလွန်းသဖြင့် ဝက်ဘ်ဆိုက်ကျသွား

အွန်လိုင်းကနေ ကုမ္ပဏီတွေ မှတ်ပုံတင်ရမယ့် စနစ်သစ်ကို ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက ဒီကနေ့ သြဂုတ် ၁ ရက်က စတင်လိုက်ချိန်မှာ ဝက်ဘ်ဆိုက်ကို ဝင်ရောက်သူ အလွန်များပြားတာကြောင့် နည်းပညာပြဿနာ ဖြစ်ပေါ်နေပါတယ်။ အွန်လိုင်းကနေ ကုမ္ပဏီမှတ်ပုံတင်ဖို့ www.myco.dica.gov.mm ဝက်ဘ်ဆိုက်ကို လူဦးရေ သောင်းနဲ့ချီပြီး ဝင်ရောက်မှတ်ပုံတင်ကြတာကြောင့် ဝက်ဘ်ဆိုက်စနစ် ချို့ယွင်းသွားပါတယ်။ ဒီကနေ့မှာ အွန်လိုင်းကနေ ကုမ္ပဏီမှတ်ပုံတင်လိုသူတွေအနေနဲ့ ဝက်ဘ်ဆိုက်ထဲ ဝင်ရောက်ရာမှာ အမြန်နှုန်းကျဆင်းသွားနဲ့ ဝက်ဘ်ဆိုက် ဖွင့်မရဘဲ ကျနေတာတွေလည်း ကြုံတွေ့ခဲ့ကြရပါတယ်။ အဆိုပါအခက်အခဲကို ဖြေရှင်းနိုင်ဖို့ ပညာရှင်တွေနဲ့ ဌာနဝန်ထမ်းတွေ ပူးပေါင်းကြိုးပမ်းဆောင်ရွက်နေပြီး နာရီအနည်းငယ်ကြာရင် အဆင်ပြေသွားမယ်၊ အသုံးပြုသူတွေ အဆင်မပြေခဲ့ရတဲ့အတွက် တောင်းပန်တယ်လို့ ညွှန်ကြားရေးမှူးချုပ်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
3 years Ago
Up