အွန်လိုင်း

December 15, 2018

အွန်လိုင်းတရားမ၀င် ရောင်းချနေမှု စိစစ်အရေးယူပေးရန် ဒုသမ္မတထံ တင်ပြ

အွန်လိုင်းမှာ တရားမ၀င် ရောင်းဝယ်နေတာတွေကို စိစစ်အရေးယူပေးဖို့ မြန်မာနိုင်ငံအလှကုန် အသင်းဥက္ကဋ္ဌက ဒုသမ္မတဦးမြင့်ဆွေထံ တင်ပြလိုက်ပါတယ်။ ဒီဇင်ဘာ ၁၄ ရက်က ရန်ကုန်၊ ကုန်သည်စက်မှုအသင်းချုပ်ရုံးမှာ လုပ်ခဲ့တဲ့ နိုင်င်ငံတော်ဒုတိယသမ္မတ (၁) ဦးဆောင်တဲ့ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီနဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲမှာ တင်ပြခဲ့တာပါ။ မြန်မာနိုင်ငံအလှကုန်အသင်း ဥက္ကဋ္ဌ ဦးကျော်မင်းက အွန်လိုင်းက တရားမဝင်ရောင်းချနေတာတွေကို စနစ်တကျစိစစ်ပြီး စားသုံးသူအကာအကွယ်ပေးရေး ဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်း အရေးယူခြင်းများ မရှိသေးတဲ့အတွက် တရားမဝင် ရောင်းချနေတဲ့ ဈေးကွက်ဟာ နေ့စဉ်နဲ့အမျှ ကြီးထွားလာနေတယ်။ နိုင်ငံတော်အနေနဲ့လည်း အခွန်ဘဏ္ဍာငွေများ ဆုံးရှုံးနေပြီး တချို့ တရားမဝင်ပစ္စည်းတွေမှာ အသားအရေကို အန္တရာယ်ဖြစ်စေနိုင်တဲ့ ဓာတုကုန်ပစ္စည်းတွေ  ထည့်သွင်းထုတ်လုပ်ထားတယ်။ ဒါ့ကြောင့် အွန်လိုင်းမှာ တရားမဝင်ရောင်းချနေတာတွေကို သက်ဆိုင်ရာဌာနများအနေနဲ့ အမြန်ဆုံး ပူးပေါင်းညှိနှိုင်းစိစစ်အရေးယူဆောင်ရွက်ပေးပါလို့ ဒုတိယသမ္မတထံ တင်ပြခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတော် ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေ ဦးဆောင်တဲ့ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနဲ့ ပုဂ္ဂလိကကဏ္ဍ လုပ်ငန်းရှင်တွေဟာ လစဉ်ပုံမှန်တွေ့ဆုံဆွေးနွေးနေကြတာဖြစ်ပြီး အခုတွေ့ဆုံမှုဟာ ၂၂ ကြိမ်မြောက်ဖြစ်တယ်လို့ ကုန်သည်စက်မှုအသင်းချုပ်က သတင်းထုတ်ပြန်ပါတယ်။
3 years Ago

July 31, 2018

SME Member ကတ်များ အွန်လိုင်းက လျှောက်ထားနိုင်

အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းဥပဒေနဲ့ အကျုံးဝင်တဲ့ ပြည်တွင်းက စီးပွားရေးလုပ်ငန်းတွေကို SME Member ကတ်တွေ ထုတ်ပေးနေရာမှာ အခုဆိုရင် အွန်လိုင်းကနေ လျှောက်ထားနိုင်ပြီလို့ အသေးစားနဲ့ အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာနက ကြေညာပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့ SME Member ကတ်တွေကို သက်ဆိုင်ရာ တိုင်း၊ ပြည်နယ်၊ ခရိုင် စက်မှုကြီးကြပ်ရေးနဲ့ စစ်ဆေးရေးဦးစီးဌာနရုံးတွေမှာ သွားလျှောက်နိုင်သလို http://www.moismeregister.gov.mm ကနေလည်း လျှောက်ထားနိုင်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုဌာန ညွှန်ကြားရေးမှူး ဒေါ်နိုင်နိုင်လင်းက “လုပ်ငန်းရှင်တွေက ချေးငွေ လျှောက်မယ်ဆိုရင် ထောက်ခံစာလိုပြီး အခုလို  အဖွဲ့ဝင်ကတ်ရှိတဲ့သူတွေဆိုရင် ပိုပြီး မြန်မြန်ရတာပေါ့။ ကတ်တွေက ၂၀၁၆ ခုနှစ်ကတည်းက ထုတ်ပေးလာခဲ့တာ။ အခုတော့ အွန်လိုင်းကနေ လျှောက်နိုင်တော့ ကိုယ့်အိမ်ကနေပြီးတော့လည်း လျှောက်နိုင်ပြီလေ။ အဓိက ကတော့ Credit Guarantee Insurance ချေးငွေ သိန်း ၂၀၀ က ကတ်ရှိတဲ့သူကိုပဲ ပေးတာပါ” လို့ ပြောပါတယ်။ ဒီကတ်နဲ့ပဲ အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းအနေနဲ့ အသိအမှတ်ပြုတာဖြစ်ပြီး လျှောက်မယ့်သူတွေဟာ သက်ဆိုင်ရာ လုပ်ငန်းလိုင်စင်ကတော့ ရှိပြီး ဖြစ်ရပါမယ်။ ထုတ်လုပ်တဲ့ လုပ်ငန်းတွေအနေနဲ့ ဝန်ထမ်း ၅၀ နဲ့အောက်ရှိမယ်ဆိုရင် အသေးစား၊ ၅၁ ကနေ ၃၀၀ အထိကို အလတ်စား၊ လက်ကားနဲ့ လက်လီရောင်းဝယ်ရေးနဲ့ တခြားလုပ်ငန်းတွေကတော့ ဝန်ထမ်း ၃၀ နဲ့အောက်ရှိမယ်ဆိုရင် အသေးစား၊ ၃၁ ယောက်ကနေ ၆၀ အထိရှိမယ်ဆိုရင် အလတ်စားလုပ်ငန်းလို့ သတ်မှတ်ထားပါတယ်။ ဝန်ဆောင်မှုလုပ်ငန်းတွေကတော့ ဝန်ထမ်း ၃၀ နဲ့အောက်ရှိမယ်ဆိုရင် အသေးစား၊ ၃၁ ယောက်ကနေ ၁၀၀ အထိကို အလတ်စားလို့ သတ်မှတ်ထားပါတယ်။
3 years Ago
Up